ရန်ကုန်မှာ တရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး တယောက်သေ၊ ၁၀ ယောက် ဒဏ်ရာ ရ

မေ ၁၉ – ၂၀၂၄
SN (VOM)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဒီကနေ့ မေ ၁၉ ရက်နေ့ တရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တယောက်ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လှိုင်သာယာမြို့နယ် ယာဉ်တိုက်မှု ဖြစ်စဉ်ဟာ ရန်ကုန် – ပုသိမ်လမ်းမကြီး၊ ဘုရင့်နောင်ပန်းခြံရှေ့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး တက္ကစီယာဥ်မှ စက်ဘီးတစီးကို နောက်ကနေ ဝင်တိုက်မိခဲ့တာကြောင့် စက်ဘီးနင်းသူ အမျိုးသား နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ တက္ကစီယာဉ်မောင်း အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက သိရပါတယ်။
“တက္ကစီသမားက စက်ဘီးကိုဝင်တိုက်ပြီး ထွက်ပြေးတာ။ ထွက်ပြေးရင်းနဲ့ အဲဒီရဲ့ ဝါး သုံး၊ လေးပြန်စာလောက် အကွာအဝေးပေါ့၊ ပန်းခြံရဲ့ တဖက်မှာ လမ်းပြင်နေတာရှိတယ်။ အဲ့မှာ လမ်းထပ်ချဲ့ဖို့အတွက် တူးထားတဲ့ ချောက်ရှိတယ်။ ချောက်ဆိုပေမယ့် လမ်းချဲ့ဖို့အတွက် တူးထားတာဆိုတော့ အရမ်းကြီးတော့ မနက်ဘူးပေါ့။ အဲဒီ ချောက်ထဲကို တက္ကစီက ထွက်ပြေးရင်းကနေ ပြုတ်ကျသွားပြီးတော့ ရပ်ထားတဲ့ဘက်ဟိုးနဲ့လည်း ထပ်ဆောင့်မိတယ်။ ကားသမား ကားထဲမှာညပ်သွားတယ်၊ နဖူး‌ပေါက်တယ်၊ ခေါင်းလည်းကွဲသွားတယ်။ ခေါင်းက ငယ်ထိပ်တည့်တည့်ကနေ ဟက်တက်ကွဲသွားတာ။ သူက ခေါင်းကွဲ၊ ကားညပ် ဒဏ်ရာတွေနဲ့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်။ စက်ဘီးနင်းတဲ့ ကောင်လေးက ပွဲချင်းပြီးတယ်။ ကောင်လေးရော ကောင်မလေးရောက အသက် ၂၁ နှစ်ဝန်းကျင်လောက်ရှိမယ်။ ကောင်မလေးကတော့ အခုအချိန်မှာ ဘာမှတော့ မေးလို့မရသေးဘူး။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာနဲ့ မူးဝေနေတာပေါ့။ သူက စက်ဘီးနဲ့အတူ ပါလာတယ်လို့တော့ ထင်ရတာပဲ။ တက္ကစီသမားကတော့ သူ့ကားပေါ်မှာ သူတယောက်ပဲ ရှိတာ” လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
အသင်းအနေနဲ့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ကနဦးမှာ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ ဒဏ်ရာ ရရှိသူတွေကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
“‌လက်ရှိမှာ Dead Body ပဲ လှိုင်သာယာဆေးရုံမှာ ရှိတော့တာပေါ့။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောချင်တာက ကားသမားတွေ အနည်းနဲ့အများ အတတ်နိုင်ဆုံး ထိန်းမောင်းကြပါလို့ ပြောချင်တယ်။ ပြီးတော့ ဒီဖြစ်စဥ်က တက္ကစီကားသမားကလည်း သူက မြို့ထဲမှာပေါ့၊ နေရာအတိအကျကိုတော့ သေချာ မသိဘူး။ သူက မြို့ထဲမှာလည်း accidence ဖြစ်လာတာလို့ သိရတယ်။ သူတိုက်မိလာတဲ့ ဒီ့ပြင်ကားတစီးကို ပြန်ပြင်ပေးဖို့ဆိုပြီး လှိုင်သာယာကိုခေါ်လာတာ။ ခေါ်လာပြီး ဒီရောက်ခါမှ ရှောင်ပြေးတာပေါ့။ အဲ့လို ပြေးရင်းနဲ့မှ စက်ဘီးသမားကို ထပ်တိုက်တာ” လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ် ယာဉ်တိုက်မှု ဖြစ်စဉ်မှာတော့ ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော်တွေ အပါအ၀င် စုစုပေါင်း ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ဗိုလ်ခြံမှတ်တိုင်အနီးမှာ ဒီကနေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“အိမ်စီးကားတွေနဲ့ ဘုန်းကြီးကား တိုက်မိကြတာ။ သံဃာတော် နှစ်ပါးရယ်၊ အမျိုးသားတယောက်၊ အမျိုးသမီး ငါးယောက်၊ စုစုပေါင်း ရှစ်ယောက် ဒဏ်ရာရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်း ယာဉ်တွေက အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၃) ရပ်ကွက်၊ ဘေလီတံတားအဆင်းမှာ ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားတစီး မီးလောင်ပျက်စီးခဲ့ကာ အဲဒီဖြစ်စဉ်မှာ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အလားတူ မတ်လ ၆ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား မုခ်ဦးဝရှေ့မှာ ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက်နဲ့ ကလေးငယ်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၂၈ ရက်ကလည်း လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ မော်တင်လမ်းထောင့်မှာ ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် သေဆုံးခဲ့ကာ အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း/ CJ

Related posts

Leave a Comment

VOM News

FREE
VIEW