အုတ်တွင်းမြို့နယ် တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေ

စက်တင်ဘာ ၁၈ – ၂၀၂၆
SN (VOM)
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာ ခြောက်ရွာဝန်းကျင်က ဒေသခံ အများအပြား တိမ်းရှောင်နေရပြီး ဒီကနေ့ စက်တင်ဘာ ၁၈ ရက်အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ဒဏ်ရာသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
“သေတာက PDF ငါးယောက်ရှိမယ်။ အဲဒီ ငါးယောက်အပြင် နောက်ထပ် ခြောက်ယောက် သေတာရှိတယ်။ အခုကတော့ ဒေသခံတွေက တော်တော်များများ ရွာပြင် ရောက်သွားကြပါပြီ။ အခြေအနေက မနေ့ကကတည်းကတော့ ပစ်သံခတ်သံတွေ မကြားရတော့ပါဘူး” လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေဟာ ရန်ကုန် – မန္တလေးအမြန်လမ်း ၁၄၄ မိုင်အနောက်ဘက်က ရွာတွေဖြစ်ပြီး လက်ရှိမှာ အစိုးရတပ်ဟာ ၁၄၄ မိုင်ဝန်းကျင်မှာလည်း လုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်၊ မနက် ၈ နာရီဝန်းကျင်ကစပြီး အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
“လောလောဆယ်ကတော့ လေယာဉ်သံတွေ တချက်တချက် ကြားနေရတာတော့ ရှိတယ်။ စစ်ကြောင်းကတော့ နောက်ချန် လုံခြုံရေးအဖွဲ့လောက်ပဲ ထားပြီး ထွက်သွားကြပါပြီ။
အင်အားအများအပြားတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ရုတ်တရက် ပစ်ကြခတ်ကြရင် ပြန်ထွက်မရမှာစိုးလို့ ဒေသခံတွေကတော့ ‌ကိုယ့်အိမ်ကိုယ် မပြန်နိုင်ကြသေးဘူး။ အခြေအနေ စောင့်ကြည့်နေရတုန်းပါပဲ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် ရွှေလောင်း၊ ဘိုကုန်း၊ အင်းဝိုင်း၊ ဇီးကုန်းနဲ့ ကရင်ကျေးရွာတွေက ဒေသခံ ၁၅၀၀ ဝန်းကျင်ဟာ အမြန်လမ်းရဲ့ အရှေ့ဘက်ခြမ်းက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးနီးစပ်ရာ အိမ်တွေနဲ့ လယ်တောတွေထဲ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“အကူအညီလိုတာကတော့ ဒေသခံတွေက နေအိမ်တွေကနေ ရုတ်တရက် ထွက်ခွာလာကြရတာဆိုတော့ ဘာမှ ပါမလာကြဘူး။ အဝတ်တထည် ကိုယ်တခုပဲ။ တချို့ဆို ဖိနပ်တောင်မှ ပါမလာကြဘူး။ အဲဒီတော့ စားစရာအပြင် အဝတ်အထည်တို့၊ ဖိနပ်တို့လည်း လိုပါတယ်။ အဓိက က စားရေးသောက်ရေးပါပဲ။ အစားအသောက်က ကုန်ဈေးနှုန်းကြောင့် အခက်အခဲရှိနေတယ်။ ဘုန်းကြီးကျောင်းတွေမှာ ရောက်နေကြတာကလည်း လူအင်အား ရာဂဏန်းလောက် ရှိတယ်။ နေ့စဉ်ကျွေးဖို့က အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။
အုတ်တွင်းမြို့နယ်က ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဘိုကုန်းကျေးရွာ စာသင်ကျောင်းအတွင်း အမည်မသိ လက်နက်ကိုင်တပ်တွေ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း

Related posts

VOM News

FREE
VIEW