ယီမင်ရှိ ဟူသီသူပုန်တွေကို အမေရိကန်နဲ့ဗြိတိန် ပူးတွဲလေကြောင်းတိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၄
မျိုးဆက်(VOM)

ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့က ပူးတွဲလေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာတော့ ဟူသီတို့ရဲ့ မြေအောက်စခန်းတခု ၊ ဒုံးကျည်ပစ်လွှတ်ရာနေရာနဲ့ ရေဒါစခန်းအပါအဝင် ပစ်မှတ်ရှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ အရေးပါတဲ့ ပင်လယ်နီဒေသမှာ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေအပြင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်လျှက်ရှိပါတယ်။

ဒီဒေသမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့ကပြောပါတယ်။ အမေရိကန်ဟာ ဟူသီတို့ကို ရှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုဟာ ဗြိတိန်နဲ့ ဒုတိယမြောက် ပူးတွဲစစ်ဆင်ရေးဖြစ်ပါတယ်။

တိုက်ခိုက်မှုကို သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန်တို့ရဲ့ အထောက်အကူနဲ့အတူ လုပ်ဆောင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟူသီတို့ဟာ ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီရှိ သင်္ဘောတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW