တိုက်ပွဲတွေကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထား

 

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃

SP ( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် နယ်စပ်က ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နန့်စီးအောင် အဖွဲ့စုံ ပူပေါင်းစစ်ဆေးဂိတ်စခန်းကို ဒီကနေ့ မနက်ပိုင်းကစလို့ ကချင်ပြည်နယ်ထဲက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တွေက နယ်နှစ်ဘက် ညှပ်ပြီးတိုက်ခိုက်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီဝန်းကျင်က စပြီးတိုက်နေတာဖြစ်တယ်လို့ သိရတယ် ၊ လေကြောင်းတိုက်ခိုက်တာတွေလည်းဖြစ်တယ် ၊ တိုက်ပွဲက အရှိန်ပြင်းတယ် ၊ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲကြောင့် ကချင်ပြည်နယ်ဘက် တက်မယ့် ကားတွေက အင်းတော်နဲ့ နဘားကြားမှာ ခိုလှုံနေကြတယ် ၊ နောက်ပြီး ကချင်ပြည်နယ်ဘက်နေ စစ်ကိုင်းတိုင်းဘက်ကို ဆင်းမယ့် ကားတွေက မိုးညှင်းမြို့နယ်ထဲမှာ ခိုလှုံနေကြတယ် ၊ အတက်ကားနဲ့ အဆင်းကား ခန့်မှန်းချေ ရာနဲ့ချီပြီးရှိတယ် ၊ အဲ့ဒါကြောင့် ဒီမနက်ကစပြီး ကချင်ပြည်နယ်ဘက်ကနေ စစ်ကိုင်းတိုင်းဘက်ကို သွားလို့မရတာကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထားတယ် ” လို့ အဲ့ဒီ နန့်စီးအောင် ဂိတ်နားမှာ ပိတ်မိနေတဲ့ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ နန့်စီးအောင် စုပေါင်းဂိတ် တိုက်ပွဲနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့တွေဆီ VOM က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် အခု ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့ နန့်စီးအောင် စုပေါင်းဂိတ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်က သယ်ဆောင်လာတဲ့ ကားတွေ အပြင် မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ အများဆုံး ဖမ်းမိတဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နဘားကျေးရွာနားမှာရှိတဲ့ ရွှေဘို မြစ်ကြီးနား ကားလမ်း နဘားစုပေါင်းဂိတ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW