ဇွန် ၂၆ – ၂၀၂၆
SS (VOM)
ကမ္ဘာ့ရွှေဈေးကျဆင်းချိန် အမေရိကန်ဒေါ်လာဈေး အတက်ဘက်ကို ရောက်ရှိလာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်း သိသိသာသာ ကျဆင်းခြင်းမရှိသေးဘူးလို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဒေါ်လာ ၄၀၀၀ အောက်ကို ကျဆင်းခြင်း မရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မနေ့ ဇွန် ၂၅ ရက်၊ မနက်ပိုင်းမှာတော့ တအောင်စ ၃၉၇၃ ဒေါ်လာကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း တအောင် ၃၉၉၄ ဒေါ်လာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
“ကမ္ဘာ့ဈေးကျနေတဲ့အချိန် ဒေါ်လာဈေးတွေတက်သွားတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေးက ထင်သလောက် သိပ်မကျဘူး ဖြစ်သွားတာပေါ့။ အခု ပြည်တွင်းဈေးက ၉၇ သိန်းနဲ့ ၉၈ သိန်းကြားထဲမှာပဲ ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ အခု ကမ္ဘာ့ဈေးက ဒီနေ့လယ်ပိုင်းလောက်စပြီး ၄၀၀၀ စွန်းစွန်းကို ပြန်ရောက်လာတာ တွေ့ရတယ်။ အရောင်းအဝယ်ကလည်း လတ်တလော အေးနေတဲ့ အနေအထားပါ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်လှုပ်လာပြီး၊ ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ရှိနေတယ်ဆိုပေမယ့် ကြားကာလအတွင်း သိသာ၊ ထူးခြားတဲ့ အပြောင်းအလဲမျိုး မရှိဘူးဆိုရင်တော့ ပြည်တွင်းရွှေဈေးဟာ ကျပ် ၉၇ သိန်းနဲ့ သိန်း ၁၀၀ ဝန်းကျင်မှာပဲ ဆက်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇွန် ၂၆ ရက်၊ ညနေပိုင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၄၀၄၈ ဒေါ်လာကို ရောက်ရှိနေတာတွေ့ရပြီး အမေရိကန်ဒေါ်လာဈေးကတော့ တဒေါ်လာ ရောင်းဈေး ၄၄၆၀ ဝန်းကျင်မှာ ရှိနေတာဖြစ်ကာ ကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကစလို့ ၄၄၀၀ ကျော်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
“ဒေါ်လာစျေး ဘာကြောင့်တက်လဲဆို အစ္စလာမ်နိုင်ငံတွေက စစ်ပွဲကြောင့် ဒုက္ခရောက်နေတယ်။ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အစ္စလာမ်နိုင်ငံတွေနဲ့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကုန်သွယ်မှုလမ်းပေါ်မှာ ရှိတယ်။ ဒါကြောင့် အရှေ့တောင်အာရှက ငွေတွေစျေးကျသလို မြန်မာငွေစျေးလည်း အခုနှစ်မှာ ထိုးကျကိန်းမြင်ပါတယ်” လို့ စီးပွားရေးဈေးကွက် ကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။
မြန်မာပြည်မှာ ဒေါ်လာစျေးတက်စေတဲ့ အကြောင်းရင်းတွေက ငွေစက္ကူအသစ်တွေ ထပ်မံထုတ်ဝေခဲ့တဲ့အတွက် ဈေးကွက်အတွင်း ကျပ်ငွေ ပိုမိုများပြားလာပြီး တန်ဖိုးကျဆင်းသွားတာကြောင့်ဖြစ်သလို စီးပွားရေးကဏ္ဍအတွင်း အရင်းအမြစ် မမျှတတာ၊ အမေရိကန်ဒေါ်လာ ရှားပါးတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ ကုန်ထုတ်လုပ်မှု စရိတ်မြင့်တက်ကာ ပို့ကုန် အထွက်ခက်တဲ့ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၄၆၆၈ ဝန်းကျင်အထိ စံချိန်တင် အတက်ကြမ်းခဲ့မှုနဲ့အတူ ကျပ်သိန်း တရာ့သုံးသောင်းဝန်းကျင်ကို ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန် အမေရိကန်ဒေါ်လာဈေးက တဒေါ်လာ ရောင်းဈေး ၄၁၁၀ ကျပ်ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
Photo – CJ
