လားရှိုးမှာ ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ဒဏ်ရာရ

 

ဇွန် ၂၁၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၇၊ နယ်မြေ ၆၊ လမ်းသွယ် ၂၉ မှာ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လယ်က ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ၁၂ နာရီ ကျော်လောက်က ဖြစ်တာ။ လေးယောက်ထဲမှာ ဒဏ်ရာ ပြင်းထန်တာက ရှမ်း ကလေး လေး ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

နေ့လယ် ကျောင်းဆင်းချိန် ကလေး တယောက်က ဘယ်ကနေယူလာမှန်း မသိပဲ လမ်းမကြီးပေါ်လာ ဆော့နေတော့ ကလေးတွေက ဝိုင်းကြည့်ကြတာကို ဆော့နေတဲ့ ကလေးက လက်နဲ့ ရိုက်လိုက်တာမှာ ပေါက်ကွဲသွားတယ်လို့ သူက ပြောပါတယ်။ လက်နဲ့ ရိုက်လိုက်တဲ့ ကလေးကတော့ လက်ပြတ်သွားပြီး တခြားကလေးတွေလည်း ထိသွားတယ်လို့ ဆိုပါတယ်။

“ဗုံးပေါက်ကွဲ ပြီးတဲ့နောက် မေးကြည့်တော့ အဲဒီ ကလေးတွေ ဆော့နေတာ ၃ ရက်လောက်တောင် ရှိပြီတဲ့။ အဲဒီ ကလေးတွေ သွားယူတဲ့ နေရာ သွားကြည့်တော့ အလုံး ၂၀ လောက် ရှိနေတာ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ထိခိုက် ဒဏ်ရာရသွားတဲ့ ကလေးတွေ အသက် ၁၂ နှစ်၊ ၁၁ နှစ်၊ ၁၀ နှစ် နဲ့ ၅ နှစ် အရွယ် တွေ ဖြစ်ပြီး လက်ရှိ လားရှိုး ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ကလေးတွေ ဆော့ကစားရာမှာ လွှတ်မထား သင့်တဲ့ အပြင် တိုက်ပွဲ ဖြစ်ပွားဖူးတဲ့ နေရာ ဒေသတွေမှာ ကလေးတွေကို စစ်ကျန်လက်နက်၊ မိုင်း အန္တရာယ် အသိပညာပေးတာတွေ များများလုပ်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ေန့ နေ့ခင်းပိုင်းမှာလည်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယ ကျေးရွာအုပ်စု၊ မိုင်းယရွာမှာ ကလေး ငါးယောက် စစ်ကျန် လက်နက်ကျည် ကောက်ေဆာ့ရာက ပေါက်ကွဲသွားလို့ နှစ်ယောက်သေပြီး သုံးယောက် ထိခိုက်ဒဏ်ရာရဖူးပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #လက်ပစ်ဗုံး #ကလေးလေးယောက် #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW