ခရီးသွားရင် မှတ်တမ်း ရေးသွင်းပြီးမှ ခရီးသွားလို့ရမယ်

မတ် ၊ ၂၀ ၊ ၂၀၂၄
SP ( VOM)

ပြည်တွင်း ခရီးသွားတွေအနေနဲ့ ခရီးသွားလာတဲ့အခါ သက်ဆိုင်ရာ ကားဂိတ်တွေမှာ ခရီးသွားမှတ်တမ်း ရေးသွင်းဖြည့်စွက်ပြီးမှ သွားလာရမယ်လို့ မော်တော်ယာဥ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ( မစက) အဖွဲ့ဆီက သိရပါတယ်။

(မစက) အဖွဲ့ဝင်တယောက်က
” ပြည်တွင်းခရီးသွားတွေအနေနဲ့ ၊ ခရီးသွားတဲ့အခါ နိုင်ငံသား မှတ်ပုံတင် အပြင် ရပ်ကွက်ရုံး ဒါမှမဟုတ် ရဲစခန်း တခုခုရဲ့ ခရီးသွား ထောက်ခံစာ ယူဆောင်လာရမယ် ၊ နောက်ပြီး ခရီးသွား ကားလက်မှတ် ဝယ်ယူတဲ့အခါ သက်ဆိုင်ရာ ကားဂိတ်တွေမှာ ခရီးသည်ရဲ့ ကိုယ်ရေး အချက်အလက်တွေ ရေးသွင်းဖြည့်စွက်ရမယ် ၊ အဲ့ဒီ ရေးသွင်းရမယ့် အချက်အလက်တွေကတော့ ခရီးသည်ရဲ့ နာမည် ၊ အဖေနာမည် ၊ မှတ်ပုံတင်အမှတ် ၊ အမြဲတမ်းနေရပ်လိပ်စာ ၊ မိမိထွက်ခွာခဲ့တဲ့ နေရာ ၊ ဆိုက်ရောက်မယ့် နေရာ ၊ ဖုန်းနံပါတ် စတာတွေကို စာနှစ်စောင်ရေးသွင်းပြီး ၊ ထွက်ခွာတဲ့ နေရာမှာ တစောင်ထားခဲ့ရမယ် ၊ ကျန်တစောင်က မိမိဆိုက်ရောက်ရာဂိတ်မှာ ပေးရမယ် ၊ အဲ့ဒီလို ဆောင်ရွက်ရမယ်လို့ ဂိတ်တွေနဲ့ ခရီးသည်တွေကို နှိုးဆော်ထားတယ် ” လို့ ပြောပါတယ်။

မန္တလေး အဝေးပြေးကား ယာဥ်ရပ်နားစခန်းမှာရှိတဲ့ ကားလက်မှတ် အရောင်း ဌာန တခုက
” ပြီးခဲ့တဲ့ မတ် ၆ ရက် ၊ နေ့လယ် ၂ နာရီမှာ ဂိတ်အားလုံးကို (မစက) က အစည်းအဝေးခေါ်တယ် ၊ အဲ့ဒီ အစည်းဝေးမှာ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ခရီးသည်တွေရဲ့ ခရီးသွားမှတ်တမ်း ဂိတ်တွေမှာလုပ်ကြဖို့ ပြောတာရှိတယ် ၊ အဲ့ဒီ အစည်းဝေး ဆုံးဖြတ်ချက်ပါ ခရီးသည်တွေရဲ့ ခရီးသွားမှတ်တမ်းကို စတင်လုပ်ဆောင်နေတဲ့ ဂိတ်တွေရှိသလို အခုထိ မလုပ်ဆောင်နိုင်သေးတဲ့ ဂိတ်တချို့လည်း ကျန်နေသေးတယ် ” လို့ ပြောပါတယ်။

မန္တလေး – ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်မောင်း တယောက်က ” ယာဥ်ပေါ်မှာ လိုက်ပါမယ့် ခရီးသည်တွေရဲ့ ထိုင်ခုံနေရာနဲ့ နာမည် ၊ မှတ်ပုံတင် နံပါတ် ၊ ဆိုက်ရောက်နေရာ စတာတွေကို ကွန်ပျူတာလစ်နဲ့ ဂိတ်ကထုတ်ပေးလိုက်တယ် ၊ ခရီးစဥ်တလျောက် စစ်ဆေးရေးဂိတ်တွေ ရောက်တဲ့အခါ အဲ့ဒီ ခရီးသည်မှတ်တမ်းပြရတယ် ၊ သူတို့ လိုအပ်လို့တောင်းရင် မိတ္တူ တစောင်ပေးရတယ် ” လို့ ပြောပါတယ် ။

ပြည်တွင်းခရီးသွား ခရီးသည်တယောက်က
” အရင်က ခရီးသွားမှတ်တမ်း ရေးသွင်းဖြည့်စွက်ပြီးမှ ခရီးသွားရတဲ့ နေရာတွေက လေေကြာင်းတွေမှာပဲရှိတယ် ၊ ခု အဝေးပြေး ကားဂိတ်တွေမှာလည်း ရေးသွင်းဖြည့်စွက်နေရတာတွေရှိတယ် ၊ နေရာတိုင်း ၊ ဂိတ်တိုင်းတော့ မဟုတ်သေးဘူး ” လို့ ပြောပါတယ်။

မန္တလေး တံတားဦး လေဆိပ်မှာ ပြေးဆွဲနေတဲ့ ေလဆိပ် တက္ကစီ ကားသမားတယောက်က
” ပြီးခဲ့တဲ့ရက်ပိုင်းက လေဆိပ်တက္ကစီ သမားတွေကို ခရီးသွားလုပ်ငန်းနဲ့ ခရီးသည် လုံခြုံရေးဆိုင်ရာ သင်တန်းတွေ လေဆိပ်ကနေ ပေးတယ် ၊ မန္တလေးမှာ လေယာဥ် တက္ကစီ ကားအသင်း ရှစ်သင်းရှိတယ် ၊ အဲ့ဒီ သင်တန်းကို လေယာဥ်တက္ကစီ ကားသင်း တသင်းကို အနည်းဆုံး လူလေးယောက် တက်ရတယ် ၊ သင်တန်းတခါပေးရင် တက္ကစီသမား ၃၂ ယောက်ပေးတယ် ” လို့ ပြောပါတယ်။

အခုရက်ပိုင်းမှာ ပြည်တွင်းခရီးသွားတွေ များပြားလာသလို့ ခရီးသွား လုပ်ငန်းပိုင်ဆိုင်ရာ မူဝါဒတွေ ပြောင်းလဲလာတယ်လို့ သိရပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ မော်လမြိုင် ၊ မုံရွာ စတဲ့ မြို့ကြီးတွေရဲ့ နေ့စဥ် ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ခရီးသည် တသိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မုံရွာ အဝေးပြေးကားကွင်း ( ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW