ပန်းကလေးတွေရဲ့ အနာဂတ်

AT
မြန်မာနိုင်ငံမှာ နှစ်စဉ် မေလ နောက်ဆုံးသီတင်းပတ်ဟာ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်ပြီး ဇွန်လဆန်းမှာတော့ အခြေခံပညာ စာသင်ကျောင်းတွေ စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
နစက ထိန်းချုပ်ဒေသတွေမှာ ကျောင်းအပ်လက်ခံနေသလို အတိုက်အခံ NUG အသိအမှတ်ပြုကျောင်းတွေမှာလည်း ကျောင်းအပ်လက်ခံနေတာကို တွေ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသအချို့မှာတော့ တိုင်းရင်းသားအဖွဲ့တွေ စီမံခန့်ခွဲနေတဲ့ ကျောင်းတွေ ဖွင့်လှစ်နေတာကို တွေ့ရပါတယ်။
ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် အစိုးရ၊ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားဖို့ဆိုတဲ့ ဆောင်ပုဒ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပါပြီလား။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ စီမံ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ကရော ဘယ်လိုတွေ ဖြစ်မှာပါလဲ။
ကျဆင်းနေဆဲ ကျောင်းနေအရွယ်ကလေး ကျောင်းတက်ရောက်နိုင်မှုပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မူလတန်းကနေ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၆.၅ သန်း တက်ရောက်ခဲ့တယ်လို့ နစက ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
နစက ထိန်းချုပ်ဒေသမှာ ရှိတဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ တက်ရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက် ဖြစ်ပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်က တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတက်ရောက်သူ ဦးရေ ၉သန်းကျော်ကနေ ကျဆင်းသွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးတွေ ကျောင်းမတက်ရောက်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းရှိရာက ၂၀၂၄ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
ကျေးလက်ဒေသက ကလေးတွေဟာ မြို့ပြနဲ့ နှိုင်းယှဉ်ရင် ကျောင်းမတက်ရောက်မှု ပိုမိုများပြားပြီး ကျေးလက်ကလေးငယ် ၂၂ ရာခိုင်နှုန်းနဲ့ မြို့ပြကလေးငယ် ၁၇ ရာခိုင်နှုန်းဟာ ကျောင်းမတက်ရောက်နိုင်တာ၊ ကျောင်းထွက်ရတာတွေ ကြုံတွေ့နေရပါတယ်။
အသက်အရွယ်အရကြည့်ရင် အသက် ၅နှစ်အရွယ် ကလေးတွေရဲ့ ၃ပုံ ၁ပုံဖြစ်တဲ့ ၃၇ ရာခိုင်နှုန်းဟာ ကျောင်းမတက်နိုင်ဘဲ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အထိ ကလေးတွေရဲ့ ၄၅ ရာခိုင်နှုန်းက ကျောင်းမတက်နိုင်ပါဘူး။
ဒေသအလိုက်မှာတော့ စစ်ကိုင်းတိုင်းမှာ ကျောင်းမတက်ရောက်နိုင်တဲ့ ကလေးအများဆုံးဖြစ်ပြီး မူလတန်းအဆင့် ကျောင်းနေအရွယ်ကလေးတွေရဲ့ ၂၀ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်မှာ ၄၀ ရာခိုင်နှုန်းနဲ့ အထက်တန်းအဆင့်မှာ ၆၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ကျောင်းမတက်နိုင်ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ ဆင်းရဲမွဲတေမှု၊ ကိုဗစ်ကူးစက်မှု၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု၊ စာသင်ကျောင်းတွေကို တိုက်ခိုက်မှု၊ မီးရှို့ ဖျက်ဆီးမှုတွေ ပါဝင်နေတာပါ။
အဖွဲ့အစည်းအသီးသီး၊ ကျောင်းအသီးသီး
နစက ထိန်းချုပ်ဒေသတွေမှာ ဖွင့်လှစ်တဲ့ အစိုးရကျောင်းတွေကို မတက်ရောက်လိုသူတွေအတွက် NUG က အသိအမှတ်ပြုထားတဲ့ ကြားကာလ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားတာလည်း ရှိပါတယ်။
NUG ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ မေလအထိ ဖော်ပြတဲ့ စာရင်းတွေအရ အခြေခံပညာရေးကဏ္ဍမှာ ချိတ်ဆက်ဆောင်ရွက်နေတဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ (၃၀၅)ဖွဲ့၊ တိုင်ရင်းသား ပညာရေးအဖွဲ့အစည်း (၁၀)ခု၊ နယ်စပ်ဒေသပညာရေးကျောင်း (၃၈)ကျောင်း၊ ပြည်သူ့အခြေပြု Online ကျောင်း (၇၉)ကျောင်း၊ ပြည်သူ့အခြေပြု မြေပြင်ကျောင်း (၄,၅၁၅)ကျောင်း ရှိတယ်လို့ သိရပါတယ်။
အဆိုပါကျောင်းတွေမှာ သင်ယူသူ အခြေခံပညာအဆင့် ကျောင်းသားပေါင်း (၇၅၆,၂၈၈)ဦး ရှိပြီး သင်ကြားသူဆရာ၊ ဆရာမ (၆၃,၃၂၁)ဦး က တို့ပါဝင်သင်ကြားပေးနေတယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ လက်နက်ကိုင်အဖွဲ့တွေ စီမံကြတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
တအာင်းပြည် ပညာရေးကောင်စီ (TLEC) က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀) ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ/သား (၆၆၀၀၀) ကျော်နဲ့ ဆရာ/မ (၃၅၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။
အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာလည်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် နဲ့ မိုးမိတ် မြို့နယ်တို့မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း (၇၀၀) ကျော် ဆက်လက်ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ၇ ခရိုင် အတွင်းမှာတော့ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က တာဝန်ယူဖွင့်လှစ်နေတဲ့ စာသင်ကျောင်းပေါင်း ၁၀၀၀ ကျော်မှာ တက်ရောက်သူ ကျောင်းသား/ကျောင်းသူပေါင်း ၁၀၀၀၀ ကျော်နဲ့ ဆရာ/ဆရာမ ၇၀၀၀ ကျော် ရှိတယ်လို့ ဌာနအတွင်းရေးမှူး ပဒိုအယ်ကလူထူးက အခုနှစ် ဇန်နဝါရီလအတွင်း ပြောကြားထားပါတယ်။
KECD ကို ၁၉၄၇ ခုနှစ်မှာ KNU ဖွဲ့စည်းစဉ်ကတည်းက လက်အောက်ခံ ဌာနတခုအနေနဲ့ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က အခြေခံပညာ စာသင်ကျောင်းပေါင်း ၄၅၀ ကျော်ကို ဦးဆောင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အခြေခံပညာ စာသင်ကျောင်းပေါင်း ၄၅၀ ကျော် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/ကျောင်းသား ၅၀၀၀၀ နီးပါး တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။
ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC) က တာဝန်ယူဖွင့်လှစ်နေတဲ့ စာသင်ကျောင်းပေါင်း ၁၄၅ ကျောင်းလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ကလည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ဖယ်ခုံ၊ ဒီးမော့ဆို၊ ပင်လောင်းမြို့နယ်အတွင်းက အခြေခံပညာ စာသင်ကျောင်း ၆၀ မှာ ကယန်းစာပေ သင်ကြားရေးအတွက် စေတနာဝန်ထမ်း ဆရာ/ဆရာမ ၆၀ ဦး စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်တပ် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုမှာတော့ အာရက္ခပညာရေးကို ဖော်ဆောင်ဖို့ရှိနေပြီး အခုနှစ်အတွင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ကျင်းပပေးသွားမယ်လို့ သိရပါတယ်။
ကိုးကန့်အဖွဲ့ ထိန်းချုပ်တဲ့ အထူးဒေသ (၁) မှာလည်း ပြီးခဲ့တဲ့ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ခဲ့ပြီး အခုနှစ်မှာလည်း ဖွင့်လှစ်ဖို့ရှိနေတယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာ ဖွင့်လှစ်တဲ့ ကျောင်းတွေဟာ မိခင်ဘာသာစကား အသီးသီးကို အခြေပြုတဲ့ ပညာရေးစနစ်တွေ ဖြစ်တာကို တွေ့ရပါတယ်။
အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး
နစက ထိန်းချုပ်ဒေသတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတခုက ဆရာ/မ ဦးရေ နည်းပါးတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် ဝေးခံခေါင်းဖျားတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးလို ဒေသမျိုးမှာ ဆရာ မရှိတာကြောင့် ကျောင်းသားတွေအနေနဲ့ မြို့ပေါ်ဒေသတွေမှာ ပြောင်းရွှေ့နေထိုင်ပြီး ပညာသင်ယူကြရတာပါ။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကြောင့်လည်း စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်တာကို‌ တွေ့ရပါတယ်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ဟားခါးနဲ့ တီးတိန်မြို့နယ်တွေမှာပဲ စာသင်ကျောင်း ၃၈ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တက္ကသိုလ်ဝန်ထမ်း စာမေးပွဲမှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၁ မြို့နယ်မှာပဲ စာမေးပွဲကျင်းပနိုင်ခဲ့ပြီး ဖြေဆိုသူဦးရေ ၂ သိန်းကျော်သာ ရှိပါတယ်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝန်ထမ်း စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၉ သိန်း ၇ သောင်းကျော် ရှိခဲ့တာပါ။
နစက ထိန်းချုပ်နယ်မြေတွေ လျော့နည်းလာတာဟာလည်း တက္ကသိုလ်ဝန်ထမ်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ လျော့နည်းရခြင်းရဲ့ အကြောင်းရင်းတချက် ဖြစ်ပါတယ်။
NUG အွန်လိုင်းစာသင်ကျောင်း တက်ရောက်ကြတဲ့ ကျောင်းသားတွေဟာလည်း အချက်အလက် ပေါက်ကြားမှုကြောင့် အရေးယူခံရမယ့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
နစက က NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး NUG ကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသားတွေရဲ့ မိဘတွေကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာ၊ ဗုံးခွဲဖျက်စီးတာ၊ မီးရှို့တာနဲ့ စခန်းချနေရာလုပ်ထားတွေကလည်း ကလေးတွေ ကျောင်းမတက်နိုင်တဲ့ အဓိက အကြောင်းရင်းတခုအနေနဲ့ ရှိနေပါတယ်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စာသင်ကျောင်း ၂၄၅ ကျောင်း တိုက်ခိုက်ခံခဲ့ရပြီး ကျောင်းပေါင်း ၁၉၀ ကို စစ်ရေးအတွက် အသုံးချနေကြတယ်လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက်တဲ့ ပညာရေးအပေါ် တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာအဖွဲ့ (GCPEA) က ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းပြီး ဆင်းရဲမွဲတေတာဟာလည်း ကျောင်းမတက်ရောက်နိုင်ရတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းပဲ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ ၄၉.၅ ရာခိုင်နှုန်းလောက်ဟာ တရက်ကို အမေရိကန်ဒေါ်လာ ၇၆ ဆင့်လောက် ဝင်ငွေနဲ့ ရပ်တည်နေရတာပါ။
ပညာရေးထက် စစ်ရေးကို ပိုမို အလေးပေးနေတာကြောင့်လည်း အသုံးစရိတ် နည်းပါးပြီး ကျောင်းသားတွေဆီက အခကြေးငွေတွေ ကောက်ခံနေကြရတာ ဖြစ်ပါတယ်။
ကလေးတွေရဲ့ အနာဂတ် ဘယ်သူအာမခံမလဲ
နစက အသိအမှတ်ပြု အစိုးရ စာသင်ကျောင်းမဟုတ်ဘဲ NUG လက်အောက်ခံကျောင်းနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်ကြရတဲ့ ကလေးတွေရဲ့ ပညာဆက်လက် သင်ယူနိုင်ရေးဟာလည်း မရေရာလှပါဘူး။
ကျောင်းသားတွေအနေနဲ့ ရွေးချယ်စရာအဖြစ် NUG က ဖွင့်လှစ်ထားတဲ့ ကြားကလတက္ကသိုလ်တွေမှာ သင်ယူနိုင်ပေမယ့် မြေပြင်ကျောင်းတွေမဟုတ်ဘဲ အွန်လိုင်းက ဖြစ်တာကြောင့် အင်တာနက် ရရှိမှု အကန့်အသတ် များလှတဲ့ ပြည်တွင်းကနေ တက်ရောက်ဖို့ဟာ ခက်ခဲနေပါသေးတယ်။
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တအာင်းဒေသ၊ ကယန်းဒေသတွေမှာ တိုင်းရင်းသားအဖွဲ့တွေ စီမံတဲ့ တက္ကသိုလ်တွေ ဖွင့်လှစ်ထားပေမယ့် အခုအခြေအနေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တက်ရောက်နိုင်မှု နည်းပါနေပါသေးတယ်။
နိုင်ငံရပ်ခြားမှာ တက်ရောက်နိုင်ဖို့လည်း ပြည်သူ အများစုအဖို့ မဖြစ်နိုင်တဲ့ အရာဖြစ်ပါတယ်။
ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ဖို့ဟာ လူကြီးတွေရဲ့ ညဏ်အမြော်အမြင်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အဖွဲ့အစည်းတိုင်းက အာမခံပေးသင့်ပြီး ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက်နိုင်ဖို့ နိုင်ငံရေးရည်မှန်းချက်တွေကို ဘေးချိတ်ကာ ဆောင်ရွက်သင့်ကြကြောင်းပါ။
AT
ဆောင်းပါးပါ သဘောထားတွေဟာ စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး VOM ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW