မြစ်ကြီးနား – ဖားကန့်လမ်း KIA ဘက်ကယာယီ ပိတ်မည်

ဩဂုတ် ၂၃၊ ၂၀၂၃

Shy V (VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဖားကန့်လမ်းကို ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့ကစ KIA ဘက်ကယာယီ ပိတ်သွားမှာ ဖြစ်ကြောင်း ခရီးသွား ပြညသူတွေ ဆီက သိရပါတယ်။

“မှန်တယ်။ ဒီနေ့က စပိတ်ပြီ။ ကျနော်တို့တော့ လမ်းမှာ အခက်တွေ့နေပြီ” လို့ ခရီးသွား ပြည်သူတဦးက ပြောပါတယ်။

မနေ့က မနက်ပိုင်းကစ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဖားကန့်ကနေ မြစ်ကြီးနား ဆင်းလာတာ ဆက်သွားလို့ မရတော့ပဲ နန့်ယားမှာ ပိတ်မိသောင်တင် နေကြတယ်လို့ သူက ပြောပါတယ်။

KIA က ကသိုဏ်းတောင် စစ်တပ်စခန်းကို သိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ အရင်ကထက် စစ်ရေး ပိုတင်းမာလာပြီး အရင်က KIA လို့ သံသယ ရှိသူတွေကိုသာ စစ်တပ်က ဖမ်းဆီးတာမျိုး ရှိပေမယ့် ထင်ရ ခုနောက်ပိုင်း အရပ်သားပြည်သူ တွေကိုပါ မတရားဖမ်းဆီးပြီး ရှေ့တန်းစစ်မြေပြင်ဘက်ပို့တာမျိုး ကြားလာရတယ်လို့ ဒေသခံတဦး က ပြောပါတယ်။

“အမျိုးသားတွေကို မြင်ရင် အလကားနေရင်း ပေါ်တာဆွဲတယ်။ အဲဒါကြောင့် အပြင် မထွက်ဘူး။ အခုချိန်က အရမ်းစိုးရိမ်နေရတယ်။” လို့ သူက ပြောပါတယ်။

မနေ့ကလည်း ပြည်သူ ၂၀ ကျော်ကို ဖမ်းပြီး သွားတယ်လို့သိရတယ်လို့ သူက ပြောပါတယ်။

စစ်တပ်အနေနဲ့ KIA တာဝန်ထမ်းတောင်သူတွေကို ဖမ်းဆီးနေတယ် ဆိုပေမယ့် အရပ်သားတွေ ပါနေတာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှာစိုးလို့ မြစ်ကြီးနား – ဖားကန့်လမ်းကို ယာယီ ပိတ်ရတာလို့သိရပေမယ့် အသိပေး ထုတ်ပြန်စာ ထုတ်ထားတာမျိုးတော့ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း အဲဒီ မြစ်ကြီးနား – ဖားကန့် လမ်းရှိ နန့်ယား လယ်ပြင်စု ရပ်ကွက် ၁ မှာ ကာမိုင်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးအမေ ဒေါ်ဇင်မာဦး ဆိုသူ ပေါင်မှာ ထိခိုက်ဒစ်ရာရကာ နေအိမ်ခြံစည်းရိုး ပျက်စီး သွားခဲ့ပါသေးတယ်။

Photo Crd# CJ
#voiceofmyanmar #VOM #မြစ်ကြီးနား – ဖားကန့်လမ်း #KIAယာယီပိတ်မည်

Related posts

Leave a Comment

VOM News

FREE
VIEW