မန္တလေးမှာ သိန်း ၅၀၀ နဲ့ ကလေးပြန်ပေးဆွဲလာတဲ့ လူသုံးယောက်ကို အရပ်က ဝိုင်းဖမ်း

 

ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄

SP (VOM)

မန္တလေးတိုင်း ၊ အမရပူရမြို့နယ်က ဆောက်လုပ်ဆဲ ကျောက်စိမ်း ဥယျာဥ်တိုက်တန်းမှာ မနေ့ ဇန်နဝါရီ ၂၂ ရက်က ကလေးတယောက်ကို ပြန်ပေးဆွဲဖို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြန်ပေးသမားသုံးယောက်ကို အရပ်က ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က

” ပြန်ပေးဆွဲခံရတဲ့ ကလေးမိဘတွေက အကြောင်းကြားလို့ ဆောက်လုပ်ရေးလုပ်သားတွေက ပြန်ပေးဆွဲသမား ၊ အမျိုးသားတယောက်နဲ့ အမျိုးသမီး နှစ်ယောက် ပေါင်း သုံးယောက်ကို ဝိုင်းဖမ်းပြီး မြစ်ငယ်ရဲစခန်းကို ပို့ပေးလိုက်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြစ်ငယ်ရဲစခန်းနဲ့ နီးစပ်သူ တယောက်က

” ပြန်ပေးဆွဲခံရတဲ့ ကလေးက လေးနှစ်အရွယ် ကလေးဖြစ်တယ် ၊ အဲ့ဒီကလေးက ပြည်ကြီးတံခွန်မြို့ ၊ ဂ/ ရပ်ကွက်မှာနေတဲ့ အိမ်တအိမ်က ပြန်ပေးဆွဲဖို့ ဖမ်းဆီးခေါ်ဆောင်လာတာဖြစ်တယ် ၊ ဖမ်းဆီးလာတဲ့သူတွေက အမျိုးသားတယောက်နဲ့ အမျိုးသမီး နှစ်ယောက်ဖြစ်တယ် ၊ ကလေးကို အမရပူရမြို့နယ် ကျောက်စိမ်းဥယျာဥ်တိုက်တန်း ဆောက်လုပ်ရေးဘက်ကို ဖမ်းခေါ်လာတယ် ၊ နောက်ပြီး ကလေးမိဘတွေရဲ့ ဖုန်းကို မက်ဆေ့ ပေးပို့ပြီး သိန်း ၅၀၀ ပေးဖို့ပြောတယ် ၊ ပိုက်ဆံမပေးရင် ကလေးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေလည်းပါတယ် ၊ ပြန်ပေးဆွဲသမားတွေက ပြန်ပေးဆွဲခံရတဲ့ နေအိမ်မှာ အငှား နေထိုင်ကြတဲ့ လင်မယားနဲ့ အိမ်ဖော် မိန်းကလေးတွေဖြစ်ကြတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကို အမှုဖွင့် အရေးယူထားတယ် ” လို့ ပြောပါတယ်။

နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးနဲ့ နီးစပ်သူတယောက်ကလည်း

” ၂၀၂၂ ကနေ ၂၀၂၃ နှစ်ကုန်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ပြန်ပေးဆွဲမှုပေါင်း ၂၀၀ ဝန်းကျင်ရှိမယ် ၊ အဲ့ဒီထဲမှာ နစ်နာသူ ကာယကံရှင်တွေကိုယ်တိုင် အမှုဖွင့်တိုင်ကြားလာတာ နည်းတယ် ” လို့ ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင်ဘက်တွေမှာ ပြီးခဲ့တဲ့ နှစ်တွေက ကုန်သည်ပွဲစားတွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ ပရဟိတသမားတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေ အပါအဝင် နိုင်ငံခြားရင်နှီမြုတ်နှံမှု ကုမ္မဏီ စက်ရုံဝန်ထမ်းတွေ ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ ဖြစ်စဥ် ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ အမရပူရ ဒေသခံ တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW