ရန်ကုန် ၊ မတ် ၆ – ၂၀၂၄
GG(VOM)
မတ်လ ၅ ရက်နေ့ ညပိုင်းမှာ Meta ကုမ္ပီဏီရဲ့ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook ၊ Messenger ၊ Instagram နဲ့ ဆိုရှယ်အက်ပလီကေးရှင်းအချို့ မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား မှာ အချိန် တနာရီကြာအောင် အသုံးပြုလို့မရဘဲ ရပ်ဆိုင်းသွားတဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ် ။
မြန်မာနိုင်ငံမှာတော့ မတ်လ ၅ ရက်နေ့ ညပိုင်း ခန့်မှန်း ၉ နာရီ ၄၅ မိနစ်လောက်ကစပြီး Facebook ၊ Messenger ၊ Instagram အပါအဝင်အားလုံး အကောင့်ဝင်မရဘဲ Auto logout ဖြစ်သွားခဲ့တာဖြစ်ပြီး ဖြစ်ပွားချိန်ဟာ ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာမှ Facebook အပါအဝင် ကျန် Online social media app တွေကို ပြန်လည် အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လူအများစုက Facebook နဲ့ Messenger ကိုအဓိကသုံးတာကြောင့် Facebook ၊messenger အကောင့်တွေ ရုတ်တရက် အသုံးပြုလို့မရတဲ့အချိန်မှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
” ခဏလိုင်းပိတ်ပြီးပြန်ဖွင့်ချိန် Facebook က အော်တို logout ဖြစ်သွားတော့ ဟာဘာဖြစ်တာလဲပေါ့ဆိုပြီး ပြန်ဝင်တော့လည်းမရ၊ ဒါနဲ့ Facebook ကို ပြန် install လုပ် ပြန်ဒေါင်း ပြန်ဖွင့်အရပြန်၊ စကားဝှက်မှားလားပေါ့ ထပ်ဖွင့် မရပြန်ဘူး၊ ဒါနဲ့ ငါများ ဘာတွေရှယ်မိလို့ ဇူကာဘတ် ဘန်းပြန်လဲပေါ့့ဆိုပြီးစဥ်းစားရင်း မနေနိုင် တာနဲ့ viber ကနေ သူငယ်ချင်းကို စာပို့မေးတော့မှ တကမ္ဘာလုံးဖြစ်နေတာဆိုပြီးပြောမှ ရင်ထဲစိတ်အေးသွားရတယ်။အဲ့တော့လည်းဘယ်တော့ပြန်ရမလဲ စိတ်တထင့်ထင့်နဲ့အိပ်မရလို့ ထိုင်စောင့်နေတာ၊၁၀ နာရီ ၅၀ ကျော်တော့ ရသွားမှ အိပ်ပျော်တယ် ” လို့ Facebook အသုံးပြုသူ တယောက်က ပြောပါတယ်။
ဒီလို အသုံးပြုနိုင်မှု ရပ်ဆိုင်းသွားချိန်မှာ Facebook အကောင့်ကို Log In ဝင်ပါက “session expired, please log in again.” ဆိုတဲ့စာသားနဲ့ “Unable to log in. An unexpected error occurred. Please try logging in again.” ၊“password you’ve entered is incorrect.”ဆိုတဲ့ စာသားကိုသာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ Meta ကုမ္ပဏီပိုင်ရှင် Mark Zukerbergက သူတို့ရဲ့ Meta လူမှုကွန်ယက်စာမျက်နှာကနေ ” ဒီမနက်ပိုင်းမှာတော့ ငါတို့အဖွဲ့က application အချို့ကို အသုံးပြုခွင့်ရအောင် လုပ်ခဲ့ပါပြီ ၊ စိတ်ရှည်စွာသည်းခံစောင့်ဆိုင်းပေးတာကိုကျေးဇူးတင်ပါတယ် ” ဆိုပြီး ရေးသားထားပြီး အကြောင်းရင်းကိုတော့ အသေးစိတ်မထုတ်ပြန်သေးပါဘူး။
ခုလို Mark Zukerberg ပိုင် Social App တွေ ယာယီရပ်ဆိုင်းသွားတာကြောင့် Meta ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း မိနစ်ပိုင်းအတွင်း အရှိန်အဟုန် ထိုးကျသွားခဲ့လို့ ဇူကာဘတ်အနေနဲ့ အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ဆုံးရှုံးနိုင်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း အလားတူ Facebook ၊ Messenger ယာယီသုံးစွဲမရတဲ့ပြဿနာကြုံခဲ့ရပြီး အဲ့ဒီ တုန်းက အချိန် ၇ နာရီလောက်ကြာအောင် ပြတ်တောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Photo: Meta