ဆူးငှက်
ကျွန်တော် “ပန်မြိုင်လယ်”ကို တော်တော် စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း “ပန်မြိုင်လယ်”ကို နှစ်ခြိုက် စွဲလန်းခဲ့ပေမယ့်လည်း “ပန်မြိုင်လယ်”ကို ဂဏသေချာစွာ ကျွန်တော်မသိရိုးအမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို “ပန်မြိုင်လယ်ဆိုတာ ကိုဖိုးခ လယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ် ပေါ့”ဆိုတဲ့ ပြက်လုံးထဲကလိုပင် မတွေးမိခဲ့။ကျွန်တော် စာအုပ်အငှားဆိုင်လေး ဖွင့်မှာမို့ ဆိုင်နာမည် ဆိုင်းဘုတ်လေးကို အဲဒီအချိန်က ခေတ်စားနေတဲ့ ရောင်စုံစတစ်ကာပလတ်စတစ် အစိမ်းရောင်လေး စာလုံးလှီးပြီး ကျောက်သင်ပုန်းဆေး အနက်သုတ်ထားတဲ့ သုံးထပ်ပြားလေးပေါ်ကပ်တော့ ရွာကရောက်နေတဲ့ဦးကြီးက ပါးစောင်ရှိ ကွမ်းတွေ ဖွီးကနဲထွေးပြီး “မင်း ဆိုင်နာမည်ကလည်းကွယ် အတိတ်နိမိတ်မရှိ၊ ပန်းလည်းပန်း၊ လယ်လည်း လယ်ဦးမှာ ဆိုတော့ မဟန်ပါဘူးကွယ်”လို့ ဆိုတယ်။ ကျွန်တော်လည်း ဦးကြီးကို ရှင်းပြမနေတော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရပြီးလူငယ်တစ်ယောက်ပေမယ့် ဦးကြီးပြောသလို အဆင်မပြေ တပင်တပန်း တလည်လည်ဖြစ်ရချေရဲ့ဆိုပြီး အဲဒီဆိုင်းဘုတ်လေး မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေသိ အကယ်၍များ ရေတံခွန်တောင်ခြေ၊ ရန်ကင်းတောင်ခြေမှာ ခြံကျယ်ကြီးနဲ့ သီးပင်၊စားပင်၊ ပန်းပင်တွေ၊ စမ်းချောင်း ရေထွက်လေးတွေ၊ သစ်သားတစ်ထပ်အိမ်လေးနဲ့များ နေလိုက်ရရင် အဲဒီခြံလေးကို “ပန်မြိုင်လယ်”လို့ နာမည်ပေးမယ်လို့ စိတ်ကူးယဉ်ပြီး ဆိုင်းဘုတ်လေးကို အိမ်ပေါ်က သင်္ဘောဝါးခြမ်း စင်ကလေးပေါ် သိမ်းထားမိသေးရဲ့။ အခုတော့ အဲလိုခြံကြီးမပြောနဲ့ ကုတ်ကပ်နေရတဲ့ မြေကလေး ဆီမီးခွက်တောင်မှ “ဝစ်သောက်”မို့ မနည်း ပါမင့်နင့် ဖြစ်အောင်လုပ်ခဲ့ရတယ်။
“ပန်မြိုင်လယ်”ကို စထိတွေ့မိတာက ကျွန်တော် လေးငါးနှစ်သားလောက်ပါ။ အဲဒီအချိန် ကျွန်တော့်အထက်က အစ်မကမန္တလေးပန်တျာကျောင်းမှာ အကသင်တန်းတက်နေပါပြီ။ သင်တန်းမှာက မဟာဂီတကိုလည်း သင်ပါတယ်။ အကဆရာမကဒေါ်သြဘာသောင်း၊ အဆိုက ဆရာထူးနဲ့ ဒေါ်လှလေးစိန်၊ ဂီတသင်္ကေတက ဦးကျော်ဒင် ဖြစ်မှာပေါ့။ အဆိုသင်တန်းက”နိုင်ငံတော်မူ မဟာဂီတ”ဆိုတဲ့ အဖုံးစိမ်းဖန့်ဖန့်လေးနဲ့ စာအုပ်ကို သင်ပါတယ်။ မိုးရာသီ မိုးအေးအေး၊ မိုးစွေစွေ၊ မိုးသည်းသည်းရွာပြီဆိုရင် အစ်မက အိပ်ရာထဲ စောင်ခြုံပြီး သီချင်းကြီး စာအုပ်ဖွင့်ကာ ဟစ်တော့တာပါပဲ။ မိုးသံနဲ့အပြိုင်ပါပဲ။ ကျွန်တော်ကလည်း လေးငါးခြောက်နှစ်သား ပေမယ့် “နွားမအို နောက်ကျသား”လို့ အပြောခံရသလို အမေက အသက်ငါးဆယ်နားနီးမှကံကောင်းထောက်မစွာ ကျွန်တော့်ကို လူ့ပြည်ပို့ခဲ့တာမို့ သည်းသည်းလှုပ်ကာ အမေ့ရင်ခွင်ကြားမှာ ချည်းပေါ့။ ဒီတော့ မိုးအေးအေးနဲ့ အစ်မသီချင်းသံကိုပဲ နားဆင်နေရတာပါပဲ။ ကြိုးသီးချင်းတွေ၊ သီချင်းခံတွေထက် အစ်မကလည်း ယိုးဒယားဖရိန်းချား သီချင်းကြီးတစ်ပုဒ်ကို ခံတွင်းတွေ့ပုံရပါတယ်။
“ပန်မြိုင်လယ်”ဆိုတဲ့ သီချင်းကြီးကိုပဲ ကျော့ကာ၊ ကျော့ကာ သီဆို နေတော့တာပါပဲ။ ကျွန်တော်က သီချင်းစာသားတွေ နားမလည်လှ…။ ဒါပေမယ့် သံစဉ်တွေက လွမ်းဖွယ်ရာ ဖြစ်နေတာကတော့ အမှန်။
“ဘုံရွှေနန်းငယ်သည်ဝယ်…၊ ကွာနယ်ဆွေးရန်…၊ ကြံမှိုင်တွေးပြန်
ပူဝှန်ပန်းဖွယ်သည်မယ်…၊ ညှိုးတယ်ဝဋ်ဖန်…၊ ဆိုယောင်မှားကံ…”ဆိုတဲ့အပိုဒ်မှာများ ဘာမှန်းညာမှန်းမသိ လွမ်းနေမိတာပေါ့။ ပြီးတော့ “စုံဆယ်ဖြာ…၊ ပန်ထွာဦးတင်၊ ဖူးမြင်သက်လွှတ်ကြောင်း၊ ထံတော်ပျောင်း၊ သောင်းမြေမိုင်၊ ရာမင်းဦးကိုင်၊ဘုန်းညွန့်လှိုင်…” ဆိုတဲ့ အပိုဒ်ရောက်တော့ အမေက ဗာလီနဲ့သုကျိတ် မျောက်ညီနောင် အကြောင်း ပြောပြတော့တာပေါ့။ကျွန်တော်က သဘောထားကြီးပြီး စိတ်ရင်း စိတ်ဓာတ် ကောင်းမွန်တဲ့ မျောက်ကြီးသုကျိတ်ကို သနားနေမိတယ်။ အရာရာမှာကောက်ကျစ်စဉ်းလဲပြီး ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ မျောက်ငယ် ဗာလီကို ရွံမုန်းနေမိတယ်။ ဗာလီ အနိုင်ကျင့်လိုက်ပုံများ အစ်ကိုကြီးသုကျိတ်ရဲ့မယား သုဘတ္တာ မျောက်မကိုပင် အဓမ္မ ခိုးယူသွားသေးသတဲ့။
မျောက်ညီနောင် ဇာတ်လမ်းအပြင် “ပန်မြိုင်လယ်”ထဲက ထပ်မံပြီး စိတ်ဝင်စားမိတာက “ညာနန်း နတ်ကယ်သွင်၊လေယာဉ်ပျံ၊ တိမ်ယံတောင်စွယ်၊ မိုးလယ်ဝေယန်ဖျား”ဆိုတဲ့အပိုဒ်ဖြစ်တယ်။ ဘယ့်နှယ် ဟိုး ရှေးပဝေသဏီ ရာမဇာတ်မှာ”လေယာဉ်ပျံ”ကပါလာသလဲပေါ့လေ။ နောက် စာလေးပေလေး ဖတ်တတ်လာမှ ပြင်စည်မင်းသားကြီး ခေတ်မီလိုက်ပုံမှာ”ရထားပျံ”၊ “ပန်းရထား”လို့ ခေါ်နေကြတာကို “လေယာဉ်ပျံ”လို့ ကြိုပြီး သုံးနှုန်းလိုက်ပုံကို သဘောကျနေတော့တာပါ။
အဲဒီ ပန်းမြိုင်လယ်သီချင်းကိုပဲ အစ်မက ပန်တျာကျောင်းက ဆင်းပြီး ပဒေသာတန်း ကိုကြည် ကိုကြူး တည်ထောင်တဲ့ရွှေရတနာအငြိမ့်မှာ ၆ လမျှ အတွေ့အကြုံအရ ဝင်ကတော့ ကနဦး ဝါးလတ်နဲ့ မင်းသမီး သီချင်း ဆိုအပြီး လူပြက်တွေနဲ့ ပရိကံစကားပြောပြီးတာနဲ့ အကတစ်ပိုဒ် ကပါရောလား။ အဲဒီ အကပိုဒ်အတွက် ပန်းမြိုင်လယ်ရဲ့ အစပိုဒ်ကို “ပန်မြိုင်လယ်”ကနေ”လွမ်းဖွယ်စေ”အထိကို နရီနဲ့၊ ဝါးလတ်နဲ့၊ စည်းသွက်နဲ့ သုံးမျိုးသုံးစား သီဆိုပြ၊ ကပြတယ်။ အစ်မ မင်းသမီးနောက်၊ အမေနဲ့လိုက်ရင်း အငြိမ့်စင်နောက်ဖျား အစ်မရဲ့ ကြိမ်သေတ္တာလေးဘေး ကုပ်ကပ်ထိုင်ရင်း ကြားနေမိ။ ဒီလိုနဲ့ လိုက်ဆိုဖြစ်တာပါပဲ။
နောက်တော့ ဂီတလုလင်မောင်ကိုကိုနဲ့ တင်တင်မြရဲ့ ပန်းမြိုင်လယ်က ဟုန်းခနဲ နာမည်ကြီးလာတော့ တိတ်ခွေခေတ်မှသည် အခု you tube ခေတ်အထိ ကတ်ဆက်ထဲကနေ ကွန်ပျူတာထဲအထိ တစိမ့်စိမ့် နားထောင်မ၀ ရှိနေခဲ့တာပါ။ ဘယ်တော့မှမရိုးတဲ့သီချင်းနဲ့ စန္ဒရားလက်ကွက်ပါပဲလေ။ လူကြီးသူမတွေ၊ မန္တလေးပညာရှင် အသိုင်းအဝိုင်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ကတည်းက အနုပညာရှင်ကြီး ဓားတန်းဦးသန့်က ဥရောပလက်ကွက်နဲ့ တီးခတ်တဲ့ စန္ဒရားလက်သံမှာ မင်းသား ရွှေမန်းတင်မောင်ရဲ့ “ပန်မြိုင်လယ်” ရှိခဲ့ဖူးသတဲ့။ အသံလည်း သွင်းခဲ့ဖူးသတဲ့။ ဒါပေမင့် အဲဒီ အသံသွင်းကြိုးခွေက အခုတော့ ပျောက်ချင်းမလှ ပျောက်၊ အစအနပင် မရှိလေရော့သလား။ ပန်းမြိုင်လယ် သာမက “ချစ်သမျှကို” ပတ်ပျိုးကြီး ကိုလည်း ဓားတန်းဦးသန့် တီးကွက်ကို သုတေသီ ပညာရှင်ကြီး ဦးခင်ဇော်(ဆရာကေ)ပင် မျက်ခုံးပင့် ကြည့်ခဲ့ရသတဲ့။
“ချစ်သမျှကို”ကို ယနေ့လက်ရှိ စန္ဒရားပညာရှင်ကြီး ဦးသိမ်းမောင်က အကျအန တက်ယူ ထားသတဲ့။ စန္ဒရားဦးသိမ်းမောင်ရဲ့ တီးကွက်တွေကို ဆရာလှုပ်နိုင်ရှားနိုင်တုန်း အသံသွင်းထားကြဖို့ မကြိုးပမ်းကြလေသလား။ အပြောတွေ များနေပြီး အလုပ်က ကပ်မပါတဲ့ သဘောလားမသိ။ ဦးသိမ်းမောင်ဆီမှာ ချစ်သမျှကို သာမက ပန်းမြိုင်လယ်ရော မြို့မငြိမ်းရဲ့ အိမ်သူပီပီ၊ ရွှေအိုးစည် စတာတွေလည်း ရှိဦးမှာပေါ့။ အများကြီး။ ဒါကိုဘယ်သူမှ မှတ်တမ်းတင် ထားဖို့ မစဉ်းစားကြသေးတာ အံ့သြစရာ။
“ချစ်သမျှကို”ကို လွန်ခဲ့သော နှစ် ၄၀ ဝန်းကျင်က မြန်မာ့ရုပ်သံကနေ မြို့မငြိမ်းမြေး ပါရမီရွှန်းလက်သံနှင့် လွှင့်တာကြားဖူးတယ်။ ဒီလိုနဲ့ မြန်မာ့ရုပ်သံမှာ မန္တလေးက အဆီအနှစ်တွေ အများကြီးရှိသေးတယ်။ အခုအချိန်မှာ ထုတ်သုံးဖို့ ကောင်းတာပေါ့…။ တီးလုံး…၊ သီချင်း…၊ အငြိမ့်ခန်း… စတာတွေ…။
နောက်ပြီး “ချစ်သမျှကို”ကို ၂၀၀၀ ပြည့်နှစ် မြို့မစိန်ရတုမှာ တစ်ခန်းရပ်ပြဇာတ် ဇာတ်ဝင်အဖြစ် “ပါရမီရွှန်း” ပဲ တီးခဲ့တာမဟုတ်လား။ စိန်ရတုမှတ်တမ်းလည်း မြန်မာ့ရုပ်သံက ရိုက်သွားသေးတာပဲလေ။
ပြောချင်တာက ပညာရှင်တွေ ရှိတုန်း ယူကြပါ။ ကူးကြပါ။ ပူဆာကြပါ။ ဒါက အဖိုးတန်အမွေအနှစ်တွေ။ ဧရာဝတီမြစ်ရေလို၊ သစ်တောလို၊ ကြေးနီတွေလို အဖိုးတန်ပါတယ်။ လုပ်နိုင်တဲ့ပစ္စည်း၊ ဓန၊ အခြေအနေ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေရှိမှာသေချာပါတယ်။ ဒီပညာရှင်ကြီးတွေဆီက အဖိုးတန်တွေရဖို့ လက်တစ်လုံးပဲ အချိန် ကျန်ပါတော့တယ်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ပန်းမြိုင်လယ်