ပျောက်ဆုံးနေဆဲ မြန်မာ့သတင်း လွတ်လပ်ခွင့်

 

ဖေဖော်ဝါရီ-၂၉-၂၀၂၄

SN (VOM)

မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းတွေ သိရှိပိုင်ခွင့်အခြေအနေဟာ လက်ရှိအချိန်အထိ ရုန်းကန် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တစထက်တစ ကျဆင်း ယိုယွင်းလာခဲ့တယ်လို့ အကဲခတ်တွေက ထောက်ပြထားပြီး သတင်းမီဒီယာသမားတွေ အနေနဲ့ သတင်းရယူ ရေးသားဖော်ပြရာမှာ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုတွေ၊ အကြမ်းဖက် ခံရမှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သုံးနှစ်တာကာလအတွင်း သတင်းမီဒီယာတွေ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရပြီး သတင်းသမားတွေရဲ့ အသက်ရှင်သန် ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေက ပိုပြီးတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

“မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်က ကမ္ဘာ့နိုင်ငံ ၁၈၀ လောက်မှာ ၁၇၆ လောက် ရောက်နေတယ်။ အောက်ဆုံးက လေးနိုင်ငံထဲ ပါနေတာရယ်၊ ကမ္ဘာမှာ ဒုတိယအများဆုံး သတင်းသမားအဖမ်းခံရတဲ့ နိုင်ငံဆိုတာရယ်နဲ့တင် မှန်းဆကြည့်နိုင်တယ်။ ဘယ်လောက်ဆိုးသလဲဆိုတဲ့ဟာကို။ လက်တွေ့ အပြင်မှာလည်း သတင်းအလုပ်လုပ်ရင် ချက်ချင်း အဖမ်းခံရနိုင်တဲ့ အနေအထားဖြစ်နေတာ။ သတင်းမီဒီယာ ပီပီသသလုပ်ရင် ဘယ်ဘက်ကမှ မကြိုက်ကြသလို အသက်အန္တရာယ်လည်းရှိတော့ သတင်းသမားအလုပ်က မလုပ်သင့်တဲ့အလုပ်လို့တောင် မြင်လာကြတဲ့အနေအထား ဖြစ်လာနေတဲ့ အခြေအနေမျိုးပါ” လို့ ဝါရင့်သတင်းစာဆရာတယောက်က ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ ဆယ်စုနှစ် တခုစာလောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁ဝ နိုင်ငံထဲမှာ ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်တွေကို စောင့်ကြည့်နေတဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရာနဲ့ချီတဲ့ သတင်းမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေနဲ့ သတင်းဌာနတွေကို ပိတ်ပင်တာတွေ၊ သတင်းသမားတွေကို သတ်ဖြတ်တာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်လာခဲ့တယ်လို့ သတင်းသမားတွေက ပြောဆိုကြပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေဟာ အဆိုးရွားဆုံး အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဆိုပါတယ်။

“ကိုယ်ရေးချင်သလို စကားလုံးတွေကို လွတ်လွတ်လပ်လပ် သုံးနှုန်းခွင့် မရှိသလို သတင်းအချက်အလက်တွေကိုလည်း ကိုယ်သိတဲ့အတိုင်း ချပြလို့ မရတဲ့ အခြေအနေမျိုးပါ။ ပြည်ပက သတင်းသမားတွေကတော့ တမျိုးပေါ့။ ပြည်တွင်းက သတင်းသမားတွေကတော့ ကျီးလန့်စာစားဘဝနဲ့ အစစအရာရာ သတိထားနေရတယ်” လို့ သတင်းထောက်တယောက်က ပြောပါတယ်။

ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေထဲမှာ အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ ရှိနေတဲ့ သတင်းသမားတွေ၊ သတင်းဌာနတွေနဲ့ လုံခြုံရေးအပြင် သတင်းရယူမှုပိုင်းတွေမှာလည်း ခက်ခဲနေကြတယ်လို့ သိရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ သတင်းစီးဆင်းမှု ရပ်တန့်နေခဲ့တဲ့အတွက် တိုင်းရင်းသား ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် (Access to Information) လည်း ဆုံးရှုံးနေပါတယ်။

“သတင်းသမားတွေရဲ့ ဘဝနေထိုင်မှု မလုံခြုံတာမှာ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက သတင်းသမားတွေက ထိခိုက်မှု ပိုများတယ်။ အထူးသဖြင့် ရခိုင်ဒေသဘက်က သတင်းသမားတွေရဲ့ ရပ်တည်မှုက ဒီအချိန်မှာ အဆိုးဆုံးအခြေအနေပဲ။ အချိန်မရွေး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုတာတွေ ရှိနေတဲ့အတွက် ကိုယ့်လုံခြုံရေး အခြေအနေကို ကိုယ်တိုင်ပဲဂရုတစိုက်နဲ့ နေနေရတယ်။ မိဘတွေကလည်း စိုးရိမ်မှုတွေ ရှိလာတော့ ဒီအလုပ် ဆက်မလုပ်ဖို့တောင် ဖိအားပေး ပြောဆိုတာတွေ ရှိနေတယ်” လို့ ရခိုင်အခြေစိုက် သတင်းသမားတယောက်က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နစက က သတင်းမီဒီယာ ၁၅ ခုလောက်ကို တရားဝင် ပိတ်သိမ်းခဲ့ပါတယ်။ သတင်းလုပ်ငန်းတွေကို ပိတ်သိမ်းပြီး သတင်းသမားတွေကို ဖမ်းဆီး တာတွေကြောင့် သတင်းသမားတော်တော်များများ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်ရှောင်ပြီးတော့ သတင်းလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြရတာပါ။ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ သတင်းသမားတွေအနေနဲ့လည်း ဖမ်းဆီးတရားစွဲဆိုမှုတွေအောက်မှာ တိမ်းရှောင်ရင်း သတင်းလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြတာရှိသလို အကြောင်းအမျိုးအမျိုးကြောင့် သတင်းသမားအလုပ်ကို စွန့်လွှတ်သွားသူတွေလည်း ရှိပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ သတ်ဖြတ်တာတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသားခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်တွေကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

“သတင်းရေးတဲ့အခါတိုင်း ဒီသတင်းက ကိုယ့်ဆီ ဘာအန္တရာယ် ပြန်ကျရောက်နိုင်လဲ ဆိုတာပါ ထည့်စဉ်းစားနေကြရတဲ့ အနေအထားမျိုးလည်း ဖြစ်နေတာပါ။ အဆိုးဆုံးလို့ ပြောနိုင်တယ်။ ဘာလို့ဆို အသတ်ခံရတဲ့အဖြစ်အပျက်တွေက မကြာခဏဖြစ်ပျက်နေတာမို့လို့။ လက်နက်ကိုင် ပဋိပက္ခတွေ ပိုအရှိန်မြင့်လာလေလေ သတင်းသမားတွေလည်း အသက်အန္တရာယ် ပိုကျရောက်နိုင်တာ သတိထားရမယ့် အချက်တချက်ဖြစ်ပါတယ်။ အခုအချိန်မှာ ရေးတာမကြိုက်ရင် တရားစွဲတာမျိုးထက် အသက်အန္တရာယ်အထိ ကျရောက်နိုင်တဲ့ခေတ်လို့ ပြောရမယ်ထင်တယ်။ မီဒီယာလွတ်လပ်ခွင့်က လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်နေတာနဲ့အတူ ကျဆင်းနေဦးမယ်လို့မြင်တယ်” လို့ ဝါရင့်သတင်းစာဆရာက ပြောပါတယ်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ရဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ အခုအချိန်အထိ သတင်းသမား ငါးယောက်ကို သတ်ဖြတ်ခံခဲ့ရပြီး ၁၇၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာ လတ်တလော အသတ်ခံရတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ သတင်းထောက်ဟောင်းတယောက်ဖြစ်တဲ့ သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟနဲ့အတူ ဖမ်းဆီးခံထားရတဲ့ တခြားအမျိုးသား ခြောက်ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချထားပါတယ်။

UNESCO နဲ့ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တို့ကလည်း အဲ့ဒီ့ ဖြစ်စဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါသေးတယ်။ သတင်းထောက် ဖိုးသီဟဟာ ရခိုင်ပြည်၊ မြောက်ဦးမြို့၊ မြေမြှုပ်သတ်ဖြတ်ခံခဲ့ရတဲ့အတွက် တရားမျှတမှုရှိစေဖို့အတွက် ကျူးလွန်သူတွေကို အရေးယူပေးဖို့ UNESCO အကြီးအကဲက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုထားပါတယ်။

“မြတ်သူထွန်း အသတ်ခံရတာကို ရှုတ်ချပါတယ်။ သူသေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကျူးလွန်သူတွေကို တရားမျှတမှု ပေးဆောင်ဖို့ တိုက်တွန်းပါတယ်။ ပြည်သူလူထုထံ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလတ်တွေကို ယူဆောင်လာရာမှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ သတင်းထောက်တွေအပေါ် ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရပါ” လို့ UNESCO အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ပြောပါတယ်။

အလားတူ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း သတင်းထောက် ဖိုးသီဟကို သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က “သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ အပြစ်ပေးခံရခြင်း ယဉ်ကျေးမှုဟာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ပြီး သတ်ဖြတ်ခြင်းကိုရပ်ကာ သတင်းထောက်တွေကို အကာအကွယ်ပေးရမယ်” လို့ တောင်းဆိုထားပါတယ်။

သတင်းထောက် ဖိုးသီဟကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည် မြောက်ဦးမြို့ရှိ သူ့ရဲ့နေအိမ်မှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုကာ မြောက်ဦးမြို့မရဲစခန်းမှာ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ကိုမြတ်သူထွန်း (ခေါ်) ဖိုးသီဟဟာ ပြည်တွင်းသတင်းဌာနတွေနဲ့ ဒေသတွင်း သတင်းဌာနတချို့မှာ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်ကတည်းက သတင်းထောက်အလုပ်ကို ရပ်နားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရချိန်မှာတော့ ကလေးကစားစရာ အရုပ်ဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်နေသူဖြစ်တယ်လို့ သိရပါတယ်။

သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းဟာ DVB၊ The Voice၊ 7Day News နဲ့ ရခိုင်အခြေစိုက် သတင်းဌာနတချို့မှာ ရခိုင်ပြည်သတင်းတွေကို ရေးသားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ရဲ့ နောက်ဆုံးထုတ် Global Impunity Index မှာ မြန်မာနိုင်ငံဟာ ဂျာနယ်လစ်တွေကို သတ်ဖြတ်လေ့ရှိပြီး နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက် အဆင့် ၉ နေရာမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် CPJ ရဲ့ ၂၀၂၃ စစ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေရဲ့ ဒုတိယအဆိုးရွားဆုံး အကျဉ်းစံနိုင်ငံလည်း ဖြစ်တယ်လို့ သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံထဲမှာ ပါဝင်ပြီး ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကို ဖမ်းဆီးမှုအများဆုံး ဒုတိယနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုထားပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW