ဆူးငှက်
တကယ်တော့ အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းကို ဂီတအနုပညာရှင်ဟု အသိများခဲ့သည်။ သို့သော် မြို့မငြိမ်း ခေါ် မောင်ဘညိန်းက ငယ်စဉ်ကတည်းက ပန်းချီ ပန်းပု အနုပညာဝါသနာထုံကာ ထူးချွန်ခဲ့သည်။ မောင်ဘညိန်း ကို ၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁.၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး
ဦးညီ၊ အမိ ယွန်းထည် ကုန်သည်ဒါ်ချစ်ဦးတို့က မန္တလေးမြို့ ၂၈လမ်း (လမ်း၈၀နှင့်၈၁လမ်း ကြား)နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မောင်ကျော်ညိန်းဖြစ်ပြီး မန္တလေးဗဟိုအမျိုးသာကျောင်းတွင် ပညာသင်ကြားခဲ့သည်။
ဆယ်နှစ်သားအရွယ်ကတည်းက “ဇမ္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့သဖြင့် စောင်းဆရာကြီးကိုယ်တိုင် အံ့အားတသင့် ချီးမွမ်းခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်းဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ ဘင်ဂျို၊ မယ်ဒလင်၊ ဗျက်စောင်းတို့ဖြင့် လိုက်ပါတီး ခတ်ခဲ့သည်။ မောင်ကျော်ညိန်း၏ ပါရမီကိုသိရှိရသဖြင့် အဘိုးဖြစ်သူက မျက်နှာချင်းဆိုင်
ရှေ့တော်ပြေးဝင်းတွင်နေထိုင်သူ ဂီတလည်းကျွမ်းကျင်သူ ပန်းချီဆရာကြီး ဦးဘသက်ထံ အပ်နှံပြီး၊ ဂီတပညာကို စနစ်တကျ သင်ယူစေခဲ့သည်။ ဦးဘသက်ထံ ဂီတပညာသင်ယူရင်း အနောက်တိုင်း ဂီတဆရာများဖြစ်ကြသော စန္ဒရား မစ္စတာရီဂိုး၊ မစ္စတာဘော်ဘီ၊ တယော ဆရာမာတင်၊ မစ္စတာ ဂျီဒေါက်ကလပ်တို့ထံ နိုင်ငံတကာ ဂီတသင်္ကေတပညာများ စနစ်တကျ သင်ယူခဲ့သည်။ မစ္စတာရီဂိုး၏ “ရီဂိုးဗင်” တီးဝိုင်းတွင်လည်း အနောက်တိုင်းတူရိယာများ ပါဝင်တီးမှုတ်ခဲ့၏။
၁၉၂၅ ခုနှစ်တွင် ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဘအုန်း၊ကိုဘငွေ၊ကိုလှဒင်၊ကိုမြသိန်းတို့နှင့်အတူ ဗုဒ္ဓဝေယျာဝစ္စမြို့မ အပျော်တမ်းတူရိယာအသင်းကို တည်ထောင်ခဲ့သည်။လိုအပ်သော တူရိယာပစ္စည်းများနှင့် ငွေကြေးအချို့ကိုလည်း ဆိုင်းတန်းရပ် အပေါင်ဆိုင်ပိုင်ရှင် ဦးတော်လုံ က စိုက်ထုတ်ပေးခဲ့သည်။
ထိုအချိန်မှစ၍ အနောက်တိုင်းတူရိယာပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးမှုတ်နိုင်ရန်အတွက် အနောက်တိုင်းတူရိယာများနှင့် ကမ္ဘာ့ဂီတ သင်္ကေတနည်းပညာများကို ကျွမ်းကျင်တတ်မြောက်ခဲ့သော ကိုဘငြိမ်းသည် ဓားတန်းရပ်မှ ကိုသန့်နှင့်အတူ ပူးပေါင်းဦးဆောင်ကာ အသင်းသားများအား အနောက်တိုင်းဂီတပညာများ လေ့ကျင့်သင်ကြားပေးခဲ့သည်။
ထိုသို့ စားဂီတ၊ သွားဂီတ၊ အိပ်ဂီတ၊ ထိုင်ဂီတနှင့် ဂီတနှင့်သာ မိန်းမူးနေပြီး ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေသော အချိန်၌ အဘိုးနှင့် အဘွား က ကိုငြိမ်းအား အိမ်နီးချင်းမှ မိတ္ထီလာမြို့သူ မန္တလေးနော်မန်ကျောင်းဆရာမလေး “မသန်းမေ”နှင့် အိမ်ထောင်ချထားပေးခဲ့သည်။ ထိုစဉ်က ကိုငြိမ်း အသက် ၂၀မပြည့်သေး။
တကယ်တော့ ကိုငြိမ်း (၁၅)နှစ်သားအရွယ်ကပင် မိခင်ကွယ်လွန်သွားခဲ့၏။ ဖခင်က နောက်အိမ်ထောင်ပြုသောအခါ မိခင်၏မိဘနှစ်ပါးဖြစ်သော အဘိုးဦးရိပ်၊ အဘွားဒေါ်မမလေးကပင် ကိုငြိမ်းကိုခေါ်ယူပြုစုစောင့်ရှောက်ခဲ့ကြသည်။ ကိုငြိမ်းမှမွေးချင်းဟူ၍ ညီမောင်ကျော်သိန်းသာ ရှိသော်လည်း ညီဖြစ်သူ ၁၀နှစ်သားအရွယ်ကပင် ကွယ်လွန်ခဲ့သဖြင့် တစ်ဦးတည်းမြေးကလေး ကိုငြိမ်းကိုကပင် အဘိုးအဘွားက အူလှိုက်သည်းလှိုက် အချစ်ပိုခဲ့လေသည်။ ထို့ကြောင့် မြေးအလိုကိုလိုက်ကာ ဘင်ဂျို မယ်ဒိုလင် စသော တူရိယာများကို ဝယ်ယူပေးရုံမက မြေးကိုယ်တိုင်ကလည်း ဂီတနှင့် ပတ်သက်သော စာအုပ်များအပြင် နောက်ထပ် သူဝါသနာပါသော ပန်းချီနှင့်ပတ်သက်သော ကာတွန်းကောမစ်နှင့်ပတ်သက်သော စာအုပ်များကိုလည်း ဝယ်ယူဖတ်ရှုလေ့လာသည်။ သူကိုယ်တိုင်က ရှေ့တော်ပြေးဝင်းအတွင်းရှိ ပန်းချီဦးဘသက်ထံတွင် ဂီတသာမက ပန်းချီကိုလည်း လေ့လာနိုင်ခဲ့၏။ ပင်ကိုဗီဇကပင် အနုပညာဓာတ်က ပါရှိလာသောအခါ တစ်နှစ်တွင် တရုတ်တန်းလူငယ်များက တရုတ်နှစ်သစ်ကူးတွင် နဂါးအက ကလိုကြသည်။ သို့သော် နဂါးရုပ်က မရှိပေ။ ထိုအခါ ကိုငြိမ်းက ဘုံကျောင်းတစ်ကျောင်းရှိ နဂါးရုပ်ကို ခဏမျှ သွားရောက် ကြည့်ရှုပြီး ထိုနဂါးရုပ်ထက် ပိုမို အချိုးကျကောင်းမွန်သော နဂါးရုပ်တစ်ကောင်ကို ချိုးပေးခဲ့သည်။ ကိုငြိမ်းချိုးပေးသော နဂါးရုပ်က မျက်ခုံး မျက်လုံးများနှင့် ပါးစပ်က လှုပ်ရှားနိုင်သည့် အရှင် ဖြစ်သည်။
ထို့ပြင် သူဌေးတစ်ဦးကလည်း အဖိုးတန်ကျောက်စိမ်းတုံးကို ဘုရားဆင်းတု ထုလုပ်ရန် အပ်နှံရာ ပန်းပုဆရာက အဖိုးတန်ပစ္စည်းမို့ မထုရဲသည်ကို ကိုငြိမ်းက ထုလုပ်ပေးဖူးသည်ဟု ဆို၏။ ရပ်ကွက်တွင် ကထိန်များခင်းကျင်းသောအခါ ဉတ်မကြီး အတွက် လှူဖွယ်ပစ္စည်း သင်ဖြူးများဖြင့်လည်း မြန်မာမှု နဂါးရုပ်များချိုးကာ အလှဆင်ပေးခဲ့သည်။
ဤသို့ဖြင့် ကြေးရေတက် အဖိုးအဖွားက အချစ်ဆုံးမြေးကလေး အိမ်မှာကပ်စေလို၍ အိမ်ရာထူထောင်ပေးခဲ့သော်လည်း ကိုငြိမ်းမှာ ဇနီးသည်ဈေးပို့ဆိုင်ဖွင့ပေးပြီးကတည်းက ဂီတအပေါင်းအသင်းများ အနုပညာ အပေါင်းအသင်းများနှင့်ပဲ တစ်နေကုန်တော့၏။ “မြို့မ”နှင့်အတူ မြန်မာ့ဂီတ နိုင်ငံတကာစံမီ တင်ပြနိုင်ရေးဟူသော ရည်ရွယ်ချက်ကိုသာ တစ်ဆင့်ပြီးတစ်ဆင့်လှမ်း၏။ ဤသို့လျှောက်လှမ်းရင်း တစ်ဘက်က သီချင်းလေးတွေ ရေးစပ်ဖြစ်သည်။ ကိုညိန်း(ဝါ)ကိုငြိမ်း အိမ်ထောင်သက် (၂)နှစ်အရတွင် သားယောကျ်ားလေး တစ်ယောက် ထွန်းကားခဲ့သည်။ အိမ်ထောင်မှုတာဝန်အား အဘိုးအဘွားနှင့် ဇနီးကသာ အလုံးစုံတာဝန်ယူခဲ့သောကြောင့် ကိုငြိမ်းမှာ
ဂီတအလုပ်ကိုသာ နောက်ဆံမတင်းတမ်း အားသွန်နိုင်လေ၏။ သားဦးလေးနံမည်က မောင်မောင် တဲ့။ မောင်မောင် က ကိုငြိမ်း၏ အနုပညာဗီဇအပြည့် ပါလာသည်။ အထူးသဖြင့် ပန်းချီတွင် ထူးချွန်သည်။ ထို့ကြောင့် မောင်မောင့်ကို ပန်းချီဦးဘသက်ထံ အပ်နှံခဲ့သည်။ ကိုမောင်မောင်က မောင်မောင်သက်နာမည်ဖြင့် ပန်းချီဆွဲကာ ဦးဘသက်၏ အားအကိုးရဆုံးတပည့်ဖြစ်ခဲ့သည်။ မန္တလေးတွင် သင်္ကြန်များ အထူးစည်ကားသော နှစ်တစ်နှစ်က ပန်းချီဦးဘသက်သည် အလှပြယာဉ်များ လက်ခံ၍ ရေးဆွဲပေးရသောအခါ ကိုမောင်မောင်လည်း ဆရာနှင့်အတူ အလှပြယာဉ်များကို ညမအိပ်တမ်း ရေးဆွဲခဲ့သည်။ ထို့ကြောင့် မမာမကျန်းဖြစ်၍ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဆုံးပါးခဲ့ရသည်။
၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ ရောက်သောအခါ မန္တလေးမြို့ကို ဂျပန်လေတပ်က ပထမဦးဆုံး ဗုံးကြဲခဲ့သည်။ သို့သော် လူနေရပ်ကွက်များ ကင်းလွတ်ခဲ့၍ မြို့လူထု အရောင်းအဝယ်မပျက် ရှိခဲ့ပါ၏။ ထိုနှစ် ဧပြီ(၃)ရက် ရောက်သောအခါ အစင်း (၈၀)ပါ ဂျပန်လေတပ်ကြီးက မန္တလေးကို ဒုတိယအကြိမ် ဗုံးကြဲခဲ့ပြန်သည်။ သည်တစ်ခါတော့ ဘူတာကြီးတစ်ဝိုက်နှင့် တရုတ်တန်း စသော လူစည်ကားသည့် ရပ်ကွက်ကြီးများပါမကျန် ဗုံးများ တရစပ်ကြဲရုဲံမက အနိမ့်ပျံပြီး စက်သေနတ်များပါ အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
ဤသို့ မန္တလေးကို ဂျပန်က ပထမဆုံး ဗုံးကြဲလိုက်သောအခါ အတူနေ တောင်မြို့(ဦး)ကိုလေး အဆက်အသွယ်ဖြင့် ဆရာမြို့မငြိမ်းတို့မိသားစုသည် အမရပူရသို့ ၂လ၃လ တိမ်းရှောင်ခဲ့သည်။ ထို့နောက် မန္တလေးသို့ ပြန်လည်နေထိုင်ကြကာ တိုင်းပြည်က မငြိမ်သက်သေးသောအခါ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီးဘုန်းကြီး ဦးနန္ဒိယ၏ တရုတ်တန်းကျောင်း သို့ သွားရောက်ခိုလှုံကြရပြန်၏။ ထိုအချိန်တွင် ဂျပန်က ဒုတိယအကြိမ် ဗုံးကြဲသော အခါ တရုတ်တန်းအိမ်မှာ ဗုံးဒဏ်သင့်ပြီး ပြာပုံဘဝရောက်ခဲ့ရသည်။ မြို့လုံးကျွတ် ပိုက်စိပ်တိုက် ဗုံးကြဲသောအခါ ဆရာငြိမ်းတို့မိသားစုသည် ခင်မကန်တိုက်မှ တစ်ဆင့် မင်းကွန်းသဲဖြူချောင်းရွာသို့ ဧရာဝတီအား ငှက်များဖြင့်ဖြတ်ကာ အလျင်အမြန် ပြောင်းရွှေ့ကြရသည်။
မေ(၁)ရက်နေ့ ဂျပန်က မန္တလေးတစ်မြို့လုံး သိမ်းပိုက်အပြီး တည်ငြိမ်စပြုပြီအထင်ဖြင့် မန္တလေးသို့ ပြန်လာကာ ခင်မကန်တိုက် တရုတ်တန်ကျောင်းဆီ ထပ်မံခိုလှုံကြပြန်သည်။ သို့သော် မန္တလေးကား မလုံခြုံသေး။ ထို့ကြောင့် တပည့်တစ်ဦးဖြစ်သူ မြစ်သား ကိုတင်မောင် အဆက်အသွယ်ဖြင့် အတူနေတပည့်အဖော် ဂျပ်စ်ကိုသင်၊ ကိုအေးမောင်(E) တို့နှင့်အတူ ဆရာငြိမ်းမိသားစုမှာ လှည်းတစ်တန်၊ ကားတစ်တန် ခြေကျင်တစ်တန်ဖြင့် ပြင်ဦးလွင်သို့
ပြောင်းရွှေ့ကြသည်။ ပြင်ဦးလွင်၌ တစ်လခန့် ခိုလှုံပြီးနောက် မြစ်သားကိုတင်မောင် အစီအစဉ်ဖြင့် ကျောက်မဲသို့ ပြောင်းရွှေ့ကြပြန်သည်။ ကျောက်မဲ၌ ဂျပန်သိမ်းပြီးဖြစ်၍ ဂျပန်များအတွက် စားသောက်ဆိုင် ဟိုတယ်တစ်လုံးကို မြစ်သားကိုတင်မောင်၊ ကိုဘသင်၊ ကိုအေးမောင်တို့ စုစည်းဖွင့်လှစ်ကြသောအခါ ဆရာမြို့မငြိမ်းက ဟိုတယ်၏ အပြင်အဆင်များကို စီစဉ်ပေးခဲ့သည်။ လေထီးစကြီးများဖြင့် လိုက်ကာများ ချုပ်ပေး၏။ နံရံ ချိတ်ပန်းချီကားများကို ဒေသထွက် ဝါးစိမ်း၊ ဝါးဝါ၊ ဝါးညိုများဖြင့် ပန်းချီဘောင်များ ထူးထူးဆန်းဆန်းပြုလုပ်ပေးခဲ့သည်။ နံရံချိတ်ပန်းချီကားများကို ဂျပန်ပြည် ရှုခင်းများဖြင့် ကိုယ်တိုင်ရးဆွဲပေးခဲ့သည်။ ကျောက်မဲ၌ စစ်ခိုလှုံနေကြသည့် ဇနီးနှင့်သားသမီးများကိုမူ ဆရာမြို့မငြိမ်းက မြို့ပြင် နန့်ဟူးတောင်း ရွာကလေးတွင် နေထိုင်စေခဲ့သည်။ ကျောက်မဲ နမ့်ဟူးတောင်းတွင် နေစဉ်ကာလ ဆရာငြိမ်းက ပန်းချီအတော်များများ ဆွဲဖြစ်ခဲ့သည်။
တကယ်တော့ မန္တလေးသင်္ကြန်သည် ၁၉၃၀ခုနှစ် မတိုင်မီ ၁၉၂၆,၂၇ခုနှစ်လောက် ကတည်းက မော်တော်ကားများပါ်တွင် တူရိယာပစ္စည်းများတင်ကာ ညအချိန်၌ လှည့်လည် တီးမှုတ်ဖျော်ဖြေမှုများ စတင်နေပြီဖြစ်၏။ ၁၉၃၀ ခုနှစ် ကျော်သောအခါ မော်တော်ယာဉ်ကို အလှအပများ ဆင်ယင်လာကြသည်။ ရုပ်လုံးဒီဇိုင်းများ ဆင်လာကြသည်။ ရှုတိုင်းယဉ် ရေသဘင်အသင်းက ပဉ္စရူပရုပ်၊ ပျိုတို့မောင် ရေသဘင်အသင်းက ကြက်ရုပ်၊ မြို့မရေသဘင်အသင်းက ငန်းရုပ်ကြီးများ ဆင်ယင်လှည့်လည်ကြ၏။ ပန်းချီ ရေခံထည်များအပြင် ဘက်ထရီမီးလုံးများနှင့်ပါ အလှဆင်လာကြသည်။ ထိုသို့ မြို့မက ငန်းရုပ်ကြီး ချိုး၍ ဆင်သောအခါ အသင်းတွင် ပန်းချီဆရာများလည်းရှိရာ ထိုဆရာများနှင့်အတူ ထပျံမည့်ဟန် ငန်း၊ ထိုးဆိတ်မည့်ဟန် လိုက်ငန်း စသည့် အချိုးကျရုံမက လှုပ်ရှားဟန်ပါသည့် ငန်းရုပ်များကို အတူတကွ ဖန်တီးနိုင်ခဲ့သည်။
၁၉၄၈ခု ဇန်နဝါရီလ (၄)ရက်နေ့၊ လွတ်လပ်ရေးရသောအခါ မန္တလေးနန်းတွင်း ကျောက်တိုင်ကွင်းအတွင်း ကျင်းပသော လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအတွက် “အောင်မြေမြမိုး” အစချီ “လွတ်လပ်တဲ့ဗမာပြည်” သီချင်းကို ဆရာထာ၊ ဆရာခင်၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့နှင့်အတူ ဆရာမြို့မငြိမ်းပါ ပါဝင်ရေးစပ်ခဲ့သည်။
၁၉၄၉ခုနှစ်ရောက်သောအခါ ရင်းနှီးချစ်ခင်လှစွာသော နန်းတော်ရှေ့ဆရာတင် ကွယ်လွန်သွား၏။ ဆရာတင် ကြိုးပမ်းစီစဉ်ခဲ့သော သားရွှေနန်းတင်၏ ဇာတ်အဖွဲ့အတွက် မင်းသမီး ခင်စန်းတင်သီဆိုရန် “ချစ်သူ့သြဇာ” သီချင်းကို ဆရာမြို့မငြိမ်းက မေတ္တာဖြင့် ရေးစပ်ပေးခဲ့သည်။ ထိုနှစ်မှာပင် ဆရာမြို့မငြိမ်းသာမက ဆရာ့ဂီတ အပေါင်းအသင်း၊ ဂီတတပည့်တပန်းတွေ နောက်မဆုတ်စတမ်း၊ ဂီတအလုပ်ကို လုပ်ကိုင်နိုင်ရန် နောက်ကွယ်မှ လိုလေသေးမရှိ စောင့်ရှောက်ခဲ့သည့် ဆရာ့အဘွား ဒေါ်မမလေး ကွယ်လွန်ပါသည်။ အဘွားမရှိတော့သည့်အတွက် ဆရာငြိမ်း၏ စိတ်လက် ကျန်းမာရေး တစ်ဖန်ချိနဲ့သွားပြန်ပါ၏။ မြို့မအသင်းမှပင် ခေတ္တအနားယူလိုက်ရသည်။ မိသားစု စားဝတ်နေရေးကိုလည်း အဘွားချန်ထားရစ်ခဲ့သော ငွေ ကြေးပစ္စည်းများကို ဖဲ့ကာသုံးစွဲရင်း ကုန်မှန်းမသိ ကုန်သည့် အခြေအနေ ရောက်ခဲ့ရသည်။
ဆရာမြို့မငြိမ်း စိတ်လက် ကျန်းမာလာသောအခါ ဂီတအလုပ်ကို စိတ်ကုန်သလိုဖြစ်လာတော့ “ခလေးဆော့” အမည်ဖြင့် စက္ကူခေါင်းပွ တိရစ္ဆာန် အရုပ်လေးများကို ကိုယ်တိုင် စိတ်ဝင်တစားပြုလုပ်ကာ မိသားစု စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းက ဝင်ငွေ ရှာဖွေပေးခဲ့သည်။ ဆရာငြိမ်း၏ တိရစ္ထာန်ရုပ်လေးများက လေးဘက်ထောက် ရပ်နေသည့် ရုပ်သေများမဟုတ်ပေ။ အစွယ်ဖြင့် ပက်မည့် ကြံ့ရုပ်၊ ပြေးနေသည့် မြင်းကျား၊ မာန်ဖီနေသည့် ခြသေ့်၊ သားကောင်ချောင်းနေသည့် ကျားသစ် စသည်ဖြင့် အသက်ဝင်လှသည်ဟု သိရသည်။
တကယ်တော့ စွမ်းရည်မြင့် အနုပညာရှင်ဟူသည် တစ်ခုတည်းသာ စွမ်းကြသည်မဟုတ် သူတို့သွေးသား နှလုံးသား အတွင်း၌ စာပေ ပန်းချီ ဂီတ လက်မှုစသည့် အနုပညာများက မွေးကတည်းက ပါရှိလာကြသည် မဟုတ်ပါလား။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး