ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှာ လူ ၁၀ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရ

သြဂုတ် ၊ ၁၇ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ လည်ငေါက်ကျေးရွာမှာ နေတဲ့ ရွာခံ ၁၀ ယောက်ကို မနေ့ သြဂုတ် ၁၆ မနက်အစောပိုင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဖမ်းဆီး သတ်ဖြတ်ခံရသူတွေကတော့ ကနဦး သိရတာက ကိုဖိုးဉာဏ်(၄၈နှစ်)၊ ကိုသိန်းငွေ(၄၄နှစ်)၊ ကိုဇော်မြင့်ဌေး(၃၄နှစ်)၊ ကိုဇော်မျိုးခိုင် (၂၂နှစ်)၊ ပုလဲဘက်က ကိုဝင်းဇော်ဦး (၄၅နှစ်)၊ ကိုကျော်မျိုးဝင်း(၃၈နှစ်)တို့ဖြစ်တယ် ၊ နောက်ပြီး မြောက်ယမားချောင်းထဲမှာ အမျိုးသား ၃ လောင်းတွေ့တယ် ၊ သွားရောက် ကယ်ဆယ်နေတုန်း ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ယင်းမာပင်မြို့နယ် လည်ငေါက် ရွာဘက်က ရွာခံတွေနဲ့ ပုလဲမြို့နယ် ငှက်ပျောတောရွာဘက်က ဖြစ်တယ်လို့ ကြားရတယ် ၊ ကနဦး သတင်းအရ စုံစမ်း စစ်ဆေးနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ VOM က မသိရှိသေးပါဘူး ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း ယင်းမာပင်မြို့နယ် ၊ စုန်ချောင်းကျေးရွာမှာ အလားတူ လူအစုလိုက် အပြုံလိုက် သတ်ခံရတာကြောင့် ဒေသခံ ရွာသား ၁၄ ယောက် သေဆုံးရတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ယင်းမာပင် #လည်ငေါက်ရွာ

Related posts

Leave a Comment

VOM News

FREE
VIEW