ဇလွန်မှာ ရေဆင်းကူးတဲ့ ကလေး (၄)ဦး ရေနစ်ပျောက်ဆုံး၊ ကလေး ၂ ဦးရဲ့ အလောင်းကိုသာ ပြန်တွေ့ထား

စက်တင်ဘာ ၈-၂၀၂၃
MM + SN (VOM)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်၊ ဖောင်တော်ချိတ်ဘုရားအနီးမှာ ဒီနေ့ စက်တင်ဘာ ၈ ရက်၊ မနက် ၁၀ နာရိီ၊ မိနစ် ၂၀ ဝန်းကျင်က ကလေး (၄) ဦး ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးခဲ့ပြီး မိန်းကလေး (၁) ဦးနဲ့ ယောင်္ကျားလေး (၁) ဦးကို သေဆုံးလျက် ရှာတွေ့ခဲ့တယ်လို့ ဇလွန်မြို့အခြေစိုက် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

“ရေနစ်ပြီး သိပ်မကြာဘူး။ မိန်းကလေးအလောင်းကို အရင်တွေ့တာ။ ညနေ ၃ နာရီလောက်ကျတော့ နောက်တယောက် ထပ်တွေ့တယ်။ သူတို့က ရေတက်နေတဲ့အချိန် ‌ရေဆင်းချိုးကြရင်း နစ်သွားတာ။ တာဘေးမှာ ရေအများကြီးဝင်နေတဲ့အချိန် ရေသွားကူးကြတာ။ လူကြီးတွေက မသိလိုက်ဘူး။ ဒီနေ့ ဥပုသ်နေ့ဆိုတော့ လူကြီးတွေက အဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့ ဘုန်းကြီးကျောင်းမှာ ဥပုသ်သွားစောင့်ကြတာ။ အဲ့ဒါကို ကလေးတွေကလိုက်သွားပြီး ဘုန်းကြီးကျောင်းမှာ စားသောက်ပြီးမှ ရေသွားကူးကြတာပေါ့။ အဲ့နားမှာ ဖောင်တော်ချိတ်ဆိုတဲ့ ဘုရားလေးတဆူရှိတယ်။ ဘုရားလေးရဲ့နတ်လမ်းကနေ သွားပြီးတော့ အဲ့ဘေးမှာ ရေကူးကြတာ” လို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်နေသူ(၁)ဦးကလည်း “ဆန်တန်းရပ်ကွက်၊ ဖောင်တော် ချိတ်ဘုရားအနီးမှာ ရေဆင်းကူးရင်းပျောက်နေတာ၊အဲ့ဒီနေရာက ရေဝဲသဘော မျိုးဖြစ်နေတာ၊ အခုအချိန်က ဧရာဝတီမြစ်ရေ တက်နေတဲ့အချိန်လေ၊ လူကြီးတွေမရှိချိန် ရေဆင်းကူးတာတဲ့၊ အားလုံး ၄ ယောက်ပါ သေဆုံး မိန်းကလေး ၁ ယောက် ရဲ့အလောင်းတော့ ပြန်တွေ့ထားပြီ၊ ရေနစ်တဲ့ ၄ ယောက် ထဲမှာအခုအလောင်းပြန်ရထားတဲ့ကလေးကအသက်ကြီးဆုံး။”လို့ပြောပါတယ်။

ရေနစ်ပျောက်ဆုံးခဲ့သူတွေကတော့
အသက် ၉ နှစ်၊ ၈ နှစ်၊ ၇ နှစ်အရွယ် ယောင်္ကျားလေး ၃ ဦးနဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ ဖြစ်ပြီး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း အပါအဝင် ဇလွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာမှာ ကလေး ၂ ဦးကို သေဆုံးလျက် ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်တဲ့ ကလေးငယ်တွေဟာ ဆန်တန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး လက်ရှိမှာ ကျန်တဲ့သူ ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ကလေးငယ်တွေကို ဇလွန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှတဆင့် သုသာန်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဇလွန် #ကလေး၄ဦး #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW