တရားမင်လို့ ပုဂ္ဂိုလ်ခင်

 

ဆူးငှက်

 

 

အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာတမ်း ဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှတစ်ဆင့် လူထုဒေါ်အမာ၏ မြန်မာ့အနုပညာဆိုင်ရာ စာတမ်းများကို ရှာဖွေ ဖတ်ရှု ဖြစ်လာသည်။ စာဖတ်နာသော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် “ဗမာသံတွေ ပျောက်ကုန် ပြီ” စာတမ်းကို ဖတ်ရှုဖြစ်ပြီးနောက် မြန်မာမှုသုခမဆိုင်ရာ အသိတွေ၊ စဉ်းစားတွေးခေါ်စရာတွေ ရှိလာသောအခါ လူထုဒေါ်အမာ၏ ဆောင်းပါးများ၊ စာတမ်းများကို ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုဖြစ်လာ၏။

 

 

“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ရှုပြီးသည်နှင့်မန္တလေးနှင့်ပတ်သက်သော သုခုမဆိုင်ရာကိစ္စတွေ ထဲထဲဝင်ဝင် အတော်အတန် သိရှိသွားသည်။ အရွယ်နှင့်မလိုက် လူပုံတိုးကာလူရာဝင်လာသည်။ ထိုမှတစ်ဆင့် မြန်မာစာညွန့်ပေါင်းကျမ်းလို …၊ ကဗျာ့ဘဏ်တိုက်လို၊ ကဗျာ့ပန်းကုံးလို စာအုပ်တွေအပြင်ရိုးရာယဉ်ကျေးမှုဆိုင်ရာ စာအုပ်တွေကို ရှာဖွေဖတ်ရှုလာဖြစ်သည်။ “စာတမ်း”ဆိုင်ရာ စာအုပ်များ၏ တန်ဖိုးကိုလည်း သိရှိလာ၏။ အထူး သဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်နေ့စာတမ်းများက ကျွန်တော့် အသိဉာဏ်ကို အများကြီး “ဆွ” ပေး သွားခဲ့သည်။

 

 

လူထုဒေါ်အမာ အပါအဝင် လူထုဦးလှ ဦးဆောင်သော အထက်ဗမာနိုင်ငံ စာရေးဆရာများ၏ စာများ (ဝါ) သဘောထားများအပေါ် ညွှတ်ကိုင်းလေးစားလာသည်။ သူတို့တရားကို မင်လာပြီ …။

 

 

လူပုဂ္ဂိုလ်များကိုတော့ ဓာတ်ပုံများမှလွဲ၍ အပြင်မှာ မမြင်ဖူးသေး …။ မြင်ဖူးချင်လှ …၊ ထိုမှတစ်ဆင့် … သိကျွမ်းချင်လှပါဘိ…။

 

သိကျွမ်းဖို့ဆိုတာက ကိုယ့်အဆင့်နှင့် မတန်မတရာ …

မြင်ဖူးရလျှင်ပင် “အာဂလူ” ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိမှာ အသေအချာ …။

ဤသို့ဖြင့် …

 

 

 

ဤသို့ဖြင့် ကျွန်တော်သည် လူထုဦးလှ၊ လူထုဒေါ်အမာ အမှူးပြုသော အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းမှ စာရေးဆရာများ၏ စာပေများ၊ စာပေဆိုင်ရာ အယူအဆများ၊ တင်ပြချက်၊ သုံးသပ်ချက်၊ ဝေဖန်ချက်များကို သဘောကျ လာသည်။ နှစ်ခြိုက်လာ သည်။

အထူးသဖြင့် လူထုဒေါ်အမာ၏ “တရား” ကို “မင်” လာသည်။

 

 

လူထုဒေါ်အမာကို မြင်ဖူးချင်လာသည်။ ရင်းရင်းနှီးနှီး သိကျွမ်းကာ စကားတွေ ပြောချင်လာသည်။ နာကြားချင် လာသည်။ ထို့အတူ လူထုဦးလှ …၊ ထို့အတူ လူထုတိုက်ထွက် စာရေးဆရာ၊ ကဗျာဆရာများ …။ မန္တလေးက စာရေးဆရာ၊ ကဗျာဆရာများ..။

 

 

 

ကျွန်တော်တို့ ကောင်းကောင်းမီလိုက်တာက ဟံသာဝတီသတင်းစာ ဘိုးဝဇီရခန်းမ၊ စနေစာပေဝိုင်းများဖြစ်သည်။ သောကြာ၊စနေ၊ တနင်္ဂနွေဟူသော သုံးရက်သည် စာပေပိုးများ တရွရွ ထိုးဆွဆိတ်နှင့် အသည်းဆုံးရက်များဖြစ်သည်။ စာပေမှလွဲ ဘာမှစိတ်မဝင်စား။ ထမင်းမေ့ ဟင်းမေ့။ နေပျော်ဆုံး ဘဝများပဲဖြစ်သည်။ စနေစာပေဝိုင်းတွင် မည်သည့် စာရေးဆရာ စာတမ်းဖတ်မည်ဖြစ်စေ၊ ဖတ်သည်ဖြစ်စေ။ ဟံသာဝတီသည်လည်း၊ ဟံသာဝတီ အယ်ဒီတာချုပ်ဦးဝင်းတင် သည်လည်း “လူထု” နှင့် ယှက်နွှယ်နေသည်ဟု ခံစားရသော ကြောင့် “လူထု” ကိုပဲ ရင်ခုန်နေသည်။

 

 

ထိုစဉ်က လက်ဆည်ကန်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ၃၃လမ်းထောင့် “လူထုစာအုပ်တိုက်” နှင့်မျက်နှာချင်းဆိုင်၊ “နဂါးဆေးလိပ်” ကုမ္ပဏီတိုက်ကြီး (ယခု အောင်သပြေ ကော်ဇောဆိုင်) ရှေ့ပလက်ဖောင်းပေါ်တွင် အနောက်ဘက်သို့ နေစောင်းသည်နှင့် “စက်အေးဖျော်ရည်” ဟူသော ဆိုင်ကလေး ခင်းကျင်းသည်။ “စက်အေးဖျော်ရည်” ဆိုတာ ဇီးဖျော်ရည်၊ လိုင်းမကျူ စသည့် ဖျော်ရည်များ ကို စက်ဖြင့် အေးမြစေပြီး မှန်ကန်ထဲမှတစ်ဆင့် ဖန်ခွက်ထဲ ပိုက်(Tip) ဖြင့် ထည့်ကာရောင်းချခြင်းဖြစ်သည်။ တစ်ခွက် သုံးမတ်(၇၅)ပြား ဖြစ်သည်။ ကျွန်တော်က ညနေစောင်းတာနှင့် ထိုဆိုင်လေး၏ ခွေးခြေခုံလေးမှာထိုင်ရင်း ဇီးဖျော်ရည်(သို့မဟုတ်) လိုင်းမကျူတစ်ခွက် မှာ သောက်သည်။ ဖျော်ရည်ကို စိမ်ပြေနပြေ သောက်ရင်းမျက်နှာချင်းဆိုင်က လူထုတိုက်ဆီ မျှော်လင့် တငံ့လင့်လင့် ကြည့်နေမိ၏။

 

 

ထို့ကြောင့် “စက်အေးဖျော်ရည်” ဆိုင် ဇီးဖျော်ရည်တစ်ခွက် သောက်ရင်း လူထုတိုက်ထဲက တိုက်ပုံအင်္ကျီဝတ်၊ လွယ်အိတ်လွယ်၍ မျက်မှန်ထူထူနှင့် ထွက်လာသူတိုင်းကို အယ်ဒီတာလေလား၊ ဝေဖန်ရေးဆရာလေလား၊ ကဗျာဆရာ လေလား၊ဆောင်းပါးဆရာလေလား ဟူ၍ လည်ဆန့်ကာ ကြည့်ရတာအမော။

 

 

တကယ်တော့ ကျွန်တော့်အသိုင်းအဝန်းမှာ စာနှင့်ပေနှင့် နီးစပ်သူက ခပ်ရှားရှား။ သာမန်လက်လုပ်လက်စးများမို့ အခုလိုနားကြီးမျက်စိကြီး စာပေ အသိုင်းအဝန်း နှင့်က အလွန်ဝေးသည်။ ဘယ်လိုမှ မနီးစပ် …။

 

 

သို့သော် ကျွန်တော့်အထက်က အစ်မ၊ မန္တလေးမှာ ရှိစဉ် အစ်မနှင့် လူထုတိုက်သို့ ၁ခေါက်၊ ၂ခေါက် ရောက်ဖူးသည်။အစ်မက မန္တလေးပန်တျာကျောင်းမှာ ၁၉၆၇ ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး အကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်းထံမွေးစားသမီးကဲ့ သို့ လက်ကတုံး တောင်ဝှေးနေသည်။ ထို့ကြောင့် ရွာပွဲရပ်ပွဲ၊ မင်းပွဲစိုးပွဲများနှင့် ပတ်သက်၍ လူမှုရေးရာကျွမ်းကျင်စွာဖြင့် လူထုဦးလှက စီစဉ်လျှင် အစ်မက ဆရာမကြီး ဒေါ်သြဘာသောင်း ကိုယ်စား ပါဝင်ရသည်။ ထိုအခါ ညဧည့်ခံပွဲအစီအစဉ်အတွက် လူထုတိုက်၌ စုကြလျှင် အစ်မနှင့်အတူ ကျွန်တော်က လိုက်ပါရသည်။ ဤသို့ဖြင့် လူထုတိုက် ဧည့်စားပွဲဝိုင်းလေးတွင် ထိုင်ဖူးသည်။ လူထုတိုက်က ပေါင်မုန့်ကားလေးပေါ် အစ်မပေါင်ပေါ်ထိုင်ပြီး လိုက်ပါဖူးသည်။ ဒါပါပဲလေ …။အစ်မ မုံရွာသို့ ပြောင်းရွှေ့သွားတော့ ထိုထိုကိစ္စတွေ အဆက်ပြတ်သွား ပြန်၏။

 

 

မုံရွာမှာ အိမ်ထောင်ကျသွားသည့် အစ်မ မန္တလေးသို့ ပြန်လာတိုင်း လူထုတိုက်ဝင်သည်။ ထိုအခါ အစ်မနှင့်အတူကျွန်တော်က လိုက်ပါရပြီပေါ့။ အစ်မ ထားရစ်ခဲ့သော မိန်းမစီး စက်ဘီးကို ကျွန်တော်က စီးပြီး အစ်မက နောက်ကထိုင်သည်။လူထုတိုက် ရောက်တော့ တိုက်သူတိုက်သားများ၊ သို့မဟုတ်၊ သားသမီးများက ပန်းချီကားတွေ အများကြီး ချိတ်ဆွဲထားသည့်ဧည့်ခန်းကျယ်ကြီးထဲ နေရာချထားပေး၏။ ကျွန်တော်က နံရံကပ်ထားသည့် ဆက်တီမှာထိုင်ရင်း မှန်ကောင်တာထဲကရှေးဟောင်းပစ္စည်းတွေ၊ နိုင်ငံခြား တိုင်းပြည်အသီးသီးက အထိမ်းအမှတ် အလံတွေ၊ အမှတ်တရ ပစ္စည်းတွေကို တအံ့တသြကြည့်နေမိ၏။ ဦးဘသက်၊ ဦးစောမောင်၊ ဦးခင်မောင်(ဘဏ်)၊ ပေါ်ဦးသက်တို့၏ ဆီဆေးပန်းချီကားကြီးတွေကိုလည်း မဝံ့မရဲမျက်လွှာပင့်ကာ ကြည့်နေရ၏။ ရှေးဟောင်း ကိန္နရီ၊ ကိန္နရာ ရုပ်၊ ဘီလူးပန်းဆွဲရုပ်များ ကပ်ထားသည့် နံရံများဆီသို့လည်း လှမ်းကြည့်မိသည်။ ခဏနေတော့ ကျောက်ကာ ယွန်းဗျပ်လေးပေါ် မုံရွာချည် လက်သုတ် အသစ်လေးခေါက်တင်ထားပြီး သံပုရာရည်ဖြစ်စေ၊ ကော်ဖီဖြစ်စေ ရောက်လာသည်။

 

 

ထို့နောက် အသံသြဇာအပြည့်ဖြင့် “မခင်ဝင်း ရောက်လာပြီလားဟေ့” ဟု ရင်းရင်းနှီးနှီး နှုတ်ဆက်သံနှင့်အတူစာကြည့်ခန်းထဲက လူထုဦးလှထွက်လာတတ်သည်။ အိန္ဒိယပလေကပ်လုံချည် အကွက်ကျဲကျဲနှင့် ဥပဓိရုပ်က လေးစားဖွယ်ခံ့ညားနေ၏။ သို့မဟုတ် … “ခင်ဝင်းရေ …၊ ညည်းရောက်လာပြီလားဟေ့” ဟူသော နွေးနွေးထွေးထွေး ကြိုဆိုသံနှင့်အတူ ရေးလက်စ ပတ်ကားဘောလ်ပင်လေး အင်္ကျီမှာ ချိတ်ရင်း လူထုဒေါ်အမာက ကြိုဆိုသည်။ ဇနီးမောင်နှံနှစ်ယောက် ပြိုင်တူ ထွက်လာကြတာမျိုးက ခပ်ရှားရှား …။ အလုပ်နှင့်လက်က ချိန်မလပ် ထိစပ်နေသူများမို့ အလုပ်ချိန်နှင့် လူမှုရေးကို အမြဲတမ်း ချိန်စက်နေကြရတော့ အချိန်တိုင်း တန်ဖိုးရှိနေလို့ ဖြစ်မည်။ လူထုဦးလှဖြစ်စေ …၊ လူထုဒေါ်အမာဖြစ်စေ မာကြောင်းသာကြောင်းတွေမေး၏။ အစ်မ ပြောသမျှတွေ လေးလေးနက်နက် နားထောင်၏။

 

 

အစ်မက ပြန်ခါနီး ဆက်တီပေါ်မှ ဆင်းပြီး  လူထုမောင်နှံကို ကန်တော့သည်။ ကျွန်တော်ကလည်း အစ်မနှင့်အတူကန်တော့၏။ “နေဦး၊ နေဦး ခင်ဝင်းတို့ မောင်နှမကို စာအုပ်လေးတွေ ပေးကြဦးစို့” ဟုဆိုကာ လူထုတိုက်ထုတ် စာအုပ်များလည်းလက်မှတ်ထိုးကာ ပေးလိုက်သေး၏။ အများအား ပုံပြင်စာအုပ်များဖြစ်သည်။ ထိုစဉ်ကတော့ ကျွန်တော်က အစ်မ၏ အဖော်အဖြစ် လိုက်သွားရသော ကလေး သာသာ …။

 

 

၁၉၈၀ ဝန်းကျင် တစ်ခါတစ်ရံ အစ်မ မန္တလေးလာ၍ လူထုတိုက်သို့ သွားလျှင်လည်း ကျွန်တော် အဖော်လိုက်ရဆဲဖြစ်သည်။ သည်အခါ ကျွန်တော်က မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကျောင်းသား …။ ကိုငြိမ်းချမ်း(ဆရာညီပုလေး) ကလည်းတက္ကသိုလ်ကျောင်း သား …။ ဆယ်တန်းတစ်နှစ်တည်း အောင်၍ တက္ကသိုလ်သို့ တစ်နှစ်တည်း တက်ကြ၍ မျက်မှန်းတန်းမိ …။ထို့ကြောင့် လူထုတိုက်ရောက် ၍ ဧည့်ခန်းထဲထိုင်စောင့်နေရလျှင် ကိုငြိမ်းချမ်းက … မိုးဝေတို့၊ ရှုမဝတို့လို မဂ္ဂဇင်းစာအုပ်မျိုးတွေလာချပေးတတ်သည်။ ထိုအချိန် ကျွန်တော်ကလည်း မိုးဝေနှင့် ရှုမဝကို မုန့်ဖိုးထဲက စု၍ လစဉ်ဝယ်ယူ စုဆောင်းဖြစ်နေသည်။ ဗညားသီဟ၏ စာပေစစ်တမ်းများနှင့် ဒဂုန်တာရာ၏ ပန်းနုရောင်နှစ်ကာလများမှ “စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်မလဲ” တို့ကို စွဲနစ်နေသည်။ ကျွန်တော်က ထို အကြောင်းတွေ ကိုငြိမ်းချမ်းနှင့် ဆွေးနွေးကြည့်ချင်နေသည်။ လူထုဒေါ်အမာကိုမူ စုဖုရားလတ်၏ ရတနာဂီရိ အိမ်နိမ့်စံဘဝနှင့် ပတ်သက် ၍ မေးမြန်းချင်နေသည်။ လူထုဒေါ်အမာ၏ စုဖုရားလတ်အပေါ်အမြင်ကိုလည်း သဘောကျနေသည်။ သို့သော် ကျွန်တော်သည် ဘာမှ မဟုတ်။ လူထုဒေါ်အမာက ဒေါ်သြဘာသောင်းလက်ထက်ကတည်းက သြဘာသောင်းထံတွင် မွေးစားသမီးပမာ ပညာအကုန်ယူခဲ့၍ သံယောဇဉ်ကြီး စောင့်ရှောက်ခဲ့သော အစ်မနှင့်ပတ်သက်၍သာ၊ ကျွန်တော့်ကို အစ်မမောင်အဖြစ် တစ်ဆင့်ခံ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါ၏။ ကျွန်တော်က လူထုဒေါ်အမာကို အဲသလို သိကျွမ်းပုံမျိုးနှင့် မရောင့်ရဲနိုင် …။

 

 

ထို့ကြောင့်လည်း ကျွန်တော်က လူထုတိုက်နှင့် မျက်နှာချင်းဆိုင် နဂါးဆေးလိပ်ကုမ္ပဏီတိုက်ကြီးအရိပ်က “စက်အေးဖျော်ရည်” ဆိုင်လေးမှာ တစ်ယောက်တည်း ဖျော်ရည်မှာသောက်ရင်း လူထုတိုက်ဆီ လည်ဆန့် ငေးမျှော်နေခြင်း ဖြစ်ပါ၏။ “စက်အေးဖျော်ရည်” ဆိုင် ဇီးဖျော်ရည်တစ်ခွက် သောက်ရင်း လူထုတိုက်ထဲက တိုက်ပုံအင်္ကျီဝတ်၊ လွယ်အိတ်လွယ်၍ မျက်မှန်ထူထူနှင့်ထွက်လာသူတိုင်းကို အယ်ဒီတာလေလား၊ ဝေဖန်ရေးဆရာလေလား၊ ကဗျာဆရာ လေလား၊ ဆောင်းပါးဆရာလေလား ဟူ၍လည်ဆန့်ကာ ကြည့်ရတာအမော။ မောင်သစ်လွင်(လူထု)လား၊ မောင်စွမ်းရည်လား၊ တင်မိုးလား၊ ကြည်အောင်လား၊ ကိုလေး(အင်းဝဂုဏ်ရည်)လား၊ တက္ကသိုလ်မောင်စောလွင်လား၊  မောင်သာနိုးလား၊ မောင်သိန်းနိုင်လား၊ မောင်မိုးသူလား..။ မှန်းဆရတာ အမော..။

 

 

 

၁၉၈၅ ဝန်းကျင်တွင် ဈေးချိုနာရီစင်အနီးက ညဈေးတန်းကို ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ် ရွှေ့တော့ ညဈေးတန်းက စာအုပ်တန်းလည်း ၇၉လမ်း ၃၂လမ်းနှင့် ၃၃လမ်းကြားရောက်သွားသည်။ တစ်ညနေခင်းတွင် ၇၉လမ်းပေါ်က ဥတ္တရလွင်ပြင်စာပေသို့ ရောက်သောအခါ ဦးရည်စိန်၏ သရေခေတ္တရာ ပျူဂီတအဖွဲ့အကြောင်း စာတမ်းပါသည့် နိုင်ငံသမိုင်းသုတေသနစာစောင် အမှတ် ၃ ရှိသလားဟုမေးတော့ အနားမှာ စာအုပ်ကြည့်နေသော ဖျင်ပင်နီအင်္ကျီနှင့် မျက်မှန်နှင့် ပုဂ္ဂိုလ်တစ်ယောက်ကကျွန်တော့်ကို မျက်မှန်ပေါ်က ကျော်ကြည့်ရင်း ကိုရင်က ပျူတွေကို စိတ်ဝင်စားသလားဟု မေးသည်။ ဆိုင်ရှင် (ဆရာသင့်နော်) က ကျွန်တော့်ကို ထိုပုဂ္ဂိုလ်နှင့် မိတ်ဆက်ပေးသည်။ အင်းဝက ကဗျာဆရာ ကြည်အောင်တဲ့။ ဆရာကြည်အောင်ကို ကျွန်တော်စတင်တွေ့ဖူး သိကျွမ်းဖူးခြင်းဖြစ်ပါ၏။ မကြာပါ ဆရာကိုလေး(အင်းဝဂုဏ်ရည်) ကိုလည်း ထိုညဈေးတန်း တောင်ဖျားစွန်း၇၉လမ်းပေါ် ၃၄လမ်းထိပ်က နွေဒေသ စာအုပ်ဆိုင်မှာ တစ်နေ့ခင်းသား တွေ့ကြုံ သိရှိခွင့် ရခဲ့ပါ၏။ ဆရာမောင်သစ်လွင်(လူထု) နှင့်တော့ ၁၉၉၃ခုနှစ်တွင် ရွှေဝတ်ရည်မဂ္ဂဇင်းတွင် ဆရာ့အရိပ်ခိုကာ ပညာသင်ခွင့်ရခဲ့ပါသည်။

 

 

ဆရာမောင်စွမ်းရည်ကို ၁၉၈၃လောက်က ရန်ကုန်ရောက်ခိုက် ကမာရွတ်အိမ်တွင် တွေ့ဖူးသည်။ ထိုအခေါက်မှာပဲ အင်းစိန်က ဆရာတင်မိုး၏ ချစ်စဖွယ် အိမ်သို့ ရောက်ခဲ့ပါ၏။ သို့သော် ဆရာ့ကိုမတွေ့ခဲ့ရ။ ဆရာတင်မိုးကို မန္တလေးသို့ ဆရာမြသန်းတင့် ဆရာမခင်ဆွေဦးတို့နှင့် ဟောပြောပွဲလာကြမှ သိကျွမ်းရသည်။ ၁၉၈၄လောက်က ဖြစ်မှာပေါ့။

 

 

 

လူချင်းမတွေ့ဖူးခင် အစောကြီးကတည်းက နာမည်ကို ရင်းနှီးကာ ငယ်ဘဝအကြောင်းထိ တစွန်းတစ ကြားသိဖူးနေတာက ဆရာမောင်မိုးသူဖြစ်သည်။ ဆရာက မန္တလေးအနောက်ပြင် ဥယျာဉ်တန်းသား ဖြစ်သည်။ ကျွန်တော်က ဥယျာဉ်တန်းအရှေ့ဘက် မိကျောင်းတံတားသာ ခြားသော ဒေါင်းရိုး သင်္ဘောတန်းသားဖြစ်သည်။ ကျွန်တော့ အစ်မဝမ်းကွဲ တစ်ယောက် ကဥယျာဉ်တန်းသားနှင့် အိမ်ထောင်ကျပြီး ဥယျာဉ်တန်း ဦးတာရဲဈေး(ယခု ပြည်ကျော်ဈေး) မြောက်ပေါက် အနီးမှာ နေသည်။အစ်မ ခင်ပွန်း ဥယျဉ်တန်းသားက ကြေးမုံသတင်းထောက်ဖြစ်သည်။ သူ့အိမ်မှာ သတင်းစာ ဂျာနယ်နှင့် စာစောင်ဟောင်းတွေအသစ်တွေစုံသည်။ ကျွန်တော်က သူတို့ အိမ်ရောက်တိုင်း အိမ်အပေါ်ထပ်က သတင်းစာနှင့် စာအုပ်ပုံကို မွှေသည်။ ဖတ်ချင်သောသတင်းစာတွေ စာစောင်တွေ ယူပြီး ထမင်းမေ့ဟင်းမေ့ဖတ်သည်။ ကျွန်တော် ဝါသနာပါမှန်းသိတော့ ယောက်ဖက သတင်းစာအကြောင်း၊ သတင်းထောက်အကြောင်း၊ စာရေးဆရာတွေအကြောင်း ပြောသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်ဆက်စပ်သော ကျွန်တော်သိချင်သည့် မေးခွန်းတွေဖြေသည်။

 

 

ထိုထိုအခါ တိုင်း သူနှင့် တစ်ရပ်ကွက်သားချင်းဖြစ်ကာ သူနှင့် ရင်းနှီးသော သူ့အခေါ် ကိုစိန်မြင့် ခေါ် ဆရာမောင်မိုးသူအကြောင်း အမြဲပါသည်။ အရှေ့ဖက် ရွှေတချောင်းအနီး ကိုးတာစာကြည့်တိုက်မှာ စာဖတ်ကြသည့်အကြောင်း၊ မောင်မိုးသူကစာကြည့်တိုက်က စာအုပ်တွေ တိုက်လုံးကျွတ် ဖတ်ခဲ့ကြောင်း၊ စာသာမက ရုပ်ရှင်ကိုပါ ဝါသနာပါသည့် အကြောင်း၊နံရံကပ်စာစောင်တွေ လက်ရေးစာစောင်တွေ ထုတ်ခဲ့ကြသည့်အကြောင်း စသည်ဖြင့် သိရှိနေရသည်။ ထို့နောက် မန္တလေးကသတင်းစာတိုက်တွေနှင့် ကျောင်းသား သမဂ္ဂတွေနှင့် ဆက်စပ်ရာအကြောင်းတွေ။ ထိုမျှမက ဆရာမောင်မိုးသူ မင်းတဲအီကင်းသူနှင့် အကြောင်းပါသည်အထိ ယောက်ဖက ပြောပြသည်။ ထို့ကြောင့် ဆရာမောင်မိုးသူ ကို လူချင်းမတွေ့ဖူးခင် ကတည်းက ဆရာ့နာမည်ကို ကျွန်တော်ရင်းနှီး သိကျွမ်းနေသည်။ လူချင်းကတော့ ၁၉၉၅ခုနှစ်လောက်မှ တွေ့ဆုံဖူးသည်။ ရန်ကုန် ဓနမဂ္ဂဇင်းတိုက်မှာပေါ့။ သည်အချိန် ကျွန်တော်က မြန်မာ့ဓနမဂ္ဂဇင်းမှာ ပင်တိုင်ရေးနေပြီ။ ဆရာမောင်မိုးသူက ဓနမဂ္ဂဇင်းမှာ အကြံပေးနာယကအယ်ဒီတာအဖြစ် ဦးဆောင်နေသူ။ ဓနနှင့် မြန်မာ့ဓနဆိုသည်ကလည်း အပြိုင်အဆိုင်။ သည်တော့ ကျွန်တော့မှာ ဆရာမောင်မိုးသူနှင့် ပထမဆုံးတွေ့ရမှာ ရှိမ်းဖိန်းနေသည်။ ဒါကြောင့် အတူပါလာသည့် အဖော်များနောက်မှာ ခပ်ရို့ရို့ ခပ်ကွယ်ကွယ်။ ဒါပေမယ့်ကျွန်တော့်နာမည် ကြားသည်နှင့် ဆရာက အားရဝမ်းသာ နှုတ်ဆက်သည်။ မြန်မာ့ဓနက ကျွန်တော်ရေးနေသော ကလောင်ဝှက်နှင့် ပင်တိုင်ခန်းကိုပင် တခုတ်တရ ချီးကျူးသည်။ အဖွဲ့လိုက် လက်ဖက်ရည်ဆိုင် သွားကြတော့ပင် ကျွန်တော့ပုခုံးဖက်ကာ မြန်မာ့ဓနမဂ္ဂဇင်းတိုက်ကိုလည်း ရောက်ပြီးပြီလား၊ တခြားဘာတွေရေးဖြစ်လဲ၊ ဝတ္ထုတိုတွေလည်း ဖတ်ရတယ် စသည်ဖြင့်ရင်းရင်းနှီးနှီး ပြောဆိုသည်။

 

 

နောက်ပိုင်း ဆရာမန္တလေးရောက်တိုင်း လူထုတိုက်ဝင်လာပြီး မန္တလေးက စာရေးဆရာတွေနှင့် လက်ဖက်ရည်သောက်ရအောင် ဆရာက ချိန်းသည်။ တွေ့လိုက်တိုင်း ဆရာ့မှာ လူငယ်လေး တစ်ယောက်ထက် ပိုမို သွက်လက် နေသည်။ လူထုတိုက်မှာ ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် တွေ့တိုင်းလည်း ရယ်စရာမောစရာတွေနှင့် ရှေးဟောင်း နှောင်းဖြစ်တွေ ပြောသည်။ ဆရာလာတိုင်း တွေ့တိုင်း ဒေါ်ဒေါ်ပျော်သည်။ ထိုစဉ်က တစ်နှစ်မှာ အနည်းဆုံး ၂ခေါက်လောက် မန္တလေးသို့ ဆရာရောက်တတ်သည်။သည်ကြားထဲ ဖျိုးခနဲ ဖျပ်ခနဲ မထင်မှတ်ဘဲ ဆရာရောက် လာတတ်သည်။ ဆရာမန္တလေးရောက်တိုင်း လူထု လက်ဖက်ရည်ဝိုင်းသယမက အောင်တော်မူက ဦးမျိုးခင်၏ ထန်းရိပ်ညို ပန်းချီပြခန်းသို့လည်း ညနေခင်းအချိန်ရောက်လာလျှင် ဆရာ့မှာ ပိုမိုလွတ်လပ်ပေါ့ပါးနေသည်။ ရုပ်ရှင်ဒါရိုက်တာ အတွေ့အကြုံတွေကို တဝါးဝါးတဟားဟားပွဲကျအောင် ဆရာပြောသည်။

 

 

 

နောက်ပိုင်း ဆရာမောင်မိုးသူ မန္တလေး အလာကျဲသွားသည်။ ဒေါ်ဒေါ်မရှိတော့လို့လည်း ဖြစ်မည်။ ကျန်းမာရေးကြောင့်လည်း ဖြစ်မည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလထဲ မန္တလေးသို့ ဆရာရောက်လာတော့ ထူးထူးခြားခြား မန္တလေးက စာပေမိတ်ဆွေအတော်များများနှင့် ဆရာက တွေ့ချင်သတဲ့။ ထို့ကြောင့် ဆရာညီပုလေးတို့ ဆရာ ကျော်ရင်မြင့်တို့က ကွန်မြူနတီစင်တာတွင်ဆရာနှင့် တွေ့ဆုံပွဲ စီစဉ်ပေးသည်။ ဆရာမောင်သစ်လွင်(လူထု) ဦးဆောင်ကာ လူကြီး လူလတ် လူငယ်မကျန် စာပေနှင့် သတင်းမီဒီယာ မိတ်ဆွေများတက်ကြသည်။ ဆရာမောင်သစ်လွင်(လူထု) က အစ ဆရာမောင်မိုးသူနှင့် အမှတ်တရတွေကို ရင်းနှီးစွာပြောကြလို့ ပျော်စရာကောင်းသည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ တကယ်တော့ ဆရာမောင်မိုးသူက အသက်အရွယ်အရ ကျန်းမာရေးအရမန္တလေးသို့ နောက်တစ်ခေါက် မလာနိုင်တော့ လို့ နောက်ဆုံးနှုတ်ဆက်ပွဲကို အလွမ်းမပါ အပျော်ဖြင့်သာ အားလုံးစိတ်ချမ်းသာအောင် ကြိတ်မှတ် မျိုသိပ် ရယ်ပွဲဖွဲ့ကာ နှုတ်ဆက်သွားခြင်း မဟုတ်ပါလား။ အခု ပြန်လှန်တွေးတော့ မျက်ရည်လည်သည်အထိဝမ်းနည်းစရာ။ သြော်… တရားမင်လို့ ပုဂ္ဂိုလ်ခင်ရ လေးစားရတဲ့ ဆရာများကတော့ အစစ အတုယူစရာ။

 

ဆူးငှက်

 

#voiceofmyanmar #VOM #မောင်မိုးသူ(၁၉၃၇ – ၂၀၂၁ စက်တင်ဘာ ၁) #ဆူးငှက်

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW