မော်လူး မြို့မဈေးကြီး ဈေးလုံးကျွတ် မီးလောင်

 

ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က မော်လူးမြို့မဈေးကြီးဟာ မနေ့ ဇန်နဝါရီ ၂၃ ရက် ၊ ညနေပိုင်းက ဈေးလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ မီးစလောင်တယ် ၊ ဘာကနေစလောင်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ တချို့လည်း ဈေးသိမ်းပြီး အိမ်ပြန်ကုန်ကြပြီ ၊ အဲ့ဒီ အချိန်လောင်တာ ၊ ရှို့မီးဖြစ်ဖို့တော့များတယ် ၊ အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မော်လူမြို့ခံ ကုန်သည်တယောက်က ” ဈေးဆိုင်ခန်း သုံးရာဝန်းကျင်လောက်ရှိတယ် ၊ ဆိုင်အားလုံးပါသွားတယ် ၊ ပျက်စီးဆုံးရှုံးမှု တန်ဘိုးများမယ် ၊ ဈေးဆိုင်အများစုက ဈေးသိမ်းပြီးချိန်ဆိုတော့ ပိုလို့ အပျက်စီးများသွားတယ် ” လို့ ပြောပါတယ်။

မော်လူးမြို့ဟာ ကသာခရိုင် အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စုကို ၂၀၁၈ မေ ၁၀ ရက်မှာ မြို့နယ်ခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကစလို့ အဲ့ဒီ မော်လူးမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တာ အခုထိဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မော်လူးမြို့မှာ ဌာနဆိုင်ရာရုံးလုပ်ငန်းတွေ မရှိတော့သလို ၊ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ မြို့ကနေ စွန့်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ ၊ မြို့မဈေးကြီး မီးလောင်ပျက်စီးခဲ့သလို ၊ ကယားပြည်နယ် လွိုင်ကော်မြို့က မြို့မဈေးကြီးလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ မော်လူဈေးမီးလောင် (ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW