အောက်တိုဘာ ၁၁ – ၂၀၂၃
SN (VIM)
ပြည်ပကို စေလွှတ်ပြီးဖြစ်တဲ့အလုပ်သမားဦးရေ စာရင်းပေးပို့ဖို့ ပျက်ကွက်နေတဲ့ အေဂျင်စီတွေကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်လိုက်တဲ့ အလုပ်သမားဦးရေစာရင်းကို လစဉ်ပေးပို့ရမှာဖြစ်ပြီး စက်တင်ဘာလအတွက် အေဂျင်စီ ၈၁ ခုက စာရင်းပေးပို့ဖို့ ပျက်ကွက်နေတာလို့ သိရပါတယ်။
“သူတို့က ဒီစာရင်းကို အသည်းအသန် လိုချင်နေမှာပေါ့။ အခွန်ကောက်ဖို့အတွက် ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ လူဦးရေဘယ်လောက်ရှိလဲ သိချင်နေမှာ။ ပြည်ပနိုင်ငံတွေမှာ နေတဲ့ မြန်မာပြည်သားတွေမှာ တနှစ်ကို ဗီဇာခ၊ အိမ်ခန်းခ၊ စားစရိတ်၊ အခွန်ဖိုး(ထိုင်းနိုင်ငံနေထိုင်ခွင့် )၊ ကျန်းမာရေးအခွန်တွေနဲ့ မနည်းအငတ်ခံစုပြီး အိမ်ပို့ရတာ။ ၂၅ ရာခိုင်နှုန်း ထပ်ဖြတ်မယ်၊ အခွန်တွေကောက်မယ်ဆိုရင် သူတို့ဘက်က ဘာများထောက်ပံ့ပေးဖူးလို့လဲ မေးချင်တယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူရာမှာ နိုင်ငံအလိုက် စေလွှတ်တဲ့ အလုပ်သမား အရေအတွက်ကို ပေးပို့ရတာဖြစ်ပြီး လုပ်သားပို့ဆောင်နိုင်တာ မရှိရင်လည်း တင်ပြရမယ်လို့ အသိပေးထားပါတယ်။
စာရင်းပေးပို့ဖို့ပျက်ကွက်ရင် စေလွှတ်ရေးလုပ်ငန်းစဉ် စတင် ရပ်ဆိုင်းမှာဖြစ်သလို သတိပေးအကြောင်းကြားကာ ထပ်မံမလိုက်နာပါက ပိတ်ခံရမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
“အေဂျင်စီ ထူထောင်ထားရင်တော့ အေဂျင်စီစည်းကမ်းတွေကို လေးစားလိုက်နာစေလိုပါတယ်။ အရေးလည်းဘယ်သူ့ကိုမှ မခံရစေလိုပါဘူး” လို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က အသိပေး ပြောကြားထားပါတယ်။
လက်ရှိ ပြည်တွင်းကနေ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒန်၊ မကာအို အစရှိတဲ့ နိုင်ငံတွေကို အလုပ်သမား စေလွှတ်ခွင့်ပြုထားတာဖြစ်ပြီး အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်ပလုပ်သားစေလွှတ်နေတဲ့အေဂျင်စီ ၄၈၂ ခု ရှိတယ်လို့ သိရပါတယ်။