ဆူးငှက်
“မိုးရေတွေ အဖွေးသားနဲ့
ထွန်ရေး သွားမပြင်နိုင်။
တဲဝက ထိုင်။
မိုးသီးကဖြိုင်၊ တိမ်စိုင်ကမြှေး
လယ်ကွင်းဒလဟာနဲ့
ဆင်တန်ဆာ ယဉ်ပါဘိတယ်
ပြည့်တွက်မို့လေး …”
ကျွန်တော်က ကဗျာကိုဖတ်ရင်း ပျော်ရွှင်လာသည်။ ခုနစ်တန်း ရှစ်တန်းအရွယ်မို့ ကဗျာပါ စာသားတွေ၏အဓိပ္ပာယ်ကို ဂဃနဏမသိ…။ သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ …
“ငှက်ကလေး သေးသွယ်
လှိုင်းကိုစီးတော့မယ်၊
ချစ်စဖွယ် မည်တဲ့တေး
ဝန်းကျင် အနှံ့ ကွေး
ညနေအေးဆည်းဆာရွှင်
သာလှပေတယ် ထင်
လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး
ခင်မင်မိတယ်လေး …” … တဲ့။
ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက ၁၀နှစ်ကျော် သက်တမ်း ရှိပြီမို့ ဝါကျင်နေသည်။ ဦးလေးက ထိုသတင်းစာများကို သေချာထပ်စီထား၏။ အလွန်လည်း ရိုသေ၏။ သတင်းစာတွေက အရွယ်အစားကြီးပြီး ဟောင်းနွမ်းနေပြီမို့ ကျွန်တော် ယူ၍ ဖတ်သည်ကို ဝမ်းသာကျေနပ်သော်လည်း စုတ်ပြဲသွားမှာ စိုးရိမ်တကြီးဖြစ်နေသည်။ သို့သော် သတင်းစာကို တစ်ရွက်ချင်း သေသေချာချာ လှန်၍ ဂရုတစိုက် ဖတ်တာမြင်တော့ စိတ်ချသည်။
ကျွန်တော်က ကျောင်းပိတ်ရက်ဆိုလျှင် ဦးလေး၏ အိမ်ကလေးသို့ အမြဲလိုလို ရောက်ဖြစ်၏။ သူ့အိမ်လေးက ၂ခန်း ၁ခန်း ရှည်ရှည်လေး။ သည်အခန်းလေးထဲ ကုတင်ရှိသည်။ ကုတင်ဘေးမှာ သတင်းစာတွေကို အထပ်လိုက် စီစီရီရီ ပုံထားသည်။ လူတစ်ရပ်သာသာ အမြင့်ရှိသည့် စင်ပေါ်မှာလည်း မဂ္ဂဇင်းစာအုပ်ဟောင်းတွေ ရှိသည်။ မဂ္ဂဇင်းစာအုပ်ဟောင်းတွေက မြဝတီ၊ ရှုမဝ၊ သွေးသောက်တို့က အများဆုံးဖြစ်သည်။ သတင်းစာအဟောင်းတွေကတော့“လူထု” တစ်မျိုးတည်းဖြစ်၏။ဤသို့ဖြင့် ကျွန်တော်၏ လူပျိုပေါက်အရွယ် စိတ်ဝင်စားစရာများတွင် ဦးလေးအခန်းထဲက သတင်းစာဟောင်း အထပ်ကြီးက အဓိက အဆွဲဆောင်ဆုံးဖြစ်ခဲ့ပါ၏။
ဦးလေး၏ အိမ်ကလေးက အများသုံး ရေတွင်းကြီးဘေးမှာရှိသည်။ နေ့လယ်နေ့ခင်း ရေချိုးသွားပြီဆိုလျှင် ရေတွင်းဆီ တော်တော်နှင့် မရောက်ဖြစ်တော့ …။ ရေလဲပုဆိုး စလွယ်သိုင်းပြီး သတင်းစာဟောင်းတွေ လှန်ဖြစ်တော့သည်။ ကျွန်တော် ဖတ်နေသော ကဗျာ၂ပုဒ်ပါသည့် သတင်းစာက ၁၉၅၄ ခု၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် လူထုသတင်းစာဖြစ်၏။
ဦးလေးဆီမှာ ၁၉၅၃ ခုလောက်မှစ၍ လူထုသတင်းစာ ပိတ်သိမ်းသည့် ၁၉၆၄ ခုနှစ်အထိ သတင်းစာတွေ စုထားသည်။ နေ့စဉ် အစုံအလင်တော့ မဟုတ်။ သူကြိုက်သည့် ဆောင်းပါးနှင့်ကဗျာများပါသည့် သတင်းစာတွေဖြစ်မည်။ စာင်ရေ နှစ်ရာ သုံးရာတော့ ရှိမှာပေါ့ …။ ကျွန်တော်သည် ကျောင်းပိတ်ရက်တိုင်း ဦးလေး၏ သတင်းစာပုံဆီ ရောက်သွားသည်။ ၁၀နှစ်ကျော် ၁၅ နှစ်ဝန်းကျင် အဟောင်းတွေမင့် သတင်းစာတွေက သမိုင်း အချက်အလက်တွေမို့ စိတ်ဝင်စားသည်။
“တရုတ်မြန်မာ နယ်နိမိတ် ရွာ ၃ရွာ၊ နှစ်ဦးနှစ်ဖက် လွှဲပြောင်းပးလိုက်ကြပြီ” ဟူသော သတင်းမျိုးကိုတော့ သေချာနားမလည်လို့ ဦးလေးကို မေးရ၏။ (မှတ်မှတ်ရရ ထိုသတင်းနှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်လောက်ရောက်မှ ဦးတင်မောင်ရင်၏ ခေတ်မြန်မာ တည်ဟန် စာအုပ်ကို ပြန်ဖတ်ရသည်။)
“ဗုဒ္ဓဘာသာ၊ နိုင်ငံတော်ဘာသာဖြစ်ပြီ” ဟူသော သတင်းမျိုးကိုတော့ နားလည်မိ၏။ “ငလျင်ကြောင့် နာရီပိုင်းအတွင်း မြို့ပျက်ကြီးဖြစ်ရတဲ့ စစ်ကိုင်း” ဟူသော သတင်းနှင့် “မန္တလေး ယူနီဗာစီတီ၏ ပထမနေ့” ဟူသော သတင်းဆောင်းပါးမျိုးက ရသပါသည်။ဖတ်လိုက်ရသည်နှင့် မြိုးမြိုးမျက်မျက်နှင့် ထင်းခနဲ၊ လင်းခနဲဖြစ်ရသည်က “အမျိုးသားယဉ်ကျေးမှုကို ခြံခတ်ထိုက်သလော” ဟူသည့် ဆောင်းပါးဖြစ်သည်။ ရေးသားသူက လူထုဒေါ်အမာဖြစ်သည်။ လူထုဦးလှ၏ “သတင်းစာဆရာ” ဟူသောဆောင်းပါးကလည်း စိတ်ဝင်စားဖွယ်ပင်။အထူးသဖြင့် “လှုပ်ရှားနေသောကမ္ဘာ” ပင်တိုင်အခန်းကိုလည်း ကြိုက်သည်။ မလွတ်တမ်း ဖတ်မိသည်။ နိုင်ငံတကာရေးရာများကိုပြည်သူလူထုဖက်ကအမြင်ဖြင့် ရေးသားထားခြင်းဖြစ်၏။ အရေးအသား ရိုးရိုးရှင်းရှင်းနှင့် “ဖခင်အောင်နိုင်” အခန်းကိုလည်း ကြိုက်သည်။ ထိုအခန်း နှစ်ခန်းစလုံးကို ရေးသားသူမှာ လူထုဒေါ်အမာဖြစ်သည်။
၁၉၅၇ ခု၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် လူထုသတင်းစာမှ “ဆိုင်းတန်းနေပြည်တော် အသံထွက် ရုပ်ရှင်ရုံကြီးကို ပြာသိုလပြည့်ကျော် ၄၊ ၅၊ ၆ ရက်နေ့များမှာ မန္တလေး စာရေးဆရာအသင်းက ကြီးမှူးကပြမည့် င်္အဂါမာလရေသည်ပြဇာတ်နှင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြာသိုလပြည့်ကျော် ၇ ရက်နေ့မှစပြီး ဗြိတိသျှဘားမား ရုပ်ရှင်က ဖူးစာနှစ်ခိုင် ဇာတ်ကား စတင်ပြသမည် ဆိုတဲ့ သတင်းမျိုးကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
ကျွန်တော် မွေးဖွားကြီးပြင်းသည်က မန္တလေးအနောက်ပြင် မဟာလောကရံသီ အိမ်တော်ရာစေတီတော် တောင်ဖက်မုခ်ရှိ ဒက္ခိဏဝန်ကျောင်းတိုက်၏ တောင်ဘက်ကပ်လျက် စိုင်ပြွန်ရိပ်သာဝင်းအတွင်းဖြစ်သည်။ ထို့ကြောင့် အိမ်တော်ရာဘုရားဝင်းအတွင်း တောင်ဘက်စောင်းတန်း၊ အရုဏ်ခံကျောက်ချောဇရပ်၊ ဘုတလင်ဇရပ်၊နောင်တော်ကြီး ဘုရား၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံဇရပ်၊ ဒေါ်ကြမ်းဇရပ်၊ ဦးကျော်ဇရပ်နှင့် ဆယ့်လေးခန်းဇရပ်တို့သည် ကျွန်တော်တို့ အမြဲမပြတ် ရောက်ရှိ နားခို ဆော့ကစားသည့်နေရာများဖြစ်သည်။ ထို သာသနိက နေရာများအနက် ဆယ့်လေးခန်းဇရပ်ကြီးကတော့ နားခို ဆော့ကစားဖို့ထက် ဘာသာရေးအရ လေ့လာ မှတ်သား နာယူစရာ ဇရပ်ကြီးလည်းဖြစ်၏။ လူထုသတင်းစာ အဟောင်းတွေပြန်ဖတ်တော့ အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီး၏ သမိုင်းဝင်ဖြစ်ရပ်တွေကို သိရှိလာတော့ အမျိုးသား အမွေအနှစ်အဖြစ် အိမ်တော်ရာဆယ့်လေးခန်းဇရပ်ကြီးကိုသိမြင်လာသည်။
၁၉၆၁ ခု၊ မတ်လ ၁ရက်နေ့က အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးမှာ မြန်မာ့မြေပေါ် ကျူးကျော်လာတဲ့ တရုတ်ဖြူ တိုက်ထုတ်ရး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး ဆန္ဒပြ အစည်းအဝေးကြီး ကျင်းပသတဲ့။၁၉၆၁ ခု၊ မတ်လ ၂၇ ရက်နေ့မှာလည်း ၁၆ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ ကျင်းပသတဲ့။
အဲဒါတွင်လား။ မဟုတ်သေး။ နောက်ကြောင်း ပြန်ကြည့်ကြဦးစို့။ ၁၉၅၄ ခု စက်တင်ဘာ ၁၂ ရက်နေ့က ကျောင်းများမှာ ဗုဒ္ဓဘာသာသင်ခန်းစာ ပြန်သင်ပေးရန်နှင့်၊ နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ဆန္ဒပြု အစည်းအဝေးကြီးကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်မှာ နေ့လယ် ၁နာရီက ကျင်းပတော့ လူတစ်သောင်းကျော် တက်ရောက်သတဲ့။ ၁၉၅၆ ခု၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးခရိုင် ပေမညတက ကြီးမှူးပြီး ပြည်တွင်းငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကို အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပသည်။ မန္တလေး တရားပွဲများ ရာဇဝင်တွင် အကြီးမားဆုံးဟု လူထုသတင်းစာက သတင်းပေးသည်။
ထိုနှစ် မတ်လ ၂၆ ရက်နေ့က ပါဠိတက္ကသိုလ် စာမေးပွဲ ရက်ရွှေ့သည်ကို မကျေနပ်သော ပါဠိတက္ကသိုလ် စာသင်သားများက အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် စုစည်တောင်းဆိုကြသည်။ ထို့နောက်၊ နောက်ရက် မတ်လ ၂၆ ရက်မှာလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ထိုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မန္တလေး လေးပြင်လေးရပ်မှ ဆရာတော်ကြီးများကို ပင့်ဖိတ်ဆွမ်းကပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးပန်ကြားလွှာ ဆက်ကပ်သည်။ ဆရာတော်ကြီးများ သာဓုခေါ်ကြ၏။ နေ့ပိုင်းတွင် အိမ်တော်ရာဆယ့်လေးခန်းဇရပ်၌ ပြည်တွင်းငြိမ်းချမ်းရေးလူထုဆန္ဒပြပွဲကြီးကျင်းပခဲ့သည်။
၁၉၅၇ မတ်လ (၁၃၊ ၁၄၊ ၁၅)၊ ၁၃၁၈ ခု တပေါင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်နေ့များကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းထိုင်ဆရာတော်များအဖွဲ့ချုပ်ကြီး၏ နှစ်ပတ်လည်အစည်းအဝေးကို အိမ်တော်ရာ ဆယ့်လေးခန်း ဇရပ်ကြီး ၌ ကျင်းပရာ တစ်ပြည်လုံးမှ ကျောင်းထိုင်ဆရာတော် အပါး ၆၀၀ အပါအဝင် မန္တလေး သံဃာများ စုစုပေါင်း အပါး ၂၀၀၀ တက်ရောက်ခဲ့သည်။ ထိုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ကလည်း တောင်ပိုင်း ရှမ်းပြည်နယ် နမ့်ခမ်းဆေးရုံက နာတာလူးပွဲမှာ ကပြခဲ့တဲ့ပြဇာတ်က ဘာသာရေးပဋိပက္ခတွေဖြစ်စေနိုင်လို့ တားဆီး အရေးယူရန်တောင်းဆိုတဲ့ ရဟန်းငယ်များ၏ အစည်းအဝေးကိုလည်း အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်တွင် ကျင်းပခဲ့သည်။၁၉၅၉ ခု၊ ဇန်နဝါရီလ ၂ရက်နေ့တွင် တည်မြဲဖ.ဆ.ပ.လ အဖွဲ့ဌာနချုပ်၏ခေါင်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးဇံထားဆင်နှင့် “ဗလမစ” မှ ဒေါ်စိန်ပုတို့ အိမ်တော်ရာ ဆယ့်လေးခန်း ဇရပ်တွင် လူထုစည်းဝေးပွဲ ကျင်းပသည် …တဲ့။
အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်နှင့် ပတ်သက်သမျှတွေ သိရမှတ်ရသည်များက လူထုသတင်းစာမှချည်းဖြစ်သည်။ ကျွန်တော့် ဦးလေး၏ အိမ်ခန်းလေးထဲက လူထုသတင်းစာဟောင်းတွေကို လက်မလွှတ်နိုင်တော့ …။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး