ဖားကန့်မှာ ထိတွေ့တိုက်ပွဲဖြစ်လို့ လူ ၁၀ ယောက်သေဆုံး

စက်တင်ဘာ၂၉ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၈ နေ့ခင်းပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” နန့်တိန်းရွာနားက ကားလမ်းမှာဖြစ်တာပါ ၊ သေဆုံးသူတွေက အရပ်ဝတ်တွေနဲ့ဖြစ်တယ် ၊ တယောက်ကတော့ ကချင်ယူနီဖောင်း ဝတ်ထားတယ် ၊ သေဆုံးသူအားလုံး ၁၀ ယောက်ဖြစ်တယ် ၊ ဘယ်အဖွဲ့ဆိုတာ မသိရသေးဘူး ၊ စစ်တပ်က လာပစ်သွားတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဖားကန့်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နန်းတိန်းရွာနားက ကားလမ်းကို မိုင်းလာထောင်နေတဲ့ အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း (၁၀) လောင်း၊ သူတို့ ကိုင်ဆောင်ထားတဲ့ သေနတ် ၅ လက်၊ ကျည် အိမ် ၇ ခု၊ ကျည် ၆၀ တောင့်၊ ဗုံးသီး ၆ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ယူနီဖောင်း ၁ စုံ၊ ကျောပိုးအိတ် ၁ လုံး၊ စကားပြောစက် ၁ လုံးနှင့် အားသွင်းခုံ ၁ ခု သိမ်းဆည်းရမိတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရ မရှိဘူး ” လို့ပြောပါတယ်။

ဒါ့အပြင် မနေ့ စက်တင်ဘာ၂၈ ရက် ၊မနက် ၁၀ နာရီဝန်းကျင်က ကချင်ပြည်၊ လိုင်ဇာမှာရှိတဲ့ အေအေတပ်စခန်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ AA မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတဦး မိုင်းစထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါး မြောက်ကျောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ဖားကန့်မြို့နယ် ၊ ဆိပ်မူးကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ပြင်ပ ဆေးခန်းတခုကို လာပြတဲ့ ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်က ဖားကန့်ကနေ မြစ်ကြီးနားမြို့ကိုသွားတဲ့ ရဲကား(၁)စီး မိုင်းဆွဲခံရပြီး ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်နယ်မြေဟာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတာကြောင့် မကြာခဏ ဆိုသလို အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲ ၊ ပြည်သူ့စစ်တွေ အပါအဝင် ၂ ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW