ဝန်းသိုမြို့နယ်မှာ ၁၉ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

 

ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၄

SP(VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝင်းကြီးကျေးရွာ (ဒေသအခေါ် ၅ မိုင်)နားက ကောလင်း – ဝန်းသို လမ်းမှာ မနေ့ ဇန်နဝါရီ ၇ ရက် ၊ နေ့လယ်ပိုင်းက ၁၉ လောင်းပြိုင် လူသတ်မှု တစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ လူတွေက အမျိုးသား ၁၇ လောင်းနဲ့ အမျိုးသမီး ၂ လောင်းဖြစ်တယ် ၊ သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ရွာခံတွေမဟုတ်ဘူး ၊ ခရီးသွားတွေဖြစ်တယ်လို့ ကနဦး သိရတယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

ဝန်းသိုမြို့ခံတယောက်က ” အဲ့ဒီ နေရာ ဝန်းကျင်မှာ လူသတ်မှုတွေ မကြာ မကြာဖြစ်တယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း နစက လုံခြုံရေး အဖွဲ့တွေက သေနတ်နဲ့ ပစ်ဖမ်းလို့ အမျိုးသား ၁၄ ယောက် သေဆုံးတယ် ၊ အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက လူငယ် သုံးယောက် ပစ်သတ်ခံရတာ ရှိတယ် ၊ အဲ့ဒါကြောင့် ရက်ပိုင်းအတွင်းမှာ လူ ၄၀ နီးပါးသတ်ခံရတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က

” မနေ့က လူသတ်မှုဖြစ်စဥ်မှာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ၊ ပေါင်း ၁၉ ယောက် သေဆုံးတယ်လို့ ကနဦး သိရတယ် ၊ သေဆုံးသူတွေရဲ့ လက်ဝတ်လက်စာ ရွှေထည်ပစ္စည်းတွေ ၊ ပိုက်ဆံတွေ ၊ ဖုန်းတွေ ၊ ကားနဲ့ ဆိုင်ကယ်တွေ လူသတ်သမားအဖွဲ့က ယူဆောင်သွားတယ် ၊ ဘယ်အဖွဲ့ကဆိုတာ စုံစမ်းနေဆဲဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ လုံခြုံရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်လို့ အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၁၄ လောင်း ၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊ ယူနီဖောင်း ၃ စုံ၊ ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီးနဲ့ ကား တစီးသိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဝန်းသိုမြို့နယ်ဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ရဲ့ မြောက်ဘက် ၉ မိုင်ဝန်းကျင်မှာ တည်ရှိပြီး နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်မှာ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ လေးဦးသေဆုံးပြီး ၊ ငါးဦးထက်မနည်း ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW