ဖေဖော်ဝါရီ ၊ ၂၃ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မြင်းခြံ – ရေဝန်း ကားလမ်း ၊ ရွာကြီးကျေးရွာရဲ့ ရွာအဝင် ၊ ရေတွင်းပျက်နေရာ အနီးနေရာမှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေ၂ နာရီဝန်းကျင်က အိမ်စီးကား တစ်စီး သေနတ် ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီးတပါး ၊ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်း လူသုံးယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံပရဟိတသမား တယောက်က
” ပစ်ခတ်ခံရတဲ့ အိမ်စီးကားက မတ်ခ်တူး ကားအမျိုးအစား ဘုန်းကြီးကားဖြစ်တယ် ၊ အဲ့ဒီကားကို မောင်းတဲ့သူ ယာဥ်မောင်း အမျိုးသားက ထိခိုက်ဒဏ်ရာ မရဘူး ၊ ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီးတပါးနဲ့ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်းသုံးယောက်က နေရာမှာတင် သေဆုံးတယ် ၊ နှစ်ယောက်က ဒဏ်ရာမရဘူး ၊ တယောက်က ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပစ်ခတ်ခံရတဲ့ ဘုန်းကြီးကားက ကျောက်ဆည်မြို့နယ် ၊ ကတဲကျေးရွာမှာရှိတဲ့ သဲမဲမောင်းကန် ဘုန်းကြီး ကျောင်း က ဘုန်းကြီးရဲ့ကားဖြစ်တယ် ၊ အဲ့ဒီကားဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပခုက္ကူမြို့နယ် မြေနီပြင်ကျေးရွာမှာနေတဲ့ ဦးမျိုး (ခ) မျက်ပြူး ဆိုသူရဲ့ တလပြည့် ၊ လလည်ဆွမ်းတရားနာပြီး ၊ ဒီမနက်ပိုင်းက ကျောက်ဆည်မြို့နယ် ၊ ကတဲရွာကို ပြန်လာတာဖြစ်တယ် ၊ နွားထိုးကြီးမြို့နယ် ၊ မြင်းခြံ – ရေဝန်းလမ်းမှာ PDF အဖွဲ့ ၁၅ ယောက်ဝန်းကျင်က ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ဆရာတော် ဥူးအဂ္ဂဉာဏ သက်တော် ၇၆ နှစ် ၊ ဝါတော် ၃၆ ဝါ နဲ့ ကားနောက်ခန်းခုံမှာ လိုက်ပါလာတဲ့ ဒေါ်သန်းမီ အသက် ၇၀ နှစ် ၊ မခိုင်ဌေး ၃၈ နှစ် တို့ဟာ နေရာမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ် ၊ ယာဥ်မောင်း ကိုအေးမင်းအောင်ကတော့ ထိခိုက်ဒဏ်ရာ မရဘူး ၊ နောက်ခန်းကလိုက်ပါခဲ့တဲ့ မအိအိဖြိုး ဆိုသူက ပေါင်မှာ ကျည်ဖောက်ဝင်တယ် ၊ နောက်ပြီး ဒေါ်စန်းဝင်း ဆိုသူလည်း ဒဏ်ရာမရဘူး”လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နွားထိုးကြီးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ပစ်ခတ်တယ်ဆိုတဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ကတော့ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းကလည်း မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ် ၊ သရက်ကန် (တောင်) ကျေးရွာမှာရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့အတူ ကျောင်းကပ္ပိယ အမျိုးသားတယောက်လည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ ပြီးခဲ့တဲ့ စွန့်ပစ်ထားတဲ့ အမျိုးသမီး ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်ထဲက ကားလမ်းတွေပေါ်မှာ ဒီနှစ်ဆန်းပိုင်းကစလို့ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။