ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေပြီလို့ ပြောပေမယ့် ခက်ခဲနေဆဲ

 

ဇွန် ၂၂ – ၂၀၂၄
SN (VOM)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဂျစ်တယ်အသုံးပြု ငွေသွင်း၊ ငွေထုတ်စနစ် အဆင်ပြေနေပြီလို့ ပြောပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဒီစနစ်ကို အသုံးပြုနေတဲ့သူတွေက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေမှုအတွက် ဒီဂျစ်တယ်ငွေပေးချေမှုကို တကြိမ်ကို ငွေကျပ် ၁၀ သိန်းနဲ့ တရက်ကို အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိသာ ဆောင်ရွက်နိုင်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားတာပါ။

ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ အရောင်းအဝယ်သမားတွေ၊ လုပ်ငန်းရှင်တွေကြား ဝေဖန်မှုတွေ များစွာ ရှိခဲ့ပြီး အခုလိုကန့်သတ်လိုက်တဲ့ ငွေသားပမာဏဟာ ငွေကျပ် သိန်း ၁၀၀ နဲ့အထက် အလုပ် လုပ်ရတဲ့သူတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်သလို တကယ့်လက်တွေ့ ငွေအလွှဲအပြောင်း ပြုလုပ်ရာမှာလည်း ခက်ခဲနေဆဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“ဘဏ်‌တွေက စပါယ်ရှယ်အကောင့်တောင် သိန်း ၂၀၀ ထက် ပိုမရဘူး။ အကောင့်နဲ့ လွှဲတာတောင် လက်မခံကြဘူး။ မနေ့က ကားဝယ်တာ ငွေရှာပေးရတယ်” လို့ အရောင်းအဝယ်သမားတယောက်က ပြောပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ ပြည်သူတွေအနေနဲ့ အခုလို အခက်အခဲဖြစ်ရတာဟာ တချို့သောဘဏ်တွေက ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ကို နားလည်မှုလွဲသွားတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ဗဟိုဘဏ် ညွှန်ကြားချက်က သိန်း ၂၀၀ ထက်ကျော်ရင် ဒီဂျစ်တယ်နဲ့ သုံးရမယ်လို့ ပြောထားတာ။ အဲဒါကို တချို့ ဘဏ်ကြီး နှစ်ဘဏ်၊ သုံးဘဏ်လောက်နဲ့ ဘဏ်အငယ်တွေက သဘောပေါက်လွဲပြီး မထုတ်ပေးတာပါ။ မနေ့ကတော့ အဲဒီဘဏ်တွေကို ဗဟိုဘဏ်မှာခေါ်ပြီးတော့ သေသေချာချာပြောပြီးပါပြီ။ ဒီကိစ္စ မရှိတော့ပါဘူး” လို့ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။

အခုလို ဒီဂျစ်တယ် ငွေပေးချေမှု ပမာဏ ကန့်သတ်ရခြင်းဟာ ငွေသားအသုံးမပြုတဲ့ ပေးချေမှုတွေနဲ့ ငွေပေးချေမှု စနစ်ပေါင်းစုံ အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မှုကို မြှင့်တင်ဖို့နဲ့ ငွေပေးချေတဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေ အသုံးပြုမှု မြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ငွေပေးချေမှုကို တရက်ကို အများဆုံး ငွေကျပ် သိန်း ၁၀၀ သတ်မှတ်ခြင်းအပြင် မိုလ်ဘိုင်းငွေကြေးစာရင်းတွေရဲ့ အမြင့်ဆုံး လက်ကျန်ငွေ ပမာဏကိုလည်း ကျပ်သိန်း ၁၀၀ အထိသာထားဖို့နဲ့ အဲဒီပမာဏထက် ကျော်လွန်ရင်တော့ ဘဏ်စာရင်းကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒါအပြင် ပေးချေမှုတွေမှာ အကြောင်းအရာ ဖော်ပြရမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု အကြိမ်အရေအတွက်ကိုလည်း ကန့်သတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

နစကအနေနဲ့ အခုလို ဒီဂျစ်တယ်ငွေကြေးနဲ့ ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ကျပ်ငွေ အသုံးပြုမှုနဲ့ ဘဏ်တွေကနေ ငွေသားထုတ်ပေးမှုတွေကို ဆက်လက် ကန့်သတ်လာနိုင်တယ်လို့လည်း ပြည်သူလူထုကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။

#voiceofmyanmar #VOM #ဒီဂျစ်တယ်ငွေပေးချေမှု #ခက်ခဲနေဆဲ

Related posts

Leave a Comment

VOM News

FREE
VIEW