မတ် ၂၀ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ဟာ လက်ရှိမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူဦးရေ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က “အကူအညီပေးဖို့က ခုချိန်က ရခိုင်မှာ တိုက်ပွဲတွေနဲ့ တခြားကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေကတော့ အများကြီးပဲ။ နိုင်ငံတကာက လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ မပြောနဲ့ ကျွန်တော်တို့ ဒေသတွင်းက လူမှုကူညီရေးအဖွဲ့တွေတောင် သွားဖို့လာဖို့ ခက်ခဲနေတာလေ။ အဲတော့ သိန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေအဖို့က တနေ့ထက်တနေ့ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာနေရတာပေါ့။ အငတ်ခံပြီး နေနေရတဲ့သူတွေတောင် ရှိတယ်” လို့ ပြောပါတယ်။
အခုလို ရခိုင်ပြည်နယ်မှာ လိုအပ်ချက်တွေနဲ့ သွားလာခွင့် ကန့်သတ်ချက်တွေ တိုးလာနေချိန်မှာ လူမှုကူညီရေး အဖွဲ့အစည်းတွေအနေနဲ့ ရိက္ခာထောက်ပံ့မှုနဲ့ ဝင်ရောက်ကူညီခွင့် ရရှိတဲ့နေရာတိုင်းမှာ စားနပ်ရိက္ခာပံ့ပိုးမှုနဲ့ တခြား အရေးကြီးတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို တတ်နိုင်သလောက် ပံ့ပိုးနေတယ်လို့ သိရပါတယ်။
“အားလုံး သိပြီးဖြစ်တဲ့အတိုင်း ဒေသတွင်း လမ်းခရီးသွားလာခွင့်ကို ပိတ်ထားတော့ ပိုဆိုးတာပေါ့။ ကုန်စည်တွေ ပြတ်တောက်နေတယ်။ အဲဒါကြောင့် ရခိုင်စစ်ရှောင်တွေရော၊ ဒေသခံတွေအတွက်က စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲဒဏ်ကို ဆိုးဆိုးရွားရွားကို ရင်ဆိုင်နေကြရတာပါ။ စစ်ရှောင်တွေကတော့ အဆိုးဆုံးပေါ့။ နောက်ပြီး စစ်ဘေးဒဏ်ကြောင့် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနေတော့ ဒီ့အတွက်ကိုလည်း စိတ်ဒဏ်ရာဆိုင်ရာ ဆွေးနွေးကုသရေးအပါအဝင် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ လိုအပ်နေပါတယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုတွေ များပြားလာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့က လူနေရပ်ကွက်တခုအတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရိုဟင်ဂျာ ရှစ်ယောက်ထက်မနည်း သေဆုံးပြီး ကလေးသူငယ် ငါးယောက်အပါအဝင် ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ စစ်တွေမြို့လယ်အတွင်းမှာ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူသေဆုံး ဒဏ်ရာရမှုဖြစ်ပွားတာဟာ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေဈေးကြီးအတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၁ ယောက်ဝန်းကျင် သေဆုံးခဲ့သလို အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo Crd: Original Uploader