ရန်ကုန်ရေကြီးမှု ပိုမိုဆိုးရွားလာနေပြီး ယာဉ်ကြောပိတ်ဆို့မှု​ကြောင့် သွားလာရခက်

ဇူလိုင် ၃၀ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ်တချို့ ရေကြီးရေလျှံနေပြီး ကားလမ်းမတွေ ရေ‌ကျော်ကာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ထပ်မံ ဖြစ်ပေါ်နေပါတယ်။
လက်ရှိမှာ မင်းဓမ္မလမ်းမီးပွိုင့် – ကျိုက်ဝိုင်းဘုရားလမ်း – သမိုင်းလမ်းဆုံမှာ ရေကြီးနေသလို မင်းဓမ္မလမ်း – အောင်သိဒ္ဓိလမ်းတလျှောက်၊ ရွာမကျောင်းလမ်း – ဗဟိုလမ်းတလျှောက်အပြင် သုမင်္ဂလာလမ်း စာတိုက်မှတ်တိုင်ကနေ ပဒေသာမီးပွိုင့်အထိနဲ့ တောင်ဥက္ကလာပမြို့နယ်က ဟံသာဝတီလမ်းမကြီးမှာလည်း ရေကြီးတယ်လို့ သိရပါတယ်။
ဒါအပြင် ကမ္ဘာအေးဘုရားလမ်း အင်းယားကန်နား၊ ရတနာလမ်း အာနန္ဒာဘုရားထိပ်၊ ရတနာအိမ်ရာရှေ့အထိ၊ သံလမ်းနား၊ မလိခအိမ်ရာဖြတ်လမ်း၊ မေခ မလိခအိမ်ရာလမ်းတွင်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ဝေဇယန္တာလမ်း၊ ရန်ကင်းမြို့နယ် Golden City ရှေ့၊ ဗဟိုလမ်း၊ လှိုင်ဘူတာရုံလမ်း၊ ပြည်လမ်း (၈) မိုင် တံတားအတက် ကုန်းမြင့်သာရှေ့၊ လေးထောင့်ကန်လမ်းမ၊ ဇဝန၊ ဘီအိုစီ၊ တာမွေ အဝိုင်းလေးနားနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂) လမ်းမကြီးမှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။
“ရတနာလမ်းမပေါ်၊ ရတနာအိမ်ရာရှေ့ ရေကြီးတာက တချို့ကားတွေပါ ထိုးရပ်ကုန်တယ်။ ရေကြီးလို့ လမ်းပိတ်ပါတယ်ဆိုမှ ကားတွေပိုကြပ်ကုန်တယ်။ သုဝဏ္ဏမြို့နယ်က သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နားမှာလည်း ရေကြီးပြီး လမ်းတွေပိတ်နေတယ်။ ရပ်ကွက်တွင်းက လမ်းတော်တော်များများလည်း ရေကြီးနေတယ်။ ဝေဇယန္တာ သုဝဏ္ဏကွင်းရှေ့ကနေ ပြည်သာယာလောက်အထိ လမ်းတခြမ်း ရေမြုပ်နေလို့ လမ်းပြောင်းပြန်၊ တလမ်းသွား ဖွင့်ထားပေးတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့၊ ညပိုင်းကနေစပြီး နှစ်ညဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မနေ့ ဇူလိုင် ၂၉ ရက်၊ မနက် အစောပိုင်းကနေစပြီး လှိုင်သာယာ၊ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ သာကေတ၊ ကမာရွတ်၊ လှည်းတန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း) အစရှိတဲ့ မြို့နယ်တွေအပြင် အောင်မင်္ဂလာအဝေးပြေး ကားဂိတ်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာလည်း မနက်အစောပိုင်းကနေစပြီး မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်တာကြောင့် ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ နေရာတွေထဲက တချို့နေရာတွေမှာ လက်ရှိအချိန်အထိ ရေပြန်မကျသေးသလို ရေဝင်ရောက်ရာ နေရာတွေလည်း ပိုမို များပြားလာတယ်လို့ သိရပါတယ်။
“မိုးက ဒီနေ့မနက် ၉ နာရီလောက်ကနေစပြီး သည်းသည်းမည်းမည်းကို ရွာတာ။ မွန်းလွဲ ၃ နာရီလောက်ကျမှ မိုးစဲတယ်။ အိမ်ထဲလည်း ရေဝင်ကုန်ပြီ။ ကလေးတွေတက်နေတဲ့ အ.မ.က (၅) ကျောင်းမှာလည်း ကျောင်းဝင်းထဲရော၊ လျှောက်လမ်းတွေမှာရော ရေတွေဝင်လာလို့ ကျောင်းကို မနက် ၁၁ နာရီလောက်ကစပြီး စောစော ပြန်လွှတ်ပေးလိုက်တယ်။ ပုံမှန် ကျောင်းချိန်က မနက် ၉ နာရီကနေ၊ မွန်းလွဲ ၃ နာရီအထိ” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အခုလို ရေကြီးရေလျှံမှုတွေဟာ ရေနုတ်မြောင်းတွေမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေ ပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပြီး လူနေအိမ်တွေနဲ့ ရပ်ကွက်တွေက ရေဆိုးတွေဟာ အဓိက ရေမြောင်းတွေကတဆင့် ရန်ကုန်၊ လှိုင်၊ ပန်းလှိုင်နဲ့ ပဲခူးမြစ်တွေထဲကို ကောင်းမွန်စွာ စီးဆင်းနိုင်ခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာတာလို့ သိရပါတယ်။
“စိတ်ပျက်စရာကြီးပါ။ မိုးသည်းတာနဲ့ ရေကြီးရေလျှံ၊ ကားလမ်းတွေပိတ်တာက ထုံးစံလို ဖြစ်နေပြီ။ ဖြေရှင်းနိုင်မယ့်နည်းလမ်း မရှိကြတော့တာလား မသိဘူး။ အခုလည်း မိုးလေးတိတ်သွားလို့ ကားမောင်းမယ်ဆိုပြီး ထွက်တာ နေရာတိုင်းရေကြီးပြီး လမ်းတွေပါပိတ်နေတယ်” လို့ နောက်ထပ် အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။
လက်ရှိ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ကမ်းရိုးတန်းဒေသ တခုလုံးမှာ မိုးများနေတာဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးရွာသွန်းမှု များပြားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အခု ရန်ကုန်မှာ ရွာတဲ့မိုးက မိုးရေချိန် စံချိန်တင် မဟုတ်သေးပါဘူး။ မိုးကောင်းနေတာကတော့ မုတ်သုံ အားကောင်းနေလို့ပါ။ ပြီးတော့ ဒီကာလက ဒီရေတောင့်တဲ့အချိန်လည်း ဖြစ်တယ်။ လပြည့်နေ့နဲ့ လပြည့်ကျော်တရက် ဒီရေတောင့်တာနဲ့ အပေါ်ကရွာလိုက်တဲ့ မိုးကြောင့်ပါ။ ရေဆင်းတာလည်း နည်းတော့ ရေတွေလျှံလာတာ။ အခု ရေကြီးတာက Flash Flood (ရုတ်တရက် ရေကြီးခြင်း) ဖြစ်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ flash ဖြစ်တယ်ဆိုတာ မြစ်တွေ၊ ချောင်းတွေမှာ ရေတွေကြီးတာပေါ့။ အခုကကျတော့ ရေဆင်းမြောင်းတွေက ဆက်သွယ်ထားတဲ့ မြစ်တွေမှာ ဒီရေတက်တဲ့အချိန်၊ အောက်ကနေ ဒီရေ တောင့်တဲ့အချိန်ဖြစ်တော့ အပေါ်ကကျလာတဲ့ ရေတွေက အောက်ကို မဆင်းနိုင်တာမျိုး ဖြစ်သွားတာပါ” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်တဲ့ မနက်ဖြန်မနက်အထိ မိုးရွာသွန်းမှု ခန့်မှန်းချက်တွေအရ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်တိုင်းမှာတော့ ဒေသအလိုက်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်လို့ သိရပါတယ်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးဆက်လက် ပိုနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အပြင် ပဲခူးတိုင်းထဲက ပဲခူးမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက် မြေနိမ့်ပိုင်းမှာ ရေအနက် ၄ ပေ နီးပါး၊ ကျောက်ကြီးစုရပ်ကွက် နေရာတချို့မှာ ရေအနက် ၂ ပေနီးပါးနဲ့ ကလျာဏီရပ်ကွက်ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ နယ်မြေ (၄)၊ (၆)၊ (၁၆) နဲ့ (၂၁) တို့မှာလည်း ရေအနက် ၂ ပေနီးပါးလောက် နစ်မြုပ်လာတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းမြို့နယ်မှာလည်း အနိမ့်ပိုင်းရှိ နေအိမ်တချို့ ရေမြုပ်နေသလို ဓာတ်အားခွဲရုံအတွင်း ရေဝင်ရောက်မှုကြောင့် ညောင်တုန်းမြို့ရှိ ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၈၃ ရွာတို့မှာ ယာယီ ဓါတ်အား ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW