ခန္တီးမြို့နယ်က ဒေသခံ ၇၀ နီးပါးကို နာဂလက်နက်ကိုင်အဖွဲ့ကဖမ်းလို့ လိုက်ရှာတာမှာ စခန်းပါ​ရွှေ့သွားပြီး ​နောက်ထပ် ၅၀လောက်ကိုပါ ထပ်ဖမ်းထား

ဇူလိုင် ၃၀ ၊ ၂၀၂၆
GG (VOM)
Eastern Naga Defence Army (ENDA) နာဂလက်နက်ကိုင်အဖွဲ့က ဖမ်းသွားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး၊ မှန်ပင်ရွာက ဒေသခံအယောက် ၇၀ နီးပါးရှာမ​တွေ့တာအပြင် သူတို့စခန်းအနီးရွာက နောက်ထပ် လူအယောက် ၅၀ လောက်ထပ်ဖမ်းပြီး တပ်စခန်းပါနေရာ ရွှေ့ပြောင်းသွားတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။
မှန်ပင်ရွာက ဖမ်းဆီးခဲ့ရတဲ့ ဒေသခံတွေနဲ့ အဆက်အသွယ်ရှိဖို့အတွက် မိသားစုဝင်တွေက နာဂလက်နက်ကိုင်အဖွဲ့စခန်းရှိရာကို လိုက်သွားခဲ့ပေမယ့် တပ်ဖွဲ့တခုလုံး စခန်းနေရာရွှေ့သွားကြောင်းသိခဲ့ရတဲ့အပြင် စခန်းနဲ့ အနီးမှာရှိတဲ့ ရွှေမြင့်မို့ရ်ရွာက ဒေသခံ အယောက် ၅၀ လောက်ကိုပါ ထပ်မံဖမ်းဆီးခေါ်သွားတာကို သိခဲ့ရတာပါ။
” စခန်းရှိနိုင့်မယ့်နေရာကို သတင်းရလို့ ဒီနေ့ကျွန်မတို့လိုက်သွားကြတယ်။ ဟိုရောက်တော့ တပ်ဖွဲ့တခုလုံးပြောင်းသွားပြီသိရတယ်။ သူတို့စခန်းက ရွှေမြင့်မို့ရ်ရွာအနောက်ဘက်က တောထဲမှာ ရှိတာ ။ စခန်းမပြောင်းခင် အဲဒီရွှေမြင့်မိုရ်ရွာကနေလည်း လူ ၄၀ ကျော် ၅၀ လောက်ပါသွားတယ်သိရတယ်။ လူတွေဆွဲသွားတာက ဟိုနားတစုဒီနားတစုဆွဲသွားတာဆိုတော့ အခုမှ စာရင်းကောက်နေကြတုန်းပဲ။ ကျွန်မတို့ စဖြစ်ကတည်းက အစိုးရဘက်ကို အကူအညီတောင်းထားပါတယ် ။ ” လို့ မိသားစုဝင်တယောက်က ပြောပါတယ် ။
နာဂလက်နက်ကိုင်အဖွဲ့က တပ်စခန်းပြောင်းသွားတဲ့အတွက် ဖမ်းဆီးခံရတဲ့ ဒေသခံတွေ နဲ့ မိသားစုဝင်တွေ အဆက်အသွယ် မရတော့တာကြောင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကူညီပေးစေလိုကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဘက်ကတော့ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ကယ်ထုတ်နိုင်ရေးအတွက် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ် ။
ဒေသခံတွေဖမ်းဆီးခံရတာကတော့ မနေ့က ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှာ နာဂလက်နက်ကိုင်အဖွဲ့ဟာ မှန်ပင်ရွာထဲကို ဝင်ရောက်ပြီး ဝိုင်ဖိုင်သုံးနေတဲ့ အမျိုးသား တွေအပါအဝင် အမျိုးသမီးတွေ ၊ ရွှေမျောလုပ်ကိုင်သူတွေကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
” ည ၉ နာရီခွဲလောက်ဝင်ပြီး ဝိုင်ဖိုင်သုံးနေတဲ့ ကလေးတွေ မိန်းမတွေ အကုန်ခေါ်သွားတယ်။ကျွန်မတို့အိမ်ကငါးယောက်ပါတယ်။ ကျန်တဲ့အိမ်တွေလည်း ခုနှစ်ယောက်ပါတဲ့သူနဲ့ ဘာနဲ့ဆိုရင် ၇၀ နီးပါးရှိတယ်။ ပါသွားတဲ့သူစာရင်းတွေ အခုစာရင်းပြုစု ထားတာ ၆၅ ရှိတယ်။ကျန်တဲ့မိန်းကလေးတွေလိုတာ နာမည်မသိရသေးလို့ ။ ရွာထဲကသူတွေက ၃၀ ကျော်လောက်ပါမယ်။ မျောထဲက ၃၀ ကျော်လောက်ပါမယ်။ တခြားရွာက လာလုပ်တဲ့သူ တချို့တဝက်ပဲပါမယ်။ သူတို့က ရွာထဲကိုအရင်ဝင်တယ်။.ကျွန်မတို့ဆီရောက်တော့ ၉ နာရီခွဲရောက်တယ်။ ကျွန်မတို့မျောက ရွာနဲ့ တနာရီလောက်သွားရတယ်။ စစ်မေးစရာရှိတယ် နှစ်ရက်၊ နှစ်ရက်သုံးရက်လောက်နေရင် အကြောင်းပြန်ပေးမယ်ပြောတယ်။ ” လို့ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲက မိသားစုဝင်တယောက်က ပြောပါတယ် ။
အဆိုပါ နာဂလက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွှေမျောလုပ်ကိုင်သူတွေဆီကနေ မျောတခုကို သိန်း ၁၀၀ ကျော်ကနေ ၂၀၀ ကျော်အထိ တောင်းခံခဲ့သလို မှန်ပင်ရွာထဲက ဝိုင်ဖိုင်စက်တွေကိုလည်း ဆတ်ကြေးကောက်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။
လက်ရှိမှာ ခန္တီးမြို့နယ်အခြေအနေက ခန္တီးမြို့ပေါ်ကို အစိုးရက ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေ မှာတော့ ကချင်လွတ်လပ် ရေးတပ်KIA ၊ ရှမ်းနီတပ်SNAနဲ့ NUG လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရှိသလို နာဂလက်နက်ကိုင်အဖွဲ့ တွေလည်းရှိတယ်လို့ သိရပါတယ် ။

အခုလို ဒေသခံပြည်သူ အယောက် ၇၀ နီးပါးကို ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နာဂလက်နက်ကိုင်အဖွဲ့ ဘက်ကတော့ စာထုတ်အသိပေးတာမျိုးမရှိသေးပါဘူး ။
နာဂလက်နက်ကိုင်အဖွဲ့ဟာ အရင်ကလည်း ဒေသခံတွေကို ဖမ်းဆီးတာမျိုးရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW