ဆူးငှက်
မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီမြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့်မြောက်ကို ဒိုးလျှိုးပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့အနီးရှိ တောင်မြောက်မှ အရှေ့နောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာ ကျသော သဘာ၀ တံခါးမကြီးနေရာဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲကို ဖြတ်ကာ မန္တလေးမှ တဆင့် အနောက်ဘက် အိန္ဒိယပြည်မိုးရေးနယ်စပ်သို့ လည်းကောင်း၊ ရန်ကုန် တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ တဆင့် မန္တလေးကို ဖြတ်ပြီး ကလေး၊ မိုးရေးသို့ လည်းကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားသို့ လည်းကောင်း ဆက်သွယ် သွားလာရေး အတွက် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ် တစ်ဆစ်ချိုး နေရာသည်လွန်စွာ အရေးပါသည့် မဟာဗျူဟာမြောက် နေရာ တစ်နေရာလည်း ဖြစ်ပါ၏။
ထိုနေရာ၏ ဝန်းကျင်၌ မြို့ပြနိုင်ငံများ ထူထောင်ခဲ့ကြသည့် ခေတ်များတွင် အမြဲတမ်း သုံးစွဲနိုင်သည့် တံတာတစ်စင်း ကိုတည်ဆောက်ရန် ကိစ္စအား မိမိနန်းတော် လုံခြုံရေးကိုသာ စူးစိုက် အာရုံထားနေသော မင်းဧကရာဇ်များ အဖို့ မစဉ်းစားခဲ့သည်မှာလည်း သဘာဝကျ ပါသည်။ သို့သော် သက္ကရာဇ် ၈၀၄ ခုနှစ်တွင် စစ်ကိုင်း ထူပါရုံ စေတီဒါယကာ နရပတိမင်းသည် အင်းဝမှတစ်ဖက်ကမ်း စစ်ကိုင်းသို့ ဧရာဝတီမြစ်ကို ဖြတ်သန်း၍ သစ်သား ဝါးတံတားကြီး တစ်စင်း ယာယီ ထိုးခဲ့ဖူးသည် ဟုဆို၏။ စစ်ကိုင်းဘက်ကမ်းရှိ ထူပါရုံစေတီတော် ထီးတင်ပွဲသို့ အင်းဝဘက်ကမ်းမှ မင်း၊ မိဖုရား၊ မှူးမတ်များ နှင့်အတူ ပြည်သူအများကတံတားကို ဖြတ်သန်း သွားလာကာ ဆင်နွှဲခဲ့ကြသည်ဟု မှတ်သားရဖူးသည်။ သက္ကရာဇ် ၈၂၁ ခုနှစ်တွင် လည်း အလားတူ ယာယီတံတား ထပ်မံ တည်ဆောက်ကာ ဘုရားပွဲ ဆင်နွှဲခဲ့ကြသည်။ ဤကား သမိုင်းရာဇဝင်တွင် ပထမဦးဆုံး ဧရာဝတီမြစ်ကူး တံတားကြီးများ ဖြစ်ဖွယ် ရှိသည်။
မန္တလေး ရတနာပုံခေတ်တွင်ကား ထိုနေရာ၏ အချက်အချာကျမှုကို သဘောပေါက်သော အရာရှိကြီးများက ကူးသန်းသွားလာရေးအတွက် တံတားဆောက်မှုထက် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာနိုင်သည့် အောက် မြန်မာပြည် မှ အင်္ဂလိပ်ရေတပ်ရန်ကို ကာကွယ်နိုင်ရန် မြစ်တစ်ဖက်တစ်ချက်၌ ခံတပ်ကြီးများ ဆောက်လုပ်မှု၌သာ အားသာခဲ့လေသည်။ သို့သော် ထိုအစီအမံကလည်း မထိရောက်ခဲ့သဖြင့် ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးလည်း အင်္ဂလိပ် လက်အောက်လုံးလုံးလျားလျား ကျရောက်ပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး အင်္ဂလိပ် အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီးအပိုင် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။
နိုင်ငံရေး၊ စီးပွားရေးများကို အဓိက ချုပ်ကိုင် ချယ်လှယ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အင်္ဂလိပ် အုပ်ချုပ်ရေး အသားကျသွားသောအခါ စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ် တစ်ဆစ်ချိုးနေရာတွင် အမြဲတမ်းတံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ် ဘတ်တလာ က အုတ်မြစ်ချခဲ့သည်။ ၁၈၉၀ ခုနှစ် ကတည်းက ဖောက်လုပ် ပြီးစီးခဲ့သော စစ်ကိုင်း-ရွှေဘို မီးရထားလမ်း သည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့်တစ်ဆက်တည်း ဖြစ်သွားပေမည်။ ထိုအခါ ၁၈၉၉ ခုနှစ် ကတည်းက ဖောက်လုပ် ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။
ထို့နောက် ရွှေဘိုမှ မြစ်ကြီးနားသို့ မီးရထားလမ်းကို ဆက်လက် ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သော အင်းဝတံတားကြီးသည် ၂၉၄၈ ပေရှည်၍ ၁၀၂ ပေ မြင့်သည်။ တံတားမှာ သံဘောင် ပေါင်းကူး တံတားဖြစ်ပြီးရက်မကြီး ၉ခု၊ ရက်မလတ် ၁ခု၊ ရက်မငယ် ၆ ခုရှိသည်။ ရက်မကြီး တစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိကာ ရက်မလတ်မှာ ပေ၂၅၀ ရှည်သည်။ အပိုင်းဆက် ရက်မတိုမှာ ပေ ၆၀ စီ ရှည်ပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခဲ့သည်။
၁၉၂၇ခုနှစ်တွင် အုတ်မြစ်ချပြီး ၁၉၃၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည်ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့တွင် ဘုရင်ခံ ဆာဟျူးစတီဗင်ဆင် (Sir.Huge Stevenson) က အထူးမီးရထား ဘုရင်ခံစီး တွဲဖြူကြီးတွင် စီးနင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင်မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူးဖိနပ်အနက်နှင့် လက်၌ အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတားကြီးအား မီးရထားဖြင့် ဖြတ်သန်းခဲ့သည်။
ထို့နောက် တံတားတစ်ဖက် မဏ္ဍပ်၌ မန္တလေးကွန်ဗင့် ကျောင်းသူလေး တစ်ဦးက ဘုရင်ခံကို ပန်းစည်းဆက် ကြိုဆိုခဲ့သည်။ ထို့ နောက် တံတားဖွင့်ပွဲကို စည်တော်များ ရွှမ်း၍ ခမ်းနားစွာကျင်းပခဲ့၏။ ဘုရင်ခံကို ပန်းစည်ဆက် ကြိုဆိုခဲ့သူ ကွန်ဗင့်ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှား ကျော်ကြားမည့် သူလေးဖြစ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် သီချင်းရေး ဆရာ နန်းတော်ရှေ့ဆရာတင် က “တံတားကြီး ဆက်ပြီးပြီ၊ သွားမည့် ခရီးသည်၊ ငှက်သမ္ဗာန် ကူးတို့ဆိပ်က အိပ်ရရှာသည်၊အခုများ တလည်၊ မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်” သီချင်းရေးစပ်၍အလုပ်လက်မဲ့ ဖြစ်သွားကြသော ကျေးလက် ငှက်သမ္ဗာန်သမားလေးများ ဘက်မှ စာနာ ပေးခဲ့သည်။
၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုုပ်ဂျင်နရယ် ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ည(၁၂)နာရီ ထိုးရန် (၁)မိနစ် အလို၌ အင်းဝ တံတားကြီး အား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။ ထို့ကြောင့် တံတား ကုန်းအမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျပျက်စီးခဲ့သည်။ လွတ်လပ်ရေး ရသော်လည်း ပျက်စီး ပြတ်တောက်နေသော အင်း၀ တံတား ကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြ ရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့်ကူးကြရ၏။
၁၉၅၃ ခုနစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင် ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လဝီရိယဖြင့် အားကြိုးမာန် တက်ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက် နံနက်(၁၀)နာရီ ၃၀မိနစ်၌ ထိုအချိန်က နိုင်ငံတော် သမ္မတကြီးဒေါက်တာဘဦး ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇ သိန်းကျော်သည်ဟုဆိုသည်။
မီးရထားရော မော်တော်ကားပါ ဖြတ်သန်းနိုင်ခဲ့သော အင်းဝတံတားကြီးမှာ သက်တမ်း ၇၀ ကျော်ချိန်တွင် ပိုမို တိုးတက်များပြားလာမည့် ကူးသန်း သွားလာမှုများအတွက် လက်ရှိတံတားကြီး၏ ရေဆန်ဘက်ပေ ၂၀၀၀ အကွာတွင် ဧရာဝတီတံတား(ရတနာပုံ)ကို တည်ဆောက် ပြီးခဲ့ပြီ။
ဧရာဝတီတံတား (ရတနာပုံ)မှာ အရှည် ၅၆၁၄ ပေရှိပြီး ပင်မ သံပေါင် တံတားမှာ ၃၆၉၄ ပေရှိသည်။ မန္တလေးဘက်ကမ်း သံကူကွန်ကရစ် ချဉ်းကပ်တံတားမှာ ၁၁၄၀ ပေရှိကာ စစ်ကိုင်းဘက် ကမ်း သံကူ ကွန်ကရစ် ချဉ်းကပ်တံတားမှာ ၇၈၀ ပေရှိသည်။ပင်မတံတားတွင် ၃၆၇.၅ ပေရှိ အခန်း လေးခန်းနှင့် ၇၃၅ ပေရှိ သံပေါင်ခုံးတံတား အခန်းသုံးခန်း ပါရှိ၍ ခန်းပွင့် အကျယ်ဆုံးမြစ်ကူး တံတားကြီးလည်း ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂ရက်နေ့က သက်တမ်း နှစ်၉၀ တင်းတင်းပြည့်ပြီ ဖြစ်သော မူလ အင်းဝတံတားကြီးသည် သမိုင်းအရ တန်ဖိုးကြီးမားသော တံတားကြီး တစ်စင်းအဖြစ် တည်ရှိခဲ့လေပြီ။ မြန်မာနိုင်ငံ သမိုင်း၊ ဒုတိယကမ္ဘာစစ် သမိုင်းတို့တွင် ကမ္ဘာသိ ထင်ရှားခဲ့သော တံတားကြီးလည်း ဖြစ်ခဲ့သည်။ အထူးသဖြင့် အင်းဝတံတားထိပ်ရှိ သပြေတန်းခံတပ်သည် ယခုကဲ့သို့သော သံမဏိတံတားကြီး တစ်စင်းကို အင်္ဂလိပ်လူမျိုးတို့ ယခုနေရာ၌ တည်ဆောက် ခွင့်ရရှိခဲ့သည့်အထက်မြန်မာပြည် သိမ်းပိုက်ရေး ဗျူဟာကို ခုခံရာတွင် အရေးတကြီး စစ်ရေးဗျူဟာမြောက် နေရာတစ်ခု အနေနှင့်လည်းအထင်အရှား ဖြစ်သည်။
တကယ်တော့ သပြေတန်းခံတပ်၊ အင်းဝတံတား၊ စစ်ကိုင်း သာသနာ့နယ်မြေနှင့် နောက်ဆုံး မင်းနေပြည် မန္တလေးတို့၏ဆက်စပ်မှုမှာ နိုင်ငံခြားသား သုတေသီများ၊ ခရီးသွားများ စိတ်ဝင်တစား ရှိကြမည်မှာ သေချာသည်။ ထို့ပြင် အင်္ဂလိပ်က အနှစ်၁၀၀ ကျော် အုပ်စိုးခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ၏ စစ်မြေပြင်များတွင် အထင်အရှား ရှိခဲ့သည့် ကိုလိုနီခေတ်မြန်မာပြည်သမိုင်းတွင် ယခုအခါ သက်တမ်း နှစ်၉၀ပြည့် အင်းဝတံတား (ဝါ) စစ်ကိုင်းတံတား သည်လည်း အဓိကဇာတ်ကောင် ဖြစ်ခဲ့သည်မှာ အမှတ်ရဖွယ် ဖြစ်သည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #အင်းဝတံတား