သွေး (စစ်ကိုင်း)
၂၀၁၉ ခုနှစ်က စ,တင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး လက်ရှိကာလမှာ ကူးစက်မှုနည်းပါးလာသို ဖြစ်နေပေမဲ့ ဒီနေ့ထိ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်း ကိုဗစ် 19 ဗိုင်းရပ်စ်တွေ အမျိုးမျိုး ရှိတာကြောင့် ကပ်ရောဂါဖြစ်ပွားမှု ရပ်တန့်ပြီးဆုံးသွားတဲ့ အခြေအနေမျိုး မရှိသေးပါ။ အထူးသဖြင့် အခုလို အေးမြတဲ့ ရာသီဥတုမှာ မြို့ပြနှင့် ကျေးလက် လူမှုဝန်းကျင်အတွင်း အအေးမိ, နှာစေး, ချောင်းဆိုး စ,တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။
နောက်ပိုင်းမှာ အဲဒီအဆုတ်ရောင်ရောဂါကို COVID–19 လို့ အမည်ပေး သတ်မှတ်ပြီး ကမ္ဘာတလွှား ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပေမဲ့ ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ စီးပွားရေး, လူမှုရေး ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လထဲမှာ ကိုဗစ်-19 ဗိုင်းရပ်စ် ကူးစက်မှု စ,တင်တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ, အာရှ, အာဖရိက, ဥရောပနဲ့ အမေရိကတိုက်တို့မှာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေကို မှီခိုနေရတဲ့ နိုင်ငံတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
တစ်ဖက်ကလည်း ကိုဗစ်-19 ရောဂါကာကွယ်ဆေး အတွက် ပညာရှင်တွေက သုတေသနပြု စမ်းသပ်ဖော်ထုတ်လာကြသလို Covidshield, Sinopharm, Moderna လို ကာကွယ်ဆေးတွေလည်း ထွက်ပေါ်လာခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်ခဲ့သလို ကိုဗစ်စတုတ္ထလှိုင်း အထိ တွေ့ကြုံခဲ့ရပြီးပါပြီ။ အထူးသဖြင့် ၂၀၂၁ နှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေ အတွင်း ဖြစ်ပွားတဲ့ ကိုဗစ် တတိယလှိုင်းမှာ ဒယ်လ်တာမျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် အသက်ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့သလို အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ ရှိခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ကိုဗစ်လှိုင်းတွေကို ပြန်ကြည့်ရင် ကိုဗစ်-19 မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှသာ လူ့အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်မယ် ဆိုတာ တွေ့ရပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေမှာ ဘတ်စကားမှတ်တိုင်တွေမှာ လက်ဆေးနိုင်ဖို့ စီစဉ်ပေးထားတာ…၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ သွားလာရင် နှာခေါင်းစည်းတပ်တာတွေ သေသေချာချာ လိုက်နာခဲ့ကြသူတွေ များပါတယ်။ ကိုဗစ်-19 ကို တစ်ယောက်ကနေ တစ်ယောက်ဆီ မကူးစက်အောင် ကွာရန်တင်းဝင်ပြီး နေထိုင်စေတာကနေ အသွားအလာ ကန့်သတ်မှု Lockdown ချတာအထိ လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။ အဲဒီလို လုပ်ဆောင်မှုရဲ့ ကောင်းကျိုးရလဒ်ကတော့ ကူးစက်မှုကို နည်းပါးစေပြီး လူ့အသက် ဆုံးရှုံးမှု လျော့နည်းစေတာ ဖြစ်ပါတယ်။ တစ်ဖက်က အားနည်းချက်သဖွယ် ဖြစ်သွား ရတာက အသွားအလာ ကန့်သတ်မှုကြောင့် စီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ဖြစ်စေတာပါ။
ကိုဗစ်-19 ရဲ့ ဗီဇမျိုးကွဲ ဖြစ်တဲ့ ဒယ်လ်တာဗိုင်းရပ်စ်ဟာ တခြားမျိုးဗီဇကွဲတွေ ဖြစ်တဲ့ ဘီတာ, အယ်လ်ဖာ မျိုးကွဲတွေထက် ပိုမိုပြင်းထန်သလို ကူးစက်မှုနှုန်းကလည်း ပိုမိုပြီး မြန်ဆန်တာကြောင့် လူ့အသက်ဆုံးရှုံးမှု ပိုများခဲ့ရတာပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေရာကနေ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒယ်လ်တာမျိုးကွဲ ကူးစက်မှုတွေ စ,တင် တွေ့ရှိခဲ့ရပါတယ်။ အစုလိုက် အပြုံလိုက် ကူးစက်မှုတွေကို ကြိုတင်ကာကွယ်နိုင်မှု အားနည်းခဲ့တဲ့အတွက် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝှမ်းမှာ ကူးစက်မှု အထူးမြင့်တက်ခဲ့ ပါတယ်။ ဘတ်စကားမှတ်တိုင်တွေမှာ လက်ဆေးကန်ပဲ ရှိပြီး ရေမရှိတာ…၊ လက်သန့်ဆေးရေ မရှိတာတွေလည်း ရှိခဲ့ပါတယ်။ တချို့သူတွေ ကလည်း ကိုဗစ်ကို သိပ်မပြင်းထန်ဘူး ထင်ပြီး ပေါ့ပေါ့ဆဆ သဘောထားတာတွေကြောင့်လည်း ကူးစက်မှု ပိုများခဲ့ရတာပါ။
အရေးအကြီးဆုံး အချက်ကတော့ ဘယ်နေရာကိုပဲ သွားသွား နှာခေါင်းစည်း တပ်ဆင်တာ…၊ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာမှာ နေထိုင်တာ…၊ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရှားတာ…၊ ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံတာတွေက ကိုဗစ်ကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးနဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်စတုတ္ထလှိုင်းမှာတော့ အိုမီခရွန် မျိုးကွဲသစ် ကူးစက်မှုတွေ ရှိခဲ့ပေမဲ့ လူ့အသက်ဆုံးရှုံးမှု နည်းပါးခဲ့ပါတယ်။ ကိုဗစ်-19 ကာကွယ်ဆေး အားလုံးက လူ့ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုး ဝင်လာရင် ပဋိပစ္စည်းတွေ ထုတ်ပေးဖို့အတွက် လူ့ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို အသင့်ပြင်ပေးတာ ဖြစ်ပါတယ်။
သတိပြုရမယ့် အချက်တစ်ခုကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးရင် နှာခေါင်းစည်း တပ်စရာမလိုတော့ဘူး လို့ ယူဆ,နေကြတဲ့ အချက်ပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးထားပေမဲ့ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မှသာ ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နှာခေါင်းစည်း ရွေးချယ်ရာမှာလည်း Surgical Mask (ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း) ကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ သာမန် အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်းတွေက ရောဂါပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အသုံးပြုပြီးသား နှာခေါင်းစည်းတွေ စွန့်ပစ်ရာမှာလည်း တွေ့ရာကြုံရာ စွန့်ပစ်တာမျိုး မလုပ်ဘဲ စနစ်တကျ ထုပ်ပိုးပြီး စွန့်ပစ်သင့်ပါတယ်။
အိုမီခရွန် မျိုးကွဲ ကူးစက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု လျော့ကျလာပါတယ်။ အနည်းစုသော လူတချို့သာ နှာခေါင်းစည်းတပ်ကြတာ တွေ့ရပြီး အများစုကတော့ နှာခေါင်းစည်း မတပ်ကြတော့ပါ။ အထူးသဖြင့် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ…၊ ဘတ်စကား မီးရထားစီးရာမှာ နှာခေါင်းစည်း တပ်ဆင်သူ သိသိသာသာနည်းပါးသွားပါတယ်။ ဒါဟာ ကိုဗစ်ဗိုင်းရပ်စ်ပိုး သာမက တခြားသော လေထဲမှာ ပျံ့လွင့်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်မှု နည်းပါးသွားတာပါပဲ။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ JN.1 လို့ ခေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲတစ်မျိုး ကူးစက်မှု မြင့်တက်လာနေတာကြောင့် မြန်မာနိုင်ငံမှာလည်း သတိနဲ့ ဂရုစိုက်နေထိုင်ဖို့ လိုနေပါပြီ။ JN.1 မျိုးကွဲရဲ့ ထူးခြားချက်ကတော့ လူခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ခံနိုင်ရည်ရှိနေတဲ့ အချက်ပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ ကူးစက်မှုတွေ ရှိလာနေသလို ကမ္ဘာ့နိုင်ငံပေါင်း ၄၁ နိုင်ငံမှာလည်း ကူးစက်မှုတွေ ရှိနေတာကြောင့် ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ အမေရိကန်နိုင်ငံမှာလည်း ရောဂါကူးစက်ခံရမှုအားလုံးရဲ့ ၄၄ ရာခိုင်နှုန်းက JN.1 မျိုးကွဲ ဖြစ်တယ် လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က ဆိုပါတယ်။
yalemedicine.org မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ သိထားသင့်တဲ့ အချက်တွေကို ကောက်နုတ်ဖော်ပြရင်… “အေးမြတဲ့ ရာသီဥတုကို ရောက်လာတာနဲ့ အမျှ ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေ ပိုမိုဖြစ်ပေါ် လာစေပြီး နောက်ဆုံးတွေ့ရှိထားတဲ့ မျိုးကွဲက JN.1 ဖြစ်တယ်၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က ဆောင်းရာသီမှာ JN.1 ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က JN.1 မျိုးကွဲကို ‘စောင့်ကြည့်ရမယ့် မျိုးကွဲ’ လို့ ကြေညာထားပါတယ်၊ ဒီမျိုးကွဲဗိုင်းရစ်ဟာ ခုခံအား စနစ်ကို ခံနိုင်ရည်ပိုရှိတယ်” လို့ ဆိုပါတယ်။ ဒီမျိုးကွဲ JN.1 ကူးစက်မှုကို အမေရိကန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စ,ပြီး သတိပြုမိခဲ့တာ ဖြစ်ပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကူးစက်မှုတွေ ပိုမိုများပြားလာခဲ့တာပါ။
ပြင်သစ်နိုင်ငံမှာ ကိုဗစ်-19 ကိုးစက်ခံရမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးက JN.1 မျိုးကွဲ ဖြစ်ပါတယ်။ JN.1 မျိုးကွဲ ကူးစက်ခံရမှုရဲ့ လက္ခဏာတွေကတော့ ဖျားနာတာ, ချောင်းဆိုးတာ, အအေးမိသလို ခံစားရတာ, ခေါင်းကိုက်တာ, အသက်ရှူရခက်ခဲတာတွေ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း JN.1 မျိုးကွဲ ကူးစက်ခံထားရသူတွေ တွေ့ရှိနေရတာကြောင့် ပြည်သူတို့ ကျန်းမာရေး အတွက် ကာကွယ်ရေး သတိ, ကာကွယ်ရေး အသိ အမြဲမပြတ် ရှိနေဖို့ လိုအပ်နေပါတယ်။ နောက်ထပ် သတိပြုရမယ့် အချက်ကတော့ ကိုဗစ်-19ရောဂါ ဖြစ်ပြီးသူတွေမှာလည်း ဒီ JN.1 မျိုးကွဲက ထပ်မံကူးစက်ခံ ရနိုင်တဲ့ အချက်ပါ။
မြန်မာနိုင်ငံမှာ လက်ရှိအနေအထားထိတော့ ဒီ JN.1 မျိုးကွဲ ကူးစက်ခံရမှုတွေ မရှိသေးပေမဲ့, ဖြစ်ပွားတဲ့ သတင်းတွေ မကြားသေးပေမဲ့ ပြည်သူတွေ အနေနဲ့ ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။ ကိုဗစ်-19 ရောဂါဖြစ်ပွားမှုကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေကနေ ရုပ်သိမ်းခဲ့ပေမဲ့ ကူးစက်မှု လုံးဝရပ်တန့်သွားတဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။ ဒါကြောင့် တာဝန်ရှိသူတွေဘက်က ပညာပေးမှုတွေ ဆက်လက်ပြုလုပ်ရမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရှားတာ, ကိုယ်ခံအားကောင်းအောင် စားသောက် နေထိုင်တာ, နှာခေါင်းစည်းတပ်ဆင်တာ, စတဲ့ အချက်တွေကို လိုက်နာပြီး ‘ကျန်းမာသတိ, ကျန်းမာရေးအသိ’ နဲ့ ကာကွယ်နေထိုင်ရမှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)