ပြည်တွင်းကားဈေးကွက် အရောင်းအဝယ်ပါးပြီး ဈေးကွက် အေးနေ

ဩဂုတ် ၂၂ – ၂၀၂၃
SN (VOM)

လက်ရှိ ပြည်တွင်းကားဈေးကွက် အခြေအနေကတော့ အရောင်းအဝယ်ပါးပြီး ဈေးကွက် အေးနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

“ကားဈေးကွက် အခြေအနေကတော့ ဟိုတလောက အရမ်းရောင်းရတာထက်စာရင် ပုံမှန်ထက်တော့ နည်းနည်းလျော့တာပေါ့။ အရောင်းအဝယ်ပါးတယ်၊ ‌ဈေးအေးတယ်။ နှစ်သောင်းတန်မထွက်ခင်က ဈေးနီးနီးလောက် ပြန်ရောက်သွားတယ်။ တချို့ ကားအမြင့်တွေလည်း ဈေးကျတော့ကျတယ်၊ ရောင်းအားသိပ်မသွက်ဘူး။ ပုံမှန် ၁၀၀၀ နဲ့ ၁၅၀၀ အောက်‌ ကားလေးတွေကတော့ ကျသွားတဲ့ ဈေးတွေနဲ့ ထွက်လာတယ်ပေါ့။ အဲ့ဒါလေးတွေကတော့ သူ့ဟာနဲ့သူ အရောင်းအဝယ်တော့ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် တချို့သော အမြင့်ကားတွေဟာ ဈေးကျဖို့ အနည်းငယ် ခက်ခဲနေသေးတယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတဲ့အတွက် ပြည်တွင်းကားဈေးကွက်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ငွေလဲဈေးနဲ့ ကားတင်သွင်းမှုအပေါ် ချိန်ဆပြီး အရောင်းအဝယ် ပြုလုပ်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်သောင်းတန်ဂယက်ကြောင့် ကားဈေးတက်စဥ်ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သိန်း ၃၀၀၀ – ၃၂၀၀ ဝန်းကျင် ဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုပါကလည်း အခု ကျဆင်းနေတဲ့ ကားဈေးနှုန်းဟာ လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် တန်ဖိုး သင့်တင့်မှုရှိတယ်လို့ သူက ပြောပါတယ်။

“ဟိုတလောက တက်သွားတဲ့နှုန်းထားကလည်း ရာခိုင်နှုန်းအရ ပြောရမယ်ဆိုရင် တချို့ကားတွေဆို ၄၀ ရာခိုင်နှုန်းလောက်အထိ တက်သွားတာ။ သုံးပတ်အတွင်း အဲ့လိုတက်သွားတဲ့အခါကျတော့ အဲ့ဒါက တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတစ်ခုမဟုတ်ဘူး။ ကားဈေးတက်တဲ့နှုန်းထားက အရောင်းနဲ့အဝယ် မျှ‌ခြေပေါ်မူတည်ပြီးတော့ ဈေးတက်ရမယ့်နေရာမှာ အကြောင်းအရာတစ်ခုကို ဖန်တီးပြီးတော့ ဈေးကိုမတရား ဆွဲတင်ကြတယ်။ လူတွေရဲ့ ကြောက်အားလန့်အားနဲ့ ဝယ်တဲ့အပေါ်မှာ ဖြစ်သွားတဲ့ဈေးတန်းတစ်ခုက အတည်ယူလို့မရဘဲနဲ့ အခုချိန်မှာ ကျနေတဲ့ဈေးတန်းကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်၊ တန်နေပြီလို့ ယူဆလို့ရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ SKD (Semi Knocked Down) ကားတွေဟာ ခန့်မှန်းခြေအားဖြင့် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဈေးကျလာနေပြီး သိန်း ၁၀၀၀ ဝန်းကျင်၊ ၁၀၀၀ အောက်နဲ့ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် Ertiga ကားမှာလည်း အရင် သိန်း ၁၄၅၀ ဝန်းကျင်ကနေ လက်ရှိမှာ သိန်း ၁၀၀၀ ၊ ၁၀၅၀ ၊ ၁၁၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတာကြောင့် ရာခိုင်နှုန်းအားဖြင့် များစွာ အဆင်ပြေမှုရှိတယ်လို့ သိရပါတယ်။

“ဈေးကွက်ကတော့ ဟိုးအရင်တုန်းကထက်စာရင် ကျသွားတာပေါ့။ ဒါပေမယ့် သူ့ဟာနဲ့သူတော့ အရောင်းအဝယ်လေးတော့ ပုံမှန်လေး ရှိပါတယ်။ တကယ်လိုအပ်တဲ့သူကလည်း ဒီအချိန်မှာဝယ်တာကတော့ ပိုပြီးတော့ ရွေးချယ်မှုကောင်းတာပေါ့။ ဈေးတက်တဲ့အချိန်မှ ဝယ်ကြတယ်၊ ဈေးကျတဲ့အချိန်ဆို မဝယ်ကြဘူးဆိုတဲ့ လူတွေရဲ့မှားယွင်းတဲ့ အယူအဆလေးတွေလည်း ရှိကြတယ်” လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။

အကောက်ခွန်တွေပိတ်ထားတဲ့ အခြေအနေတစ်ခုမှာ ကားဈေးကွက်အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ငွေဈေးနဲ့ ကားဈေးတန်းဟာ ရွေးချယ်ဝယ်ယူဖို့အတွက် အနည်းငယ်ကောင်းမွန်တဲ့ အခြေအနေတစ်ခုအဖြစ် ယူဆ‌တယ်လို့လည်း သူက ပြောပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်းကားဈေးကွက် #အရောင်းအဝယ်ပါး #ဈေးကွက်အေး

Related posts

Leave a Comment

VOM News

FREE
VIEW