ရွှေနဲ့ ငွေ၊စက်သုံးဆီတို့ရဲ့ တစ်ပတ်တာဈေးကွက်

ဩဂုတ် ၂၁ – ၂၀၂၃
SN (VOM)

မြန်မာကျပ်ငွေတန်ဖိုးဟာ ဇူလိုင်လကုန်ပိုင်းကတည်းက တောက်လျှောက် ပြိုကျလျက်ရှိရာမှာ လက်ရှိအချိန်မှာတော့ အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၀၀၀ နီးပါး ရောက်ရှိလာပြီဖြစ်သလို ပြည်တွင်း ရွှေဈေးဟာလည်း အတက်ဘက်ကိုသာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ရွှေ၊ ဒေါ်လာနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ အမျိုးမျိုးထုတ်ပြန်ကာ ထိန်းချုပ်မှုတွေ လုပ်ခဲ့ပေမယ့် ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက် မြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာတော့ စံချိန်တင်ဈေးတန်းကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းလာတာဟာ ကျပ် နှစ်သောင်းတန်တွေ ထုတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် ဖြစ်သလို ကုန်သည်ကြီးတွေရဲ့ အပြိုင်အဆိုင် ဈေးကစားမှုကြောင့်လည်း ဖြစ်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

အဲ့ဒီ့လို ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် လက်ရှိမှာ ရွှေ‌နဲ့ ငွေလဲနှုန်းဈေးတွေ တရှိန်ထိုး မြင့်တက်နေပေမယ့် စက်သုံးဆီဈေးကတော့ ၂၂၀၀ ကျော်ဝန်းကျင်မှာပဲ ရှိနေပြီး ဆက်လက် ဈေးငြိမ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို သိရှိနိုင်ဖို့အတွက် တစ်ပတ်တာဈေးကွက် အခြေအနေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

အခုလအတွင်း ဆက်တိုက်ဆိုသလို မြင့်တက်နေခဲ့တဲ့ ပြည်တွင်း ရွှေဈေးနှုန်းဟာ ဩဂုတ် ၁၈ ရက်နေ့ကစလို့ စံချိန်တင်ဈေးတန်းအဖြစ် ကျပ် သိန်း ၄၀ နားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း မြင့်တက်လာတဲ့အတွက် လက်ရှိမှာ ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားကြသလို တချို့ဆိုင်တွေကတော့ မီးလင်းခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂ သိန်းကျော်အထိ ဈေးခွာဝယ်ယူမှု အနည်းအကျဉ်းသာရှိကာ မှောင်ခိုဈေးကွက် ပိုပြီးအားကောင်းနေတယ်လို့ သိရပါတယ်။

“အတုံးအရောင်းအဝယ်ကတော့ မှောင်ခိုဖြစ်နေတာ ကြာပါပြီ။ ရွှေဈေး စံချိန်တင် ထိုးတက်နေပေမယ့် အဖမ်းအဆီး၊ အစစ်အဆေး အရမ်းကြမ်းနေတော့ အများစုက ရွှေဈေးကို သိပ်ပြီးတော့ မပြောချင်ကြဘူး။ လက်ရှိက ဝယ်ရလည်းခက် ရောင်းရလည်းခက်တဲ့ အခြေအနေမျိုးပေါ့။ ပြီးတော့ ကျပ်ငွေတန်ဖိုးကျနေတာကြောင့် ရွှေဈေးမြင့်တက်‌နေတာ ဖြစ်တဲ့အတွက် အတက်အကျလည်း ကြမ်းနိုင်တယ်။ ဈေးကွက်မငြိမ်တော့ ဒါကိုကြောက်ပြီး ဆိုင်တွေ တော်တော်များများက အရောင်းအဝယ်တွေကို ပိတ်ထားတယ်၊ မလုပ်ရဲကြဘူး”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့က တစ်ကျပ်သား ၃၇၅၀၀၀၀ ရှိခဲ့ပေမယ့် ဒီနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်းမှာတော့ တစ်ကျပ်သား ၃၉၂၀၀၀၀ သိန်းကို ရောက်ရှိနေပြီး တစ်ပတ်အတွင်း ၁၇၀၀၀၀ ကျပ် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တောက်လျှောက် ကျဆင်းနေပြီး ဩဂုတ် ၁၇ ရက်စလို့ တစ်အောင်စ ၁၉၀ ဒေါ်လာအောက် ရောက်ရှိလာကာ ဒီနေ့ ဩဂုတ် ၂၁ ရက်မှာတော့ တစ်အောင်စ ၁၈၉၂ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။

#ငွေလဲနှုန်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်မှု နှုန်းထားတွေ ကျဆင်းစေဖို့ ဘယ်လိုပင် ထိန်းချုပ်ထားသည်ဟုဆိုသော်ငြားလည်း ပြင်ပဈေးကွက်အတွင်းမှာတော့ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဈေးကွက်ရဲ့ ဆုံးဖြတ်ချက်အတိုင်း နေ့စဉ်ပေါက်ဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေတာကြောင့် ငွေလဲနှုန်းတွေ ကျဆင်းခြင်းမရှိဘဲ ဆက်တိုက် မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ၃၆၀၀ ဝန်းကျင်မှာ ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ၁၆ ရက်မှာတော့ ၃၇၀၀ ဝန်းကျင်ကို ရောက်ရှိလာခဲ့ပြီး ၁၈ ရက်နေ့မှာတော့ ၃၉၀၀ ဝန်းကျင်ဈေးကို ရုတ်တရက်ခုန်တက်ခဲ့ကာ စံချိန်တင်ဈေးတန်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းမှာတော့ ၅၅ ကျပ်ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၃၉၅၅ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

“ငွေလဲဈေးတွေတက်တာဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့တာ၊ ကျပ် နှစ်သောင်းဂယက် စတဲ့ အကြောင်းတရားတွေကြောင့်အပြင် ငွေကြေးဖောင်းပွမှုနဲ့ ကုန်သွယ်မှု လိုငွေပြခြင်းတို့ဟာလည်း နိုင်ငံခြားငွေဈေးမြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကတော့ ငွေလဲဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် အခုထိတော့ အကောင်အထည်ပေါ်မလာသေးဘူးပေါ့။ အခုချိန်မှာတော့ အစစအရာရာ ထိလွယ်ရှလွယ်တဲ့ အခြေအနေမျိုးဆိုတော့ ရောင်းမှားဝယ်မှား မဖြစ်ကြဖို့၊ အရောင်းအဝယ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားဖို့ လိုပါတယ်”လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီး ငွေလဲနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ထူးခြားလာခြင်းမရှိသေးပါဘူး။

ဒါ့အပြင် တစ်ဖက်မှာလည်း ဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် သြဂုတ် ၁၄ ရက်နေ့မှာ ဗဟိုဘဏ်က ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်လိုက်ပြန်ပါတယ်။

ဒါပေမယ့် ဘတ်ဈေးနှုန်းဟာ လက်ရှိမှာ ကျပ်တစ်သိန်းကို ဘတ်ငွေ ၉၇၀ ဝန်းကျင်အထိ ပေါက်ဈေးရှိလာတဲ့အတွက် ငွေလဲလုပ်ကိုင်သူ အများစုအလဲအလှယ် ရပ်နားထားတာကြောင့် ငွေလဲသူတွေ အခက်ကြုံနေရတဲ့ အခြေအနေပါ။

အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်အပြင် တခြားငွေလဲနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၂၁ ရက် ပျမ်းမျှပေါက်ဈေးအရ တရုတ်ယွမ် ၅၄၀ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၈၈၀ ကျပ်ဝန်းကျင်၊ ယူရို ၄၂၄၀ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၇.၀၇ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၈၄၆ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကတော့ တရုတ်ယွမ် ၅၁၀ ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၆၀၀ ဝန်းကျင်၊ ယူရို ၃၉၀၀ ဝန်းကျင်၊ ဂျပန်ယန်း ၂၄.၈ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၈၅ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီ

စက်သုံးဆီဈေးနှုန်းတွေကတော့ တစ်ပတ်တာအတွင်း ဩဂုတ် ၁၅ ရက် တစ်ရက်သာ အောက်တိန်း 92 တစ်လီတာ ၂၃၀၅ ကျပ်၊ 95 ၂၄၁၅ ကျပ်ကို အတက်ပြခဲ့ပေမယ့် ကျန်တဲ့ရက်တွေမှာတော့ အောက်တိန်း 92 တစ်လီတာ ၃၀၀၀ နီးပါး၊ 95 တစ်လီတာ ၂၄၀၀ နီးပါး ဝန်းကျင်မှာပဲ ဈေးငြိမ်နေပြီး ဒီဇယ်ဈေးတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိခဲ့ပါဘူး။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ဩဂုတ် ၁၀ ရက်နေ့ ရွှေ၊ ငွေဈေးတွေ အတက်ကြမ်းခဲ့ပြီး နောက်တစ်နေ့ သြဂုတ် ၁၁ ရက်မှာ တစ်လီတာ ကျပ် ၁၀၀ ကျော်ကို ရုတ်တရက် ခုန်တက်ခဲ့ပြီး အောက်တိန်း 92 တစ်လီတာ ၂၃၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၁၂ ရက်ကစလို့ အနည်းငယ် ပြန်လည်ကျဆင်းနေတာ ဖြစ်ပါတယ်။

“စက်သုံးဆီဈေးကတော့ လက်ရှိမှာ အတက်အကျ သိပ်မရှိဘူးပေါ့။ ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ အခုကတော့ ၂၂၀၀ ကျော်၊ ၃၀၀၀ နီးပါး ဈေးတန်းမှာသွားနေတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းကလည်း ငြိမ်နေတော့လေ။ ဒါပေမယ့် စက်သုံးဆီဈေးက လက်ရှိပြည်တွင်း ဈေးကွက်အကြပ်တည်းအရ ဒေါ်လာဈေးတွေလည်း တက်နေတာဆိုတော့ ဒီ့ထက် ထပ်ကျဖို့ကတော့ သိပ်မမြင်ဘူး” လို့ စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၂၁ ရက်နေ့မှာတော့ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၃၅ ကျပ်၊ 95 တစ်လီတာ ၂၃၄၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၀၅ ကျပ်၊ မန္တလေးမှာ အောက်တိန်း 92 တစ်လီတာ ၂၂၈၅ ကျပ်၊ 95 တစ်လီတာ ၂၃၉၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၇၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၅၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၇၅ ကျပ်၊ 95 တစ်လီတာ ၂၃၉၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၅၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေနဲ့ငွေ၊စက်သုံးဆီ #တစ်ပတ်တာဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW