အပျိုလူပျို နီးစပ်နိုင်သနော် ရတနာ့ဂူပွဲတော်

ဆူးငှက်
 
“ဝနာတစ်ခွင်မှာလေ …. ရာဇပလ္လင်တွေ ဝိုင်းပြီးတော့ တစ်ပိုင်းတစ်စစီသာကျန်၊
ပစ္စင်ကျုံးမြောင်းတို့သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေထွက်တဲ့ ၎င်းအချက်ကျနေရာပေါ့။
တဘောင်ချို့တဲ့ တောင်မြို့လို့ ဆိုပါတော့ …. စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန်
နှစ်ပေါင်းတစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် ….”
(နန်းတော်ရှေ့ဆရာတင် – တောင်သမန်သီချင်း)
 
အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့်မြစ်ကြားမှာလည်း တက်သိမ်းအင်းရှိသည်။ မြို့အရှေ့မြောက် မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသေအောင်ပင်လယ် ကန်တော်ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်းရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ်ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်းရှိသည်။
 
တကယ်တော့ တောင်သမန်အင်းသည် အမရပူရ မြို့၏ အမှတ်အသားဖြစ်သည်။ တောင်သမန်အင်းဟု ဆိုသော်ငြား ထိုစဉ်က ၁၂ ရာသီ ရေပြည့်ဝပ်သည်မဟုတ်အခါ၌ မြေသြဇာကောင်းသော အင်းအတွင်း ကိုင်းတော၊ ယာတောများဖြင့် စိမ်းစိမ်းစိုသည်။ ယာတဲများဆီက မီးခိုးငွေ့တလူလူများဖြင့် ထယ်ထိုးယာထွန်၊ပေါင်းပေါက်၊ ပျိုးနှုတ်စသော အညာဓလေ့ယာသမား၊ ကိုင်းသမားဘဝကို မြင်တွေ့နိုင်သည်။ ယာကြား၊ ကိုင်းကြား ချောင်းလေးတွေကလည်း ရေတသွင်သွင်စီးလို့။ ချောင်းထဲမှာ လှေကလေးနှင့် ယာထွက်သီးနှံတွေတင်ကာ တရွေ့ရွေလှော်ခတ်သွားသည်ကိုလည်း တွေ့ရသည်။ မိုးတွင်းရောက်ရင်ဖြင့် ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ချိန်တွင် ဧရာဝတီမြစ်တွင်းက တိုးရေတွေ အင်းအတွင်း စီးဝင်လာလိုက်တာ ပေါင်းလန်နေတာမို့ ကာလတုန်းက မြင်ကွင်းအားလုံး ပြဇာတ်တစ်ပုဒ်၏ နောက်ခံကားလိပ် ပြောင်းလဲလိုက်သကဲ့သို့ တစ်ခြားစီဖြစ်သွားသည်။ မြင်မြင်နေရာ ရေတွေဖြစ်နေတာပေါ့။ အင်းရေပြင်သည် တောင်လေရူးနှင့်အတူ လှိုင်းစီးနေသည်။ ယာတွေ၊ ကိုင်းတွေ မြုပ်သွားအောင် ဖုံးလွှမ်းသွားသည့် ရေပြင်တွင် လှေကလေးတွေ ပိုက်ချသူချ၊ မြှုံးထောင်သူထောင် ငါးမြှားသူမြှားနှင့် ယာသမားကိုင်းသမား၏ ဇာတ်ရုပ်တွေက ငါးဖမ်းတံငါသည်များဖြစ်ကြရပြန်သည်။တော်သလင်း၊ သီတင်းကျွတ်အထိ ဆိုပါတော့။
 
တန်ဆောင်မုန်းကစပြီး တိုးရေတွေ ဆုတ်သွားသည်။ နတ်တော်၊ ပြာသိုရောက်တော့တုန်းက ကိုင်းတွေ၊ ယာတွေ ရေနှင့်အတူပို့ချလာခဲ့သောတင်မြေနုတွေနှင့် အသစ်တစ်ဖန်ပြန်လည်ပေါ်လာတော့ပြန်၏။ ယာမြေ၊ ကိုင်းမြေတွေအပေါ် ဘူးညွှန့်၊ ခရမ်းညွှန့်၊ ဖရုံညွှန့်စသည့် ဆောင်းသီးနှံတို့ အညွှန့်တလူလူ တက်လာသည်။ အလားတူ ယာထဲမှာလည်း ဆောင်းသီးနှံတွေ နှင်းဖွဲဖွဲအောက်တွင် စိမ်းမြလာကြသည်။ အဝါ၊ အပြာ၊ အနီ၊ ခရမ်းစသောပန်းပင်တွေကလည်း အလှဆင်သည်။ မာလာရွှေငုံ ထူးတနွဲ့နွဲ့၊ ခိုင်ညှာစိန်မှုန်ဖူး တလဲ့လဲ့ဟု ဆိုရပေမည်။ ယာခင်း၊ ကိုင်းခင်းတွေကြား ချောင်းရေပြင်မှာလည်း သီတာမြသွေး၊ စီးသွယ်သွန်၊ဖောဝှန်ရေကြည်အေးဟု ဆိုရမလို
လတ်ဆက်သန့်ရှင်းအေးမြသော ရေသစ်ရေကောင်းတို့ စီးဆင်းချေပြီ။ တောင်သမန်ကျောက်တော်ကြီးဝန်းကျင်က အင်းရေလက်ကျန်ကလည်း ဖွေးဖွေးလှုပ်…..။ အင်းဝနန်းတော်ဟောင်းက ဟင်္သပြဒါးအနီနှင့် လက်ကျန်ရွှေရောင်တို့ အစွန်းအစကျန်ရစ်သော သစ်သားများဖြင့် တည်ဆောက်ထားသည့် ဦးပိန်တံတားကလည်း တောင်သမန်က သုံးရာသီအလှကို ရင်သပ်ရှုမောဖြစ်ရသည်။ ဒါကလည်း နှစ်ရှည်ကြာရှည်ခဲ့ချေပြီ။ တစ်နှစ်မဟုတ်၊နှစ် နှစ်မဟုတ်၊ လေးငါးဆယ်နှစ်လည်းမဟုတ် …..။ နှစ်ပေါင်းရာချီကြာချေပြီ။
 
သည်နှစ်မှာတော့ “အင်းကြီးတောင်သမန်” မှာ တိုးရေကြောင့် ရေပြည့်နေသည်။ တောင်မင်းကြီးဘုရားခြေတော်ရင်း ကန်ပတ်လမ်းနံဘေးက ကျောက်သားတမံမှာ တောင်သမန်လှိုင်းက နူတ်ခမ်းထိအောင် လာပုတ်နေ၏။ အင်းရေတိုးတာ သိသာလာသောကြောင့် “ငှက်”တွေကိုပြင်ဆင်ဖာထေး၊ဆေးခြယ်သကြလေပြီ။ ဝါခေါင်လကွယ် တောင်ပြုန်းမင်းညီနောင် ပွဲတော်အပြီး ဝါခေါင်လပြည့်ကျော် (၈)ရက်နေ့ ရတနာ့ဂူဘုရားပွဲတော်နှင့်အတူ ကျင်းပမည့် မယ်တော်နတ်ပွဲတွင် နတ် နန်းများသို့ “ငှက်” များဖြင့် အပျော်ကူးသန်းကြသည်။
 
တောင်ပြုန်းပွဲတော်က မြန်မာတစ်ပြည်လုံး အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာသူများဖြင့် စည်ကားသကဲ့သို့
အမရပူရ ရတနာ့ဂူပွဲတော်က မန္တလေးမြို့သူမြို့သားများ မြို့လုံးကျွတ်ဆင်နွှဲလေ့ရှိသည့် ပွဲတော်ဖြစ်သည်။ ပွဲတော်ရက်ရောက်လျှင် ကျောက်သွေးတန်းမှာ “တောင်မြို့ကို” “တောင်မြို့ကို”ဟူသော ဘတ်စ်ကား စပယ်ယာများ ၏ ပါစင်ဂျာခေါ်သံများ ဆူဆူညံနေသည်။ ရတနာ့ဂူပွဲတော်ရောက်ပြီဆိုတော့ မန္တလေးသူ၊ မန္တလေးသားတွေ ကိုယ့်မြို့၊ ကိုယ့်ပွဲ၊ကိုယ့်အရပ်၊ ကိုယ့်ဇာတ်မို့ ပိုမိုသီကျူး၊ တီးမှုတ် ကခုန်ကြဖို့ပြင်ဆင်သည်။ ပွဲတော်၏ အစည်ကားဆုံးနေ့ဖြစ်သော ဝါခါင်လကွယ်နေ့တွင် မန္တလေးမြို့ မြောက်ပြင်အောင်ချမ်းသာ၊ အနောက်ပြင် ညောင်ကွဲ၊ဖိုးပေကုန်း၊ ထုံးကုန်း၊ လက်ရွေး၊ စိန်ပန်း၊တောင်ပြင် ဒေါနခြံ၊ ငွေတော်ကျည်ကုန်း၊ အရှေ့ပြင် သမ္မတော၊ ကန်ကာက်၊ ဘူးကုန်း၊ စည်ပိုင်းကုန်း စသော အရပ်များမှ လှည်းများက ပေါင်းမိုးကိုယ်စီဆင်ကြပြီ။ ဈေးချိုပွဲစားတန်းလှည်းဝိုင်း၊ အိမ်တော်ရာလှည်းဝိုင်း၊ သကျသီဟလှည်းဝိုင်း၊ ဒီဘိုးဝင်း လှည်းဝိုင်းများမှ ကုန်တင်လှည်းအသီးသီးကလည်း လှည်းစာထိုး၊စာတင်၊ပေါင်းမိုးဆင်ကြသည်။ ဝါခေါင်လကွယ် မနက်စာစော ဆွမ်းခံထိုင်ကိုယ်တော်ကို ကမန်းကတမ်း ဆွမ်းလောင်းပြီး တီးဝိုင်းတွေ လှည်းပေါ်တင်၊ အသံချဲ့စက်ဆင်ပြီး စတင်ပြင်ဆင်ကြ သည်။ မန္တလေးအပျိုတစ်သင်းက စူရတီ၊ ဇင်းမယ်၊ ရှန်ဟဲညွန့်၊မြကြိုးနွယ်၊ကောင်းကင်စက်၊ ကင်းတပ်၊ဂျော်ဂျက်၊ ဘရိုကိတ် စသည့်အထည်အဝတ်အသီးသီး ရောင်စုံ၊ အမျိုးအစားစုံကို အပြိုင်အဆိုင်ဆင်မြန်းပြီး ရွှေခြေကျင်းကိုယ်စီ ပုံတော်ကတ္တီပါဖိနပ်ကိုယ်စီဖြင့် လှည်နောက်ခြေတွဲလောင်းချထိုင်ရမည့နေရာကို အလုအယက်ဦးကာ
လှည်းဆရာကာလသား၏ စုပ်သတ် တံပြာဝင့်သံနှင့်အတူ “စံရာတောင်ကျွန်း”ရေကင်းသံနှင့်အတူ “တောင်မြို့” ဆီသို့ လှည်းကိုယ်စီနှင့် အရပ် ကြား၊ ဝင်းကြား၊ လမ်းကြား၊ပြ ကြားမှ ဟောတစ်စီး၊ဟောတစ်စီး ထွက်လာလိုက်ကြသည်မှာ ဘုရားကြီးအနောက်မုခ် မင်းသားစုရောက်တော့ လှည်းပေါင်းအစီးရေ ရာချီပြီး သီချင်းသံတီးမှုတ်သံများ ဘဝဂ်တိုင်တော့သည်။ မျက်နှာပြောင်သော ကာလသားတချို့က အမေရိကန်မြင်းစီကောင်းဘွိုင်လို၊ ရက်အင်ဒီယန်း လူနီလူရိုင်းလို၊ရာမစစ်သူကြီးလို၊မြန်မာသူရဲကောင်း ဗန္ဓုလလို အပီအပြင်အကျအနဝတ်ဆင်ပြီး
မြင်းကိုယ်စီဖြင့် ဟန်ရေးပြ အကြောင်းရိုက်ကာ အပျိုလှည်းနောက် ထပ်ချပ်လိုက်ကြသည်လည်း ရှိသည်။
 
“ဟဲ့… နင်ကတော့ ဒီမှာအပျော်ကျူးနေ ကလေးတော့ နို့တိုက်မထားခဲ့ဘူး။ အခု ကွဲကွဲလန် ငိုနေလို့။ ကလေး
လိုက်ပေးရတာ” ဟု ကော်ပတ်ရုပ် နီတာရဲအား အနှီးဖြင့်ပွေ့ပြီး လှည်နောက်က မိန်းမပျိုနောက် တကောက်ကောက်လိုက်ပေးသူလည်း ရှိသည်။
“အမေ၊ အမေ့သမီး ပြောပါဦးဗျ။ ကျွန်တော့ကျ အိမ်ထဲက အိမ်ပြင်မထွက်နဲ့တဲ့။ သူကျအခု အပျိုလုပ် ထွက်လည်နေပြီ။ တောင်းရမ်းယူတုန်းကတော့ သမီးအလိမ္မာလေးဆို” ဟု လှည်းရံတိုင် ကိုင်ရင်း တတွတ်တွတ် နားညီအောင်ပြောနေသော သူကို မအေကြီးက ခြေဆောင့်ကာ စိတ်ဆိုးတော့၊ ကိုယ်တော်ချောက
“ဘာလဲ ကြီးတော်က မကြီးမငယ်နဲ့ ခြေဆောင့်ပြနေတာ၊ သမီးနဲ့အပြိုင် ရွှေခြေကျင်းဝတ်ချင်လို့လား၊ ဦးဖိုးချမ်း တစ်ရံတော့ ရှိလေရဲ့…” ဟု ဆိုပြီး ကုလားရွှေ စက္ကူကပ် ခြေကျင်းဧရာမကြီး ထုတ်ကာ, ထုတ်ကာပြ၍ မအေကြီးက စိတ်မထိန်းနိုင်ဘဲ ကာလနာ၊ မြွေပွေးကိုက်နှင့် စုံအောင်ဆဲတော့ ဝါးခနဲ ရယ်ကြ၏။
 
ဤလှည်းတန်းကြီးက တောင်သမန်အင်းစောင်း မယ်ဇယ်တန်းတွင် စခန်းချရပ်နားကြ၏။ချက်ပြုတ်စားကြ၏။ သူ့လှည်း၊ ကိုယ့်လှည်းအပြိုင် တီးမှုတ်ကြ၏။ ကာလသား၊ ကာလသမီးများက တောင်သမန်အင်းတွင်း “ငှက်” စီးကာ နတ်နန်းများသို့ ပန်တော်ပန်း ဆက်ကြ၏။ ကျောက်ပန်းခွေများကို ခေါင်း၌စွပ်ကာ ကြားဝံ့နာသာပြီး ပျော်ရွှင်ရယ်မောဖွယ် အပျော်စကားများဖြင့် စပြောင်ကျီစယ်ကြ၏။ ထိုစဉ်က လူကြီးသူမများ ပြောဖူးသည်။
“မန္တလေးမှာ၊ သင်္ကြန်….၊တောင်ပြုန်း၊ ရတနာ့ဂူနဲ့ စစ်ကိုင်းတောင်ရိုးကထိန် တစ်ပွဲပွဲမှာမှ မစွံရင် တစ်သက် မစွံတော့ဘူး..” တဲ့။ အပျိုလူပျိုတူ၊ တူမများကို နောက်ပြောင်သလိုလိုနှင့် တပ်လှန့်သည့် စကားဖြစ်သည်။
 
ထိုသို့သော လူကြီးတွေ စကားကလည်း အတိတ်မှာ ကျန်ရစ်ခဲ့လေပြီ။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW