ရန်ကုန်မှာ ကျပ် သိန်း ၃၀၀ အောက် တိုက်ခန်း ရှားပါးလာ

စက်တင်ဘာ ၂ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့တွင်း အိမ်ခြံမြေစျေးတွေ မြင့်တက်လာတာတဲ့အတွက် မြို့စွန်ပိုင်းက တိုက်ခန်းတွေ အရောင်းအဝယ် ကောင်းလာပြီး တိုက်ခန်းဈေးနှုန်း ကျပ် သိန်း ၃၀၀ အောက် ရှားပါးလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ရန်ကုန်မြို့စွန်မှာရှိတဲ့ တိုက်ခန်းစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျပ် သိန်း ၂၀၀ စွန်းစွန်းသာ ရှိခဲ့ရာမှ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ အဲ့ဒီ့တိုက်ခန်းတွေရဲ့ဈေးနှုန်းဟာ ကျပ် သိန်း ၃၀၀ ကနေ ကျပ် သိန်း ၅၀၀ ဝန်းကျင်အထိ ခုန်တက်လာပြီး ကားဈေးနဲ့ တွက်ရင် တိုက်ခန်းတွေက အကျိုးအမြတ် ပိုခိုင်မာမှုရှိတဲ့အတွက် အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ သိရပါတယ်။

“အခုက မြို့စွန်ပိုင်းက တိုက်ခန်းတွေက ပိုပြီးအဝယ်လိုက်နေတယ်။ များသောအားဖြင့် ကိုယ်တိုင်နေဖို့ထက် အငှားပြန်ချဖို့ဝယ်ကြတာ။ ရင်းနှီးမြှုပ်နှံမှုသဘောမျိုးအနေနဲ့ပဲ ဝယ်ကြတာပေါ့။ မြို့ထဲက တိုက်ခန်းတွေက အဆမတန် ဈေးမြောက်နေတော့ မြို့စွန်ဘက်ကို ပြောင်းပြီး ရင်းနှီးမြှုပ်နှံလာကြတာ”လို့ တောင်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။

မြို့တွင်းက အိမ်၊ ခြံ၊ မြေစျေးဟာ သိန်း ထောင်၊ သောင်းအထိ မြင့်တက်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံလိုသူတွေဟာ ဒဂုံမြို့သစ် ၄ မြို့နယ်အပါအဝင် ရွှေပေါက္ကံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင် စတဲ့ မြို့စွန်ကတိုက်ခန်းတွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့စွန်က တိုက်ခန်းတွေရဲ့ ငှားရမ်းခဟာ လပိုင်းအတွင်းမှာ ကျပ် တသိန်းခန့် မြင့်တက်လာပြီး တလကို ကျပ် နှစ်သိန်းခွဲနဲ့ ငှားရမ်းနေရသလို ကျပ် ၃ သိန်းနဲ့ ငှားရမ်းထားတဲ့ တိုက်ခန်းတွေက ကျပ် ၂ သိန်းလောက် ဈေးတက်ပြီးတော့ ကျပ် ၅ သိန်းနဲ့ ငှားရမ်းနေရတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmtanmar #VOM #ရန်ကုန် #တိုက်ခန်းအရောင်းအဝယ်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW