ပါချုပ်ဆရာတော်ကြီးရဲ့ အမတော် ဆရာကြီးဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပန စစ်ကိုင်းမြို့ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ်သွားမယ်

အောက်တိုဘာ ၅ – ၂၀၂၃
SN (VOM)
ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ အစ်မတော် ဆရာကြီးဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပနကို စစ်ကိုင်းမြို့၊ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆရာကြီးရဲ့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။
“အန္တိမအဂ္ဂိဈာပန အစီအစဉ်ကို အောက်တိုဘာ ၇ ရက် (စနေနေ့)၊ မနက် (၉) နာရီအချိန်မှာ စစ်ကိုင်းမြို့၊ ရွှေသမားရပ်၊ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ် မီးသင်္ဂြိုဟ်မှာဖြစ်ပြီး မနက် (၈) နာရီအချိန်၊ မဟာသုဗောဓာရုံ၊ ကဉ္စနာရာမချောင်မှ ထွက်ခွာကြမှာဖြစ်တယ်” လို့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။
ဆရာကြီး ဒေါ်ကဉ္စနာ သက်တော် (၉၇) နှစ်ဟာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ ကဉ္စနာရာမချောင်မှာ သီတင်းသုံးနေထိုင်ရင်း လူကြီးရောဂါနဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့၊ မနက် ၅ နာရီ၊ ၅ မိနစ် အချိန်မှာ တဘဝတာခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာကြီး ဒေါ်ကဉ္စနာ၊ လူအမည် မသိန်းကြည်ကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့၊ မနက် ၅ နာရီမှာ ဖခမည်းတော် ဦးစံလှ၊ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာမှာ ဖွားမြင်ပြီး မွေးချင်း ၁၂ ယောက်အနက် ၄ ယောက်မြောက်ဖြစ်တယ်လို့ သိရပါတယ်။
ဆရာကြီးကို မွေးဖွားတဲ့နေ့ဟာ ညောင်ပင်ရွာရဲ့ ချမ်းသာရဆုတောင်းပြည့် ဘုရားပွဲနေ့ ဖြစ်ပြီး ဘုရားပွဲနေ့မှာ မဲကျရာသံဃာကို အိမ်ပင့်ပြီး ဆွမ်းကပ်လေ့ရှိရာမှာ အဲ့ဒီ့နေ့က ငှက်စားကျောင်းဆရာတော် မဲကျတာကြောင့် ဆရာတော်ကို အိမ်ရှေ့ခန်းမှာ ဆွမ်းကပ်နေချိန် အိမ်နောက်ခန်းမှာ ဆရာကြီးကို မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ အသက် ၁၄ နှစ်အရွယ်မှာ စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာ ဂန္ဓာရုံချောင်၊ ပဌမဝိဿနာဆရာတော် အရှင်ဣန္ဒာသဘထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်ကို “မကုသလာ” လို့ မှည့်ခေါ်ခဲ့ပေမယ့် တခြားသော သီလရှင်ဆရာကြီးတွေက “မကဉ္စနာ” လို့ ခေါ်တွင်ရာမှ ဘွဲ့ အမည်တွင်ခဲ့တယ်လို့ သိရပါတယ်။
ဆရာကြီးဒေါ်ကဉ္စနဟာ ငယ်စဉ် ကလေးဘဝက စာချဆရာ ဒေါ်ဘဒ္ဒဝါသီ၊ ဒေါ်ဧသိင်္ဂီ ၊ ဒေါ်ကေလာသီတို့ထံမှ သဒ္ဒါသဂြိုဟ် စာဝါတွေကိုလည်းကောင်း၊ စံကင်းဆရာတော် ဦးစန္ဒာဘိဝံသထံမှ ရူပသိဒ္ဓိကျမ်းကိုလည်းကောင်း၊
အဘယာရာမ ဆရာတော်ထံမှ မောဂ္ဂလာန်သဒ္ဒါကျမ်းကိုလည်းကောင်း၊ ကွမ်းခြံကုန်းဆရာတော် ဦးသီလဝံသထံမှ ယမိုက်ကျမ်းကိုလည်းကောင်း သင်ယူခဲ့ပြီး ကမ္မဋ္ဌာန်းဘာဝနာ ပွားများခဲ့ကာ စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်မှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့နောက် ဖခမည်းတော်၊ မယ်တော်နဲ့ ရှင်နန္ဒမာလာ (ပါမောက္ခချုပ်ဆရာတော်ကြီး)အပါအဝင် တခြား အစ်ကိုနဲ့ မောင်တွေလည်း သာသနာဘောင်ကို ဝင်ရောက်လာပြီး ဒေါ်ကဉ္စနာကို အကြောင်းပြုကာ ဝိပဿနာချောင်မှာ နေထိုင်သတင်းသုံးပြီး ပရိယတ္တိပဋိပတ္တိ လုပ်ငန်းတွေကို ဆောင်ရွက်တော်မူကြတယ်လို့ သိရပါတယ်။
အဲ့ဒီ့‌နောက် မိသားစုတွေ စုပေါင်းသာသနာပြုနိုင်ဖို့ မယ်တော်ကြီး ဒေါ်ဝိသဂ္ဂီက ၁၃၁၉ ခုနှစ်မှာ သုဗောဓာရုံကျောင်းတိုက်တည်ရာ မြေနေရာကိုတွေ့ရှိ ရွေးချယ်ပြီး ကျောင်းတိုက်တည်ခဲ့ကာ ဝိဿနာချောင်မှ သုဗောဓာရုံကျောင်းကို ပြောင်းရွှေ့သတင်းသုံးခဲ့ကြပြီး အဲ့ဒီ့အချိန်ကစလို့ ဆရာကြီးဒေါ်ကဉ္စနာဟာ အခုပျံလွန်တော်မူချိန်အထိ မဟာသုဗောဓာရုံကျောင်းတိုက်၊ ကဉ္စနာရာမချောင်မှာ သတင်းသုံး နေထိုင်တော်မူခဲ့တယ်လို့ သိရပါတယ်။
Photo Crd – Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW