ထားဝယ်ဒေသ ရေကြီးမြေပြိုမှုမှာ သေဆုံး ၃၆ ယောက်ရှိလာပြီး တနင်္သာရီမှာလည်း ရေထပ်တက်လို့ အိမ်တွေရေနစ်

အောက်တိုဘာ ၁ ၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ယောက်အထိရှိလာသလို တနင်္သာရီမြို့နယ်မှာလည်း ရေကြီးလို့ မြိတ် – တနင်္သာရီ – ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရေကျော်ပြီး ကားသွားလာမရဘဲ လမ်းပိတ်နေတယ်လို့ သိရပါတယ်။
သေဆုံးမှုထဲမှာ လောင်းလုံးမြို့နယ်က သေဆုံးသူ ၂၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး သရက်ချောင်းမြို့နယ်မှာ ရှစ်ယောက် ၊ ထားဝယ်မြို့နယ်မှာ နှစ်ယောက် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ ကဒက်ငယ်ထိန်ရွာက အလောင်း ၁၃ လောင်း ၊ ကဒက်ကြီးရွာက နှစ်လောင်း ၊ တောကျဲရွာကနှစ်လောင်း ၊ ဇလွတ်ရွာက တလောင်း၊ သဗျာရွာက သုံးယောက် ၊ ညောပြင်ရွာက နှစ်လောင်း ၊ မင်းရပ်က တလောင်း ၊ ကျောက်နီမော်က နှစ်ယောက် ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
” ကဒက်ငယ်ထိန်မှာ ဒီနေ့ အလောင်းနှစ်လောင်းထပ်ရတယ်။ မနေ့ကတလောင်းတွေ့တယ်ဆိုတော့ အခုဆိုရင် သေဆုံးသူ၁၃ ယောက်အထိအလောင်းရှာတွေ့ပြီ ။ မိုးကတော့ရပ်သွားပြီဆိုပေမယ့် လမ်းတွေက မြေကြီးတွေ ပြိုကျထားတော့ ပိတ်နေတာ ၊ ကျောက်တုံးတွေကြောင့် ဘက်ဟိုးကားနဲ့ ရှင်းပြီးမှ လမ်းသွားလို့ရတဲ့ အခြေအနေဖြစ်နေတယ်။ တချို့ရွာတွေဆို လမ်းကမပေါက် လမ်းတွေကပျက်ကုန်တော့ ရွာထဲပိတ်မိပြီး အစားအစာတွေ ပြတ်နေကြတယ်။ အကူအညီတွေလိုအပ်နေပါတယ်။ စက်ယန္တရား တွေလည်း.လိုအပ်ပါတယ်။ဒါမှ နေရာတိုင်းကို ရှင်းလင်းရေးအမြန်လုပ်နိုင်မှာပါ။” လို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေတဲ့ ကဒက်ငယ်ထိန်ရွာ ဒေသခံကပြောပါတယ်။
တချို့ရွာတွေမှာ ကူညီကယ်ဆယ်ရေးမရောက်ရှိတဲ့အတွက် အစားအစာပြတ်လပ်ပြီး ဒုက္ခရောက်နေကြတာကြောင့် ပိတ်နေတဲ့လမ်းကို အမြန်ဆုံး ရှင်းလင်းကာ ရွာတွေအထိ အစားအစာနဲ့အကူအညီ အထောက်အပံံ ငွေကြေးတွေ လှူနိုင်ဖို့လိုတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲမှာလည်း ရေပြန်ကျသွားပေမယ့် အကူအညီလုံးဝမရောက်သေးတဲ့ ရွာတွေရှိပြီး အစားအစာပြတ်လပ်ပြီး ခက်ခဲနေတာကြောင့် ကူညီပေးကြဖို့ တောင်းဆိုနေကြပါတယ်။
သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိစုံစင်ဖျား၊ သဲချောင်းကြီး၊ ကျွဲခြံ၊ အလယ်စု၊ မယ်ကဲ၊ ဝင်းကဖော်၊ကျောက်အိုင်၊ရေဗျတ် ၊ဗြတ်ဝိသားရွာ စတဲ့ရွာတချို့ဘက်ကလဲ ‌အိမ်တွေအကုန်နီးပါးမြုပ်ခံခဲ့ရပြီး လက်ရှိမှာ အကူအညီမရသေးလို့ အစားအစာ၊ သောက်ရေသန့်တွေပြတ်လပ်နေတယ်လို့ သိရပါတယ်။
” သရက်ချောင်းကရွာတွေလည်း.လောင်းလုံးဘက်လိုပဲ အခြေအနေဆိုးပါတယ်။ ခုထိအကူအညီတွေ မရတာအများကြီးရှိပါတယ်။ ရွာတွေအထိ ရောက်အောင်ကူဖို့လိုပါတယ်။ လမ်းမပေါက်လို့ စုပုံထားခဲ့တာမျိုးက ဒုက္ခရောက်နေတဲ့ ရွာသားတွေအတွက် သိပ်မထိရောက်ပါဘူး။ ” လို့ ကူညီရေးလုပ်နေသူ ဒေသခံက ပြောပါတယ်။
လက်ရှိ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်ဘက်မှာ မိုးရွာရပ်ပြီး.မြေပြိုတာ မရှိတော့ပေမယ့် တနင်္သာမြို့နယ်မှာတော့ အန္တရာယ်ရေမှတ်အထက်ကို ကျော်လွန်နေတဲ့အတွက် ရေပေါ်ရွာနှင့် သမီးလှရွာတို့တွင် တစ်ရွာလုံးရေမြုပ်နေသလို တကူကျေးရွာအုပ်စု နဲ့ စတဲ့ ကျေးရွာတချို့မှာ ရေကြီးနေပါတယ်။
” ရေပေါ်ရွာနဲ့ သမီးလှရွာဆိုရင် အောက်ထပ်တွေအကုန်မြုပ်ကုန်ပြီ။ ရေကလည်း ထပ်တက်တော့ ပြောင်းရွှေ့နေရတယ်။ ပြည်ထောင်စုလမ်းပိုင်းကလည်း ရေကျော်နေ ဆိုင်ကယ်လောက်ပဲ လှေနဲ့ကူးပြီးသွားလို့ရတယ်။ ” လို့ တနင်္သာရီ ဒေသခံက ပြောပါတယ်။
မြိတ် – တနင်္သာရီလမ်းပိုင်းမှာဆိုရင်လည်း.အော်ကြီးရွာလမ်းမပေါ် နဲ့ ဥယျာဉ်ကွင်းရွာလမ်းမပေါ် ၊ အောက်ကင်းအ‌ရှေ့ရွာ၊ ကဒဲလိပ်ရွာ၊ ရမ်းဖိုရွာ၊ ဆင်တင်ပြင်ဝန်း လမ်းမတွေပေါ် ရေကျော်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တနင်္သာရီ – ကော့သောင်းလမ်းပိုင်းရှိလယ်တောင်ယာရွာလမ်းမပေါ် မှာလည်း.ရေ ၉ ပေလောက်ကျော်နေတာကြောင့် ကားတွေ သွားလာမရဘူးလို့ သိရပါတယ်။
ဒါကြောင့် လတ်တလောမှာ မြိတ် – တနင်္သာရီ – ကော့သောင်းလမ်းပိုင်းက လက်ရှိမှာ ကားတွေ သွားလာလို့ မရပါဘူး။
တနင်္သာရီမြို့နယ်ထဲမှာလည်း ရေထပ်တက်လာလို့ အရေးပေါ်ရွှေ့ပြောင်းရတဲ့ ရေဘေးသင့်သူတွေ ထပ်တိုးလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW