နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရတဲ့ ဓမ္မသရွာကို နေရပ်ပြန်ဖို့ ခေါ်နေပေမယ့် စစ်ရှောင်တွေမပြန်ရဲကြသေး

မော်လမြိုင် ၊ ဧပြီ ၂၉ – ၂၀၂၄
GG (VOM)
တိုက်ပွဲကြောင်း လက်နက်ကြီးကျပြီး နေအိမ်ရာနဲ့ချီမီးလောင်ခဲ့ရတဲ့ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိ ဓမ္မသရွာမှာ လက်ရှိတိုက်ပွဲတွေမရှိတော့ဘဲတည်ငြိမ်အေးချမ်းနေပြီဖြစ်လို့ ဒေသခံတွေနေရပ်ပြန်ဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် အသိပေးနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ကတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေ အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့အတူလုပ်ဆောင်ပေးမယ့်အပြင် လိုအပ်တာတွေကိုပါကူညီပေးမှာဖြစ်လို့ နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်လည်နေထိုင်ကြဖို့ပြောဆိုထားပါတယ်။
ဒါအပြင် ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဓမ္မသရွာကိုသွားရောက်ပြီး ကျေးရွာထဲကျန်ရှိတဲ့ဒေသခံတွေကို ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာ၊ အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ငွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း (၁၆ )မျိုးပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဒေသခံစစ်ရှောင်တွေကတော့ နေရပ်မပြန်ရဲတာကြောင့် ခုချိန်ထိနေရပ်မပြန်ဘဲ မွန်ပြည်နယ်ထဲက မြို့တွေ၊ကရင်ပြည်နယ်ကမြို့တွေမှာစစ်ဘေးရှောင်နေကြဆဲဖြစ်လို့ စစ်ရှောင်တွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကူညီနေသူတဦးကပြောပါတယ်။
” ငါးသေတ္တာတကဒ်ပါမယ်၊အခုဓမ္မသရွာက ဘယ်လိုအခြေအနေရှိလဲဆိုအိမ်မှမရှိတော့တာဘယ်လိုပြန်ရမလဲ၊သူတို့ကတော့ ပြန်လာကြတော့ဆိုပြီးခေါ်နေတာပဲ။ဘယ်သူမှမပြန်ဘူး၊မပြန်ရဲကြဘူး။တနယ်လုံးခြောက်ကပ်နေတာ၊ကျနော်တို့လည်းမပြန်ရဲဘူး။အိမ်နဲ့ဝေးနေပြီ ” လို့ စစ်ရှောင်ကူညီနေသူကပြောပါတယ်။
ဓမ္မသ ရွာက စစ်ရှောင်တွေထဲက ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေဟာ လက်ရှိမှာဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေကြပြီး စစ်ရှောင်က ထောင်နဲ့ချီရှိတာကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ၊သောက်ရေ စတဲ့အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။
ကော့ဘိန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြောင့် မတ်လ ၂၇ ရက်နေ့မှာ ဓမ္မသရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ် ၃၀၀ ကျော်လောင် မီးလောင် ပျက်စီးခဲ့ရတာ ပါတယ်။
အဲဒီနောက်မှာ ဓမ္မသရွာထဲအထိပါတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာတာကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာပြီးအရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ရတာ ခုဆိုရင် တလကျော်ကြာရှိပြီဖြစ်တယ်လို့ဆိုပါတယ်။
စစ်ဘေးရှောင်ရတဲ့ကာလ တစ်လကျော်ကြာတဲ့အထိ နေရပ်ကိုမပြန်နိုင်သေးကြောင်း၊ မီးလောင်မှုမှာလည်းနေအိမ်တွေအပြင်နေအိမ်အတွင်းသိုလှောင်ထားတဲ့ ပစ္စည်းတွေလည်း မီးလောင်ကျွမ်း ခဲ့တာကြောင့် ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကအဓိကလိုအပ်နေ ပါတယ်။
Photo -မွန်ဝန်ကြီးချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW