ဇူလိုင် ၁၈ – ၂၀၂၃
GG(VOM)
ပဲခူးတိုင်း ၊တောင်ငူအကျဥ်းထောင်ကနေ မေလတုန်းက အကျဥ်းသားအချို့ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ငူထောင်က ထောင်ပိုင်အပါအဝင် ၇ ယောက်ကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
” သတင်းကတော့ အခုနေ့မှကြားရတာပဲ။ ကျနော်တို့ကြားတာက ထောင်ပိုင်အပါ ၇ ယောက်ပေါ့ ။ တစ်ယောက်ကို ထောင် ၃ လနဲ့ ၆ လစီချလိုက်တာလို့ ကြားပါတယ်။ ကျန်တာတော့ မသိဘူး ၊အခုက သတင်းတွေက ချက်ခြင်းသိရတာမျိုးမဟုတ်တာရယ် အတည်ပြုဖို့ကလည်း ခက်တာပါတာပေါ့။”လို့ တောင်ငူ အကျဥ်းထောင် အနီးတစ်ဝိုက် နေထိုင်သူတစ်ဦးကပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေက တောင်ငူအကျဥ်းထောင်က ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူးဖြစ်သူ ဦးသန်းထွန်း နဲ့ ဦးထွန်းထွန်းဦး ၊ ဒုတပ်ကြပ်သန့်ဇင်ဝင်း ၊ဒုတပ်ကြပ် ဦးတိုး၊ ထောင်ဝန်ထမ်း ခန့်စည်သူဆိုသူနဲ့ ဖိုးကောက်ဆိုသူတို့ ၇ ယောက်ဖြစ်တယ်လို့ ကနဦး သတင်းတွေအရသိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်း အရှေ့ခြမ်းက ရဲတပ်ဖွဲ့ဆီကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် အသေးစိတ်အခြေအနေကို မသိရှိသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
အလားတူ ပဲခူးတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရရှိခဲ့တာကြောင့် VOMအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
တောင်ငူအကျဥ်းထောင်ကနေ အကျဥ်းသားတွေ လက်နက်လုယူပြီး ထွက်ပြေးတဲ့ဖြစ်စဥ်ကတော့ အခုနှစ်၂၀၂၃ မေလ ၁၈ ရက် ညနေ ၃ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဥ်မှာ အချုပ်သားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်ကိုလုယူပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ အကျဥ်းသား ၁၀ ယောက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ထောင်တပ်ကြပ်မောင်မျိုးသေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့် ဆိုသူမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးအကျဥ်းသား ၁၀ ယောက်ထဲကနေ အကျဥ်းသား ၃ ယောက်ကိုတော့ ပြန်လည် ဖမ်းမိခဲ့တယ်လို့ သိရပြီး ကျန်သူတွေကတော့ လွတ်မြောက်သွားတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #တောင်ငူအကျဉ်းထောင် #အကျဉ်းသားထွက်ပြေးမှု #ထောင်မှူးထောင်ပိုင် #ထောင်ချခံရမှု