စစ်ကိုင်းမြို့နယ်မှာ လူငယ်လေးယောက် ပစ်သတ် ဖမ်းဆီးခံရ

 

ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ထန်းတောကျေးရွာနားမှာ ဒီကနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းက လူငယ်လေးယောက်ကို နစက တပ်ဖွဲ့ကပစ်သတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” လူငယ်လေးယောက် ေမာင်းလာတဲ့ မတ်တူးကားကို နစက လုံခြုံရေးအဖွဲ့က ရပ်ဖို့တားတာမှာ ကားက ရပ်မပေးပဲ မောင်းနှင်ထွက်ပြေးတယ်လို့သိရတယ်။ အဲ့ဒါကို ပစ်ပြီးဖမ်းတယ် ၊ ကားပေါ်မှာ ပါလာတဲ့သူတွေ သေဆုံးတယ် ၊ နောက်ပြီး ကားပေါ်က သေနတ်တွေ ပါလာတာကိုတွေ့ရတယ်တဲ့ ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က

” သတင်းအရ အာလောင်ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးသွားလုပ်တယ် ၊ လမ်းမှာ ယာဥ်မှတ်ပုံတင် မပါတဲ့ မတ်တူးကားအမျိုးအစား ၊ MDY 6E / 8642 နံပါတ်အတု တပ်ထားတဲ့ ကားတစ်စီး မောင်းလာတယ် ၊ အဲ့ဒီကားကို လုံခြုံရေးအဖွဲ့က ရပ်တန့်ခိုင်းတဲ့အခါ ရပ်မပေးတာကြောင့် ပစ်ပြီးဖမ်းရတယ် ၊ ကားပေါ်မှာက FGC မောင်းပြန်ရိုင်ဖယ် သေနတ် သုံးလက် ၊ လက်လုပ်သေနတ် နှစ်လက် ၊ ကျည်အိမ် သုံးခု ၊ ကျည်ဆံ ၁၅ တောင်နဲ့ ပြောက်ကျား ယူနီဖောင်း တစုံနဲ့ လိုင်စင်မဲ့ ကားတစီးသိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဒေသအခေါ် ၅ မိုင်နေရာမှာ ခရီးသွားလာနေတဲ့ ခရီးသည် ၁၉ ယောက် ပစ်သတ်ခံရပြီး သေဆုံးသူတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေအပြင် လက်ဝတ်လက်စား ရွှေထည်ပစ္စည်းတွေပါ လုယက်ယူခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း အဲ့ဒီ ဝန်းသို ၅မိုင်နေရာမှာ ဒေသတွင်း လက်နက်ကိုင် ၁၄ ယောက်ကို နစက လုံခြုံရေး အဖွဲ့က ပစ်သတ်ဖမ်းဆီးခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ထန်းတောရွာနားမှာ ပစ်သတ်ဖမ်းဆီးခံရတဲ့ကား (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW