ငယ်ငယ်က မီးရထား

 

 

ဆူးငှက်

 

 

ကျွန်တော်ငယ်ငယ်က မီးရထားစက်ခေါင်းတွေကို တော်တော် သဘောကျပါတယ်။ ပြောမယ့်သာ ပြောတာတကယ်တမ်း ကျွန်တော် မွေးဖွားကြီးပြင်းတဲ့ နေရာနဲ့ ဝန်းကျင်က မီးရထားနဲ့ ဘာမှ ပတ်သက် ဆက်စပ်ခြင်း မရှိပါဘူး။ကျွန်တော် မွေးတာက မန္တလေးဈေးချိုတော် အနောက်ဘက် အိမ်တော်ရာ ဘုရား တောင်ဘက်မုခ်က ဆင်းရဲသား ရပ်ကွက်လေးမှာပါ။ ကျွန်တော့် အသိုင်းအဝန်းထဲမှာလည်း မီးရထားဝန်ထမ်း၊ မီးရထားနဲ့ ပတ်သက်တာ တစ်ယောက်မှ မရှိပါဘူး။ မီးရထားနဲ့ခရီးသွားတာကလည်း တစ်နှစ်မှ တစ်ခေါက်တောင် အနိုင်နိုင်ပါ။ ဒါကလည်း မိဘတွေ ဇာတိဖြစ်တဲ့ ဘုတလင်ဘက်ကို နွေအခါမှာ ပြန်ဖြစ်တာပါ။

 

ဟုတ်ပါတယ်။ တစ်နှစ်မှ တစ်ခါ ဆိုသလို မီးရထားစီးဖြစ်တဲ့ အချိန်မှာပဲ မီးရထားစက်ခေါင်းတွေကို စိတ်ဝင်စား သွားတာပါပဲ။ ကျွန်တော့်ဖခင် ဟာခရီးထွက်ရင် အလွန်ဝီရိယ ကောင်းလှပါ တယ်။ မန္တလေး-ဘုတလင် လော်ကယ်က မနက် ၅ နာရီခွဲလောက်မှ ထွက်တာပါ။ ဒါပေမဲ့ အိမ်တော်ရာဘုရား တောင်ဘက်မုခ်အနီး နေအိမ်ကနေ မိုးမလင်းခင် နာရီပြန် နှစ်ချက်ခွဲ သုံးနာရီလောက် ကတည်းက၊ ကိုသန်းလေး မြင်းလှည်းနဲ့ ဘူတာကို ထွက်ဖြစ်ပါတယ်။ ဒီတော့ ဘူတာထဲ ရောက်နေတာ မနက်အရုဏ်တက် လေးနာရီဆိုတာ နောက်အကျဆုံးပါ။ မီးရထားလက်မှတ် ဝယ်အပြီး၊ မန္တလေးဘူတာကြီး တောင်ဘက်အစွန် စက်ခေါင်းရုံနားမှာ တွဲထိုးထားတဲ့ ဘုတလင် လော်ကယ် ရထားတွဲဆိုင်းပေါ်၊ ဘယ်ခရီးသည်မှ မရောက်သေးခင် မှောင်ထဲမှာ ခြင်တဖျပ်ဖျပ် ရိုက်ရင်း ထိုင်နေရတာပေါ့။ ကျွန်တော်က ကလေးအရွယ် ဆိုတော့ မှောင်ထဲက မီးရထားတွဲထဲ တစ်နာရီလောက်ကြီးဘယ်မှာထိုင် ချင်ပါ့မလဲ။ တွဲအောက်ဆင်းပြီး ဟိုသည် ကြည့်ချင်တာပေါ့။

 

 

ဒီတော့ စက်ခေါင်းရုံနဲ့ အနီးအနားဆိုတော့ အခြား စင်္ကြံတွေမှာ တွဲထိုးထားပြီး ထွက်တော့မယ့် ရထားတွဲတွေအတွက်မီးရထားစက်ခေါင်းကြီးတွေ ပြင်ဆင်နေတာ၊ ရှန်တိန်လုပ် နေတာတွေကို ကြည့်ရတာ ပျော်စရာကောင်းလှတယ်။ မည်းမည်းနက်နက် စက်ခေါင်းကြီးတွေက မီးရဲရဲ၊ ရေနွေးငွေ့ တထောင်းထောင်း မီးခိုးတလူလူ နဲ့ ဥသြများ ဆွဲလိုက်ရင် လန့်သွားတာကိုကပျော်စရာပါ။ အသားမည်းသလောက် ဖွေးဖွေးလက်နေတဲ့ ယူနီဖောင်းကို ကျကျနန ဝတ်ပြီး မီးရထားစက် ခေါင်းကြီးတွေပေါ်ကနေ မောင်းတံကြီးတွေဆွဲ၊   သံလက်ကိုင် ဘီးတွေ လှည့်၊ သံကြိုးကြီးတွေ ဆွဲပြီး၊ စက်ခေါင်းကြီးကို မောင်းနှင်နေတဲ့ စက်ဗိုလ်ကြီးတွေကိုလည်း သဘောကျတယ်။ မောင်းတံကြီးများ ဆွဲလိုက်ရင်၊ ရေနွေးငွေ့တွေ မှုတ်ထုတ်ပြီး၊ ဧရာမ မီးရထားဘီးလုံးကြီးတွေက မောင်းတံကြီးတွေ အလှုပ်အရှားနဲ့ လည်ပတ်ပြီး စက်ခေါင်းကြီး ထွက်သွားတာ၊ နောက်ပြန် ဆုတ်သွားတာ။ ခေါင်းပေါ်ကသံကြိုးလေး ဆွဲလိုက်ရင် ‘တူ’ခနဲ ဥသြသံကြီး မြည်ဟည်း သွားတာတွေလည်း စိတ်ဝင်စားစရာ ကောင်းတယ်။

 

 

ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ မီးရထားစက် ခေါင်းကြီးရဲ့ ပုံပန်းသဏ္ဌာန်၊ စက်ပစ္စည်းများ အလုပ်လုပ်ပုံတွေကို ကြည့်မဝ၊ ရှုမဝဖြစ်ရတယ်။ ဒီ မီးရထား စက်ခေါင်းကြီးတွေရဲ့ ပုံသဏ္ဌာန်တွေကို သဘောကျလို့ မှတ်သားဖန် များလာတော့ ပန်းချီ ဝါသနာပါစ၊ကျွန်တော့် ပန်းချီလေ့ကျင့်ခန်းဟာ အခြားသူတွေနဲ့ မတူဘဲ မီးရထားစက် ခေါင်းကြီးရဲ့ ရှေ့တည့်အမြင် ဘေးတိုက် အမြင်၊ ဘေးတစောင်းအမြင် ပုံတွေများတယ်။ ရေနွေးငွေ့ စက်ခေါင်းကြီးက ဥသြသံပေးရင်း မီးခိုးတွေ မှုတ်ထုတ်ကာ နောက်ပြန်ဆုတ် ခုတ်မောင်းလာရင်း ကျွန်တော်တို့ စီးမယ့် ဘုတလင် လော်ကယ်ရထား တွဲဆိုင်းကို ‘ဂျိမ်း’ခနဲ တွန်းလိုက်ပြီး မီးရထားအလုပ်သမားတွေက တွဲကို ချိတ်ဆက်လိုက်မှပဲ ကျွန်တော့်ကို ရထားတွဲပေါ် အဖေက ပြန်တက်ခိုင်းတယ်၊ ဒါပေမဲ့ စက်ခေါင်းချိတ်ပြီးအနည်းဆုံး နာရီဝက်လောက်ကြာမှ ရထားထွက်မှာမို့၊ ကျွန်တော်က တွဲပေါ် မတက်ချင်သေးဘူး။ မီးရထားစက်ခေါင်းကြီးကိုကြည့်ချင်နေသေးတယ်။ နောက် ဆံတငင်ငင်နဲ့ပေါ့။ တွဲပေါ်ကျန်ရစ်တဲ့ အမေက စိတ်ပူလို့ တွဲပေါက်က ခေါင်းပြူပြီး တွဲပေါ်တက်ဖို့ တစာစာ အော်ခေါ်နေပြီလေ။

 

မီးရထားတွဲပေါ်ရောက် မီးရထားထွက်ပြီဆိုရင် မြို့ဟောင်းဘူတာက အထွက်ရောက်တော့ ကိုယ်စီးတဲ့ ရထားတွဲရဲ့ညာဘက်ခြမ်းကနေ ပြူတင်းပေါက် မေးတင်ပြီး အနောက်ဘက် ကွေ့ဝိုက်သွားတဲ့ လမ်းအတိုင်း ရှေ့က မီးခိုးတလူလူနဲ့ ခုတ်မောင်းသွားတဲ့ မီးရထားစက်ခေါင်းကြီးကို မမေ့မလျော့ ကြည့်ရသေးတယ်။ မြို့ဟောင်းဘူတာက အထွက်မှာ တည့်တည့်သွားတာက ရန်ကုန်လမ်း မဟုတ်လား။ ဘုတလင်-မုံရွာသွားတဲ့ လမ်းက အနောက်ဖက် ကွေ့ဝိုက် ချိုးသွားတာလေ။ အဲဒီလို လမ်းအကွေ့ကိုပဲ အမရပူရဆိပ်ကမ်း ဘူတာက အထွက် စစ်ကိုင်းတံတား အဝင်မှာလည်း ရှိတော့ အားမရသေးဘဲ ထပ်ကြည့်ရပြန်တယ်။ စစ်ကိုင်းတံတား သံမဏိခုံးကြီးအောက် မီးရထားစက်ခေါင်းကြီး ဝင်သွားတာက ပိုကြည့်ကောင်းတာကိုး။ စစ်ကိုင်းကကျော်တော့ ကျွန်တော် မကြည့်နိုင်တော့ဘူး။ ရထားတောက်လို့ အမေ့ရင်ခွင်ကြား ခေါင်းတိုးဝင်ပြီး အိပ်ရပြီလေ။ ဒါပေမဲ့ညောင်ပင်ဝန်းဘူတာ ရောက်ရင်၊ ဈေးသည်တွေဆီက ထမင်းဝယ်စားရင်း ဘူတာထဲက ရေတိုင်ကြီးမှာ မီးရထားစက်ခေါင်းကြီးက တွဲဖြုတ်ပြီး ရေထည့်တာမို့ တွဲပေါ်ကဆင်း ထမင်းစားရင်း ကြည့်ရသေးတယ် လေ။

 

ငယ်ငယ်က စိတ်ဝင်စားတဲ့ ရေနွေးငွေ့စက် ခေါင်းတွေကို ကြီးလာတော့လည်း စိတ်ဝင်စားတယ်။ အိမ်ထောင်ကျပြီး သားဦးရတာတောင် သားကို စက် ဘီးရှေ့က ခုံပေါ်တင်ပြီး ဘူတာကြီးထဲ သွားထိုင်ရင်း စက်ခေါင်းတွေကို ကလေးကိုပဲ ပြသလိုလိုနဲ့ တမက်မောမော သွားကြည့် ဖြစ်ပါသေးတယ်။ စက်ခေါင်းကြီးတွေ စိတ်ဝင်စားတော့ နည်းနည်းပါးပါး တီးခေါက် လေ့လာဖြစ်တဲ့အခါ မြန်မာပြည်မှာ မီးရထားလမ်း စဖွင့်ကတည်းက ရေနွေးငွေ့စက်ခေါင်းတွေ သုံးခဲ့တယ်။ နောက်ပိုင်း မြန်မာပြည်မီးရထားဌာနက တစ်လျှောက်လုံး သုံးခဲ့တဲ့ ရေနွေးငွေ့ စက်ခေါင်းတွေမှာ အပေါ့စား စက်ခေါင်းတွေက Aတဲ့၊ Eတဲ့၊ MSတဲ့၊STတဲ့၊ Fတဲ့၊ FSတဲ့၊ Lတဲ့၊ LSတဲ့။ အလတ်စား စက်ခေါင်းတွေကတော့ J တဲ့။ JSတဲ့၊ Kတဲ့၊ KSတဲ့၊ C တဲ့။ အကြီးစား စက်ခေါင်းကြီးတွေက YBတဲ့၊ YC တဲ့၊ YDတဲ့၊ Dတဲ့၊ GB တဲ့၊ GCတဲ့။ အဲဒီ စက်ခေါင်းကြီးတွေဟာ အင်္ဂလန်နဲ့ အမေရိကန်က ထုတ်လုပ်တာတွေ ဖြစ်တယ်။ ဂျပန်ခေတ်မှာတော့ ဂျပန်လုပ် စက်ခေါင်းတွေ ဝင်လာပေမယ့် မဖြစ်လောက်ဘူးတဲ့။ တစ်လျှောက်လုံးအင်္ဂလန်နဲ့ အမေရိကန် စက်ခေါင်းတွေပဲ သုံးခဲ့တာပါတဲ့။ နောက်ပိုင်း ရန်ကုန်-မန္တလေး လမ်းပိုင်းနဲ့ အချို့မြေပြန့် လိုင်းတွေအတွက် ဒီဇယ် စက်ခေါင်းတွေ သုံးလာတော့ ပြင်သစ်လုပ် Alston တို့၊ အနောက်ဂျာမဏီလုပ် Krupp တို့နဲ့ ဂျပန်လုပ် KSK တို့၊Hitachi တို့၊ Kawasaki တို့ စက်ခေါင်း အမျိုးအစားတွေ သုံးလာတယ်။ ၁၉၈ဝ ကျော် ကာလအထိပေါ့။ အခုတော့ တရုတ်နဲ့အိန္ဒိယခေါင်းတွေပဲ အကောင်းထား သုံးနေရတာပေါ့လေ။

 

ရေနွေးငွေ့ စက်ခေါင်းကြီးတွေကို အဲဒီ ၁၉၈ဝ ကျော် ကာလတွေမှာအထိ အသုံးပြုနေတာ တွေ့ရဆဲပါ။ အထူးသဖြင့်မြေပြန့်က လော်ကယ်ရထား တွေမှာပေါ့။ မန္တလေးမှာဆို မန္တလေး-မတ္တရာ ရထားကို ရေနွေးငွေ့စက်ခေါင်းနဲ့ ပြေးဆွဲခဲ့တာပါပဲ။နာမည်ကျော် ရွှေကျင်-မဒေါက် လမ်းပိုင်းတို့၊ ကြေးနီ- တောင်တွင်းကြီး လမ်းပိုင်းတွေမှာလည်း ရေနွေးငွေ့ စက်ခေါင်းကြီးတွေနဲ့ကမ္ဘာသိ ဖြစ်လာတယ်။ ရန်ကုန်အခြေပြုပြီး လမ်းပိုင်း လော်ကယ်တွေကလည်း ရေနွေးငွေ့ စက်ခေါင်းတွေနဲ့ပါပဲ။

 

လွန်ခဲ့တဲ့ ၆နှစ်လောက်က ရန်ကုန်ကို မီးရထားနဲ့ သွားတော့ ပြွန်တန်ဆာ ဘူတာရုံက အထွက်မှာ စက်ခေါင်းရုံကြီးထဲ ရပ်ထားတဲ့ ရေနွေးငွေ့စက်ခေါင်းကြီးတွေ အများကြီး တွေ့လိုက်ရတယ်။ တော်တော် ပျော်သွားတယ်။ ဒါနဲ့ မီးရထားနဲ့ နီးစပ်သူ မေးကြည့်တော့ စက်ခေါင်းကြီးတွေ တော်တော်များများ ပြွန်တန်ဆာမှာပဲ ထားတာတဲ့။ သုံးလို့ ရတာ သိပ်မရှိတော့ဘူး ဆိုလားပဲ။အလားတူ မန္တလေး မြစ်ကြီးနားလမ်းက မိုးညှင်းဘူတာမှာလည်း ရှိဦးမလားပဲ။

 

ဘာပဲပြောပြော အဲဒီ စက်ခေါင်းကြီးတွေကို သဘောကျတဲ့ သူတွေ အများကြီး ရှိမှာ။ သေချာတာက အင်္ဂလိပ်ကိုလိုနီ အစောဆုံးဖြစ်ခဲ့တဲ့ မြန်မာပြည်မှာ ဒီလို ရေနွေးငွေ့စက်ခေါင်းကြီးတွေ အများအပြား ကျန်သေးတဲ့ တိုင်းပြည်မျိုးလည်း ရှားကုန်လောက်ပါပြီ။

 

ကျွန်တော်ကတော့ ဒီစက်ခေါင်းကြီးတွေ လှုပ် ရှားတာ ပြန်မြင်ရရင် အသက် ၄ဝ လောက် ငယ် သွားမယ် ထင်ပါရဲ့။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ငယ်ငယ်ကမီးရထား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW