ကိုယ်ကြိုက်တာကိုယ်လုပ်

 

 

AT

 

မြန်မာနိုင်ငံဟာ ပဋိပက္ခတွေ၊ အာဏာရှင် အုပ်စိုးမှုတွေ၊ လူမျိုးစုအခြေပြု နိုင်ငံရေးတွေနဲ့ ရုန်းကန်ခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာကနေ ရာစုနှစ်နားကပ်လာနေလို့  တိုင်းပြည်အခြေအနေဟာ သူများနိုင်ငံတွေနောက်ကို အတော်နောက်ကျနေရတာ လူတိုင်းအသိပါ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နောက် နစက အာဏာရယူပြီး နောက်ပိုင်းမှာတော့ နိုင်ငံဟာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေထဲကို ထပ်မံ သက်ဆင်းရပြန်ပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွဲခံရပြီးနောက်မှာတော့ လက်နက်ကိုင် တော်လှန်မှုဆီကို ကူးပြောင်းသွားပါတယ်။

တော်လှန်ရေးဆိုတဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ အစွန်းရောက်မှုဆိုတဲ့ နောက်ထပ် အန္တရာယ်တခုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အစွန်းရောက်မှုအကြောင်း ပြောမယ်ဆိုရင် အဖွဲ့အစည်းတခု ဒါမှမဟုတ် ဝါဒတခုမှာပဲ ကန့်သတ်ထားလို့ မရနိုင်ပါဘူး။

အစွန်းရောက်မှုဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဘာသာရေး အသိုင်းအဝိုင်းနဲ့ လက်နက်ကိုင်အုပ်စုတွေထဲမှာ တည်ရှိနေတာကို တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံက အစွန်းရောက်မှုမှာ လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေး မုန်းတီးမှု၊ လက်စားချေမှု၊ ကိုယ်နဲ့ မတူသူကို ရန်သူအဖြစ် သတ်မှတ်မှု စတဲ့ ပုံစံတွေနဲ့ တွေ့နိုင်ပါတယ်။

အစွန်းရောက်မှုကို နည်းမှန်လမ်းမှန် မကိုင်တွယ်နိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး အတွက် ဆူးညှောင့်ခလုတ် ဖြစ်လာနိုင်တာပါ။

 

အစိုးရ ကျောထောက်နောက်ခံပြု အစွန်းရောက်မှု

 

အမြင်သာဆုံးနဲ့ အန္တရာယ်အများဆုံး အစွန်းရောက်မှုကို သာဓကအနေနဲ့ ပြရရင် ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ သူတွေရှင်းလင်းတဲ့ အရေးကိစ္စမှာ အထင်အရှား တွေ့နိုင်ပါတယ်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အထောက်အထားမဲ့သူတွေကို သတ်ဖြတ်မှု၊ လူပေါင်း ၇၀၀,၀၀၀ ကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေမှုတွေ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာက စွပ်စွဲတာ ခံခဲ့ရသလို နိုင်ငံခေါင်းဆောင်တွေ နိုင်ငံတကာ ခုံရုံးမှာဖြေရှင်းခဲ့ရ ဖြေရှင်းနေရဆဲ ဖြစ်တာမို့  သတိထားစရာပါ။

အဲ့ဒီ ကျူးလွန်မှုတွေကို အမျိုးသားရေးထက်သန်သူတွေက အားပေးထောက်ခံမှုတွေ ပြုလုပ်ခဲ့ပြီး အထောက်အထားမဲ့ဝင်လာသူတွေဟာ ဗုဒ္ဓဘာသာနဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ခြိမ်းခြောက်မှုတခုအနေနဲ့ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

 

နယ်သာလန် နိုင်ငံတကာတရားရုံးမှာ နိုင်ငံခေါင်းဆောင်တွေ သွားရောက်ဖြေရှင်းချိန်မှာ မြန်မာပြည်ကျန်ခဲ့တဲ့ပြည်သူတွေက အင်အားသိန်းသန်းချီပြီး ခေါင်းဆောင်တွေနဲ့အတူရှိကြောင်း  We stand with ဆိုပြီး အင်အားတွေပြခဲ့ကြပါတယ်။ ဒီလိုအကြောင်းတွေကြောင့် နိုင်ငံတကာက အထင်အမြင်တွေပိုလွဲကုန်တာတွေ ဖြစ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် နစကတက်ပြီး နောက်ပိုင်းမှာလည်း မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွင်း ပစ်ခတ်မှုတွေအပြင် လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်၊ ကရင် စတဲ့ ဒေသတွေမှာ အရပ်သားအများအပြားကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တယ်လို့ အတိုက်အခံအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားတာပါ။

ဒါ့အပြင် အတိုက်အခံ နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှု မလုပ်ဆောင်ဘဲ အကျဉ်းထောင်အတွင်းမှာ သေဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ လို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ကလေးငယ်တွေ သေဆုံးမှုကို စာနာကြောင်း လူမှုကွန်ယက်မှာ ရေးသားမိသူတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုပါ ပစ်မှတ်ထား ဖိနှိပ်မှုတွေကိုလည်း မြင်တွေ့ရပါတယ်။

တပ်မတော် ထောက်ခံသူတွေကလည်း အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေအပြင် CDM အစိုးရ ဝန်ထမ်းတွေကိုပါ အကြမ်းဖက် သောင်းကျန်းသူတွေအဖြစ် သတ်မှတ်ပြီး အပြင်းအထန် နှိပ်ကွပ်ဖို့ နစက ကို တောင်းဆို တိုက်တွန်းခဲ့တာပါ။

 

လက်နက်ကိုင် တော်လှန်မှုထဲက အစွန်းရောက်မှုများ

 

မြန်မာ့တပ်မတော်ရဲ့ အစွန်းရောက် လုပ်ရပ်တွေကိုပဲ ရေးသားဖော်ပြပြီး အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထောက်ခံသူအချို့ရဲ့ အစွန်းရောက်မှုကို မရေးသားဘူးဆိုရင် မရိုးသားရာ ကျပါလိမ့်မယ်။

ဒေါသတွေ၊ နာကျင်မှုတွေ၊ လက်စားချေလိုမှုတွေက တွန်းပို့လိုက်တဲ့ အစွန်းရောက် လုပ်ရပ်တွေကို လက်နက်ကိုင် ခုခံမှုအတွင်း မြင်တွေ့နေရပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့ ကျေးလက်ဒေသတချို့မှာ နစက သတင်းပေးလို့ သံသယရှိသူတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ နစက ထောက်ခံတယ်လို့ သံသယရှိတဲ့ အရပ်သားတွေကို သင့်တင့်တဲ့ တရားစီရင်မှု မလုပ်ဆောင်ဘဲ သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို လူမှုကွန်ယက်မှာ အများအပြား တွေ့ရပါတယ်။

မြို့ပြမှာတော့ ဒလန်အဖြစ် သံသယရှိသူတွေ၊ ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်မှု မရှိတဲ့ တပ်မတော် အရာရှိဟောင်းတွေ၊ တပ်မတော်ထောက်ခံသူတွေကို ထင်သလို သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြတာပါ။

ဖြစ်စဉ်အချို့မှာ လမ်းသွားလမ်းလာ ပြည်သူလူထုတွေလည်း ထိခိုက်ခဲ့ပြီး တော်လှန်ရေး လှုပ်ရှားမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့ကို မထောက်ခံသူတွေ၊ လက်နက်ကိုင်တွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်အချို့ကို ဝေဖန်ထောက်ပြသူတွေ၊ ပြည်တွင်းနေ အနုပညာရှင်တွေ၊ သတင်းမီဒီယာတွေကို လူမှုကွန်ယက်မှာ ဒလန်၊ ဘောမ စတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြီး သပိတ်မှောက်ဖို့ လှုံ့ဆော်ကြတဲ့ အစွန်းရောက်မှုကိုလည်း တွေ့နိုင်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ပဋိပက္ခမှာ ဘယ်ဖက်ကမှ မရပ်တည်တဲ့ ကြားနေသူတွေအတွက် ရပ်တည်ဖို့ ခက်ခဲလာစေပါတယ်။

ကြားနေသူတွေကို ဒလန်၊ ဘောမလို့ သုံးနှုန်းပြီး ဝေဖန်၊ သပိတ်မှောက်ကြတဲ့ လုပ်ရပ်တွေကြောင့် မတူကွဲပြားတဲ့ အသံတွေ တိတ်ဆိတ်သွားပြီး မဖြစ်မနေ ဘက်တဖက်ကို ရွေးချယ်လိုက်ရသူတွေကိုလည်း တွေ့ရပါတယ်။

ဒီလုပ်ရပ်တွေဟာ အစီအစဉ်နဲ့ စနစ်တကျ လုပ်ဆောင်မှုတွေလို့ ပြောလို့မရပေမယ့် အခုလို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နှစ်ဖက် အမုန်းတရားတွေ ပိုမို များပြားလာနိုင်ပါတယ်။

 

အစွန်းရောက်မှုကို ဘာကြောင့် ခုခံတွန်းလှန်သင့်လဲ

 

ဖိနှိပ်မှုကို တုံ့ပြန်တာဟာ တရားနည်းလမ်းကျပြီး ဖြစ်သင့်တဲ့ အရာပေမယ့် မတူညီတဲ့ ပုံစံနဲ့ တုံ့ပြန်မှုမျိုးပဲ ဖြစ်သင့်ပါတယ်။

ဖိနှိပ်သူရဲ့ လုပ်ရပ်တွေကို မနှစ်သက်လို့ တုံ့ပြန်တဲ့ ကိစ္စမှာ ဖိနှိပ်သူရဲ့ လုပ်ရပ်တွေအတိုင်း တုံ့ပြန်မယ်ဆိုရင် ဖိနှိပ်သူနဲ့ ထူးမခြားနား ဖြစ်သွားမှာပါ။

အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုမရှိတဲ့ အရပ်သားတွေ၊ အရပ်သား ပိုင်ဆိုင်မှုတွေအပြင် စစ်သုံ့ပန်းတွေ၊ ဒဏ်ရာရ စစ်သားတွေအပေါ်မှာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

ဝေဖန်သူတွေ၊ ကြားနေသူတွေရဲ့ အသံတွေကို နှစ်ဖက်လုံးက ဂရုစိုက်နားထောင်သင့်ပြီး တံဆိပ်ကပ် တိုက်ခိုက်မှုတွေကို မလုပ်ဆောင်သင့်တော့ပါဘူး။

အစွန်းရောက်မှုဟာ သံသရာလည်တဲ့ သဘောရှိပြီး တဖက်ရဲ့ အစွန်းရောက်မှုကို အခြားတဖက်က တုံ့ပြန် အစွန်းရောက်တာဟာ ကောင်းမွန်တဲ့ အလေ့အထ မဟုတ်ဘဲ ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဒီမိုကရေစီ ထူထောင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

အစွန်းရောက်မှုတွေကို ရပ်တန့်ဖို့ မကြိုးစားရင် မြန်မာနိုင်ငံဟာ မပြီးဆုံးနိုင်တဲ့ ပဋိပက္ခ ဝဲဂယက်ထဲမှာ တဝဲလည်လည် ဖြစ်နေပြီး အကျိုးဆက်ကို ခံစားရမှာဟာ ပြည်သူလူထုပဲ ဖြစ်ပါတယ်။

အနာဂတ် မြန်မာနိုင်ငံကို အမုန်းတရားတွေ၊ အာဃာတတွေ၊ အစွန်းရောက်မှုတွေနဲ့ မဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာမှုတွေနဲ့ တည်ဆောက်ကြရအောင်ပါ။ အားလုံးခြုံပြီးပြောရရင် ကိုယ့်ကိုလုပ်တာမကြိုက်တဲ့ အပြုအမှု အပြောအဆိုမျိုးကို ကိုယ်ကလည်း သူများကိုမလုပ်မိစေဘဲ ဆင်ခြင်ဖို့ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြဖို့လိုကြောင်း တိုက်တွန်းလိုက်ပါရစေ။

AT

 

ဆောင်းပါးပါ သဘောထားတွေဟာ စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး VOM  ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW