မေ ၂၈ – ၂၀၂၅
SS (VOM)
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၈ ရက်၊ ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ အားကောင်းတဲ့အဆင့်ကို ရောက်ရှိနေပြီး မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနိုင်ကာ ပိုမို အားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
“လေဖိအားနည်းရပ်ဝန်းက အခုဆို အားကောင်းတဲ့ အဆင့်ကိုရောက်ပြီ။ မနက်ဖြန် (မေ ၂၉ ရက်) ဆိုရင်တော့ မုန်တိုင်းငယ်ဖြစ်နိုင်တယ်။ မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဆင့်အထိတော့ အားကောင်းမယ့် အခြေအနေမျိုး မရှိဘူးပေါ့။ ဆိုင်ကလုန်းမုန်တိုင်းဆိုတာ အမည်ပေးတဲ့မုန်တိုင်း။ အဲဒီအဆင့် ရောက်နိုင်ဖို့တော့ လတ်တလော ခန့်မှန်းချက်အရ မရှိဘူး၊ ဖြစ်နိုင်ခြေလည်း နည်းတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ အခြေအနေတွေနဲ့ ပတ်သက်လို့ အထူး သတိထားသင့်တဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ (အနောက်ခြမ်း)၊ ဘင်္ဂလားပင်လယ်အော်နဲ့ အနားသတ် ကမ်းရိုးတန်းဒေသတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရခိုင်ကမ်းရိုးတန်းနဲ့ နီးတဲ့ မကွေးတို့ဘာတို့မှာလည်း မိုးက များနိုင်တာဆိုတော့ သတိထားဖို့ လိုတယ်။ မြန်မာနိုင်ငံ (အရှေ့ခြမ်း) ဒေသတွေကတော့ သက်ရောက်မှု နည်းတယ်။ ကျန်တဲ့ ဒေသတွေပေါ့ မြန်မာနိုင်ငံ (မြောက်ပိုင်း)၊ အနောက်ဘက်ပိုင်း ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်း၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒါတွေကတော့ နေရာကွက်ပြီး မိုးကြီးတာတွေ ရှိတယ်။ နောက်ရက်တွေမှာလည်း မိုးက ဆက်ဦးမှာ” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်မှာတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရက်ပေါင်း ၂၂ ရက်မှ ၂၇ ရက်ခန့်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ၁၆ ရက်မှ ၂၁ ရက်ခန့်၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
“လက်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဆင့်မှာတင် မုတ်သုံကလည်း အားကောင်းနေတယ်။ ဒီအခြေအနေက မုန်တိုင်းငယ်အဆင့် ရောက်ရင်တော့ မုတ်သုံက ဆက်ပြီး အားကောင်းနေဦးမယ်။ အဲဒါကြောင့် မိုးကတော့ ရွာဦးမယ်။ မေလကုန် ၃၀ ရက်လောက်မှာတော့ မုန်တိုင်းငယ်က ကုန်းထဲကို ရောက်သွားဖို့ရှိတယ်။ မြန်မာနိုင်ငံဘက်ကိုတော့ တိုက်ရိုက် လာဖို့တော့ မရှိဘူးပေါ့။ သူ့ရဲ့အရှိန် မုတ်သုံ အားကောင်းပြီး မိုးကတော့ များမှာပါ” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
အဲဒီလို မိုးရွာသွန်းမှု များနိုင်တာနဲ့အမျှ မြစ်ရေတွေလည်း မြင့်တက်လာနိုင်တဲ့အတွက် ရေကြီး၊ ရေလျှံမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
မြစ်ရေအခြေအနေ ခန့်မှန်းချက်တွေအရ လက်ရှိမှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ လက်ရှိ ရေမှတ်တွေထက် ၁၁ ပေမှ ၁၅ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ လက်ရှိ ရေမှတ်တွေထက် ၁၀ ပေမှ ၁၅ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အလားတူ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၇ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၃ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၅ ပေမှ ၇ ပေခန့် မြင့်တက်လာနိုင်သလို စစ်တောင်းမြစ်ရေဟာလည်း တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၃ ပေမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေ ရွှေကျင်မြို့မှာ ၄ ပေခန့်၊ ပဲခူးမြစ်ရေ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၅ ပေမှ ၈ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ ၇ ပေခန့်၊ သောင်ရင်းမြစ်ရေ မြဝတီမြို့မှာ ၇ ပေခန့်၊ ငဝန်မြစ်ရေ ငါးသိုင်းချောင်းမြို့မှာ ၁၀ ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၄ ပေခန့်စီ မြင့်တက်လာနိုင်သလို တိုးမြစ်ရေဟာလည်း မအူပင်မြို့မှာ ၃ ပေခန့်၊ ဘီးလင်း မြစ်ရေ ဘီးလင်းမြို့မှာ ၅ ပေခန့် လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုး/ဇလ