သက်သာစျေးနူန်းနဲ့ ဆန်ရောင်းပေးမယ်လို့ ဆန်းပါးအသင်းချုပ် ကြေညာ၊ တနိုင်ငံလုံးရောင်းပေမယ့်နိင်မှ ဆန်စျေးကွက် ထိန်းချုပ်နိုင်ဖွယ်ရှိ

 

ဇွန် ၂၃ – ၂၀၂၄
GG (VOM)

ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေကို သက်သာတဲ့စျေးနူန်းနဲ့ ဆန်တွေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF က ဒီနေ့ဇွန်လ ၂၃ ရက်မှာထုတ်ပြန်ကြေညာပါတယ်။

ဆန်ကုန်သည်တွေအရေးယူခံရပြီး MRF ကတာဝန်ရှိသူတွေက ဆန်စျေးနူန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ခေါ်ယူမေးမြန်းမှု ရပြီးနောက်မှာ စားသုံးသူ ပြည်သူကို ဇွန်လ ၂၄ ရက်ကစပြီး ဆန်တွေထုတ်ရောင်းပေးမယ့်အကြောင်း ပြောဆိုလာတာဖြစ်ပါတယ်။

ဆန်တွေကိုထုတ်ရောင်းပေးမယ့်အစီအစဥ်က ရန်ကုန်တိုင်း တခုတည်းသာဖြစ်တဲ့အပြင် လိုအပ်သလောက်ပမာဏကို ဆိုင်တိုင်းမှာဝယ်ယူမရဘဲ ဘုရင့်နောင်ကုန်စည်ဒိုင် ၊ဝါးတန်းကုန်စည်ဒိုင်မှာသာ အကန့်အသတ်နဲ့ ဝယ်ယူနိုင်တာကြောင့် လက်ရှိဆန်စျေးကွက်ကျဆင်းနိူင်ဖွယ်မရှိဘူးလို့ ဆန်ကုန်သည်တွေကသုံးသပ်ပါတယ်။

” ဆန်မှမဟုတ်ဘူးဘယ်ပစ္စည်းမဆို ကိုယ်လိုချင်တဲ့အချိန်၊လိုအပ်သလောက်ကို ကိုယ်နေတဲ့ဒေသမှာ အချိန်မရွေးဝယ်ယူလို့ရနေရင် စျေးကမတန်တဆထိူးမတက်ဘူးဒါထုံးစံပဲ၊ အခုသူတို့က ရန်ကုန်တောင်မှ နှစ်နေရာပဲရောင်းပေးနိုင်တာ၊ဒါတောင်မှတ်ပုံ အိမ်ထောင်စုစာရင်းပြရအုံးမယ်ဆိုတော့စဥ်းစားကြည့်ပါ၊ ပြည်ကောက်ရောင်းပေးတဲ့လက်လီဆိုင်တွေလည်းမပြောဘူး၊အခုလို အိမ်ထောင်တစုကို ဆန်နှစ်အိတ်ရောင်းပေးမယ့်အစီအစဥ်ကိုတနိုင်လုံးလုပ်သွားနိူင်ရင်တော့ အတော်သင့်ပြေလိမ့်မယ်၊ဒါလည်းလူလတ်တန်းစားပဲပြေမယ်၊နေ့တိုင်း ပြည်ကောက်ဝယ်စား ရတဲ့သူတွေကတော့ မပြေနိုင်ဘူး၊အရင်ကလည်းသူတို့အရံဆန်တွေထုတ်ရောင်းပေးတာမျိုးလုပ်ခဲ့တာပဲ ၊ဆန်စျေးကွက်မကျတဲ့အပြင် ခုဘယ်စျေးဖြစ်လာလဲ သိနေတာပဲ ” လို့ ရန်ကုန်အခြေစိုက် ဆန်ကုန်သည်တယောက်က မှတ်ချက်ပြုပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရောင်းချပေးမယ့်ဆန်တွေ ရွှေဘိုပေါ်ဆန်းကို ၁၃၅၀၀၀ မှ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းကို ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထဆန်အုပ်စုကို ၇၀၀၀၀ မှ ၇၂၀၀၀ ကျပ်နဲ့ ဝါးတန်းကုန်စည်ဒိုင်ဉဘုရင့်နောင်ကုန်စည်ဒိုင်နှစ်ခုမှာ ရုံးဖွင့်ရက်တိုင်း မနက် ၉ ခွဲမှ ညနေ ၃ နာရီအထိရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဆန်လက်လီ ပြည်ကောက်အနေနဲ့ကတော့ ပေါ်ဆန်းတပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန်တပြည်ကို ၃၀၀၀ ကျပ်နူန်းရောင်းချပေးမယ်လို့သိရပါတယ်။

ဆန်အိတ်လိုက်ဝယ်ယူသူတွေကတော့ အိမ်ထောင်စုတစုကို တလအတွက် ပေါ်ဆန်အုပ်စုဝင် ဆန်တအိတ်၊ဧည့်မထဆန်တအိတ် ရောင်းချပေးမှာဖြစ်ပြီးဝယ်ယူမယ်ဆိုရင် အိမ်ထောင်စုဇယားမိတ္တူနဲ့အတူအိမ်ထောင်စုဇယားထဲမှာပါသူတယောက်က မှတ်ပုံတင်ယူဆောင်ကာလာရောက်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

” ဆန်အိတ်စျေးကတော့မဆိုးပါဘူး၊ပေါ်ဆန်းဆိုပြီး ဆန်သားည့ံတာတွေဖြစ်မှာလဲစိုးတယ်၊ ပြီးတော့သူတို့ကရန်ကုန်ပဲရောင်းပေးမယ်ဆိုတော့ အဆင်မပြေဘူး၊ကျမတို့နယ်ကလူတွေအတွက်လည်းခုလိုစီစဥ်ပေးသင့်တယ်၊ တနေရာတည်း ကွက်စီစဥ်ပေးလို့ကတော့ ဘာမှမထူးဘူး၊အခုကျမတို့နယ်ဘက်မှာဆန်ကြမ်းအုပ်စုဝင်ပဲ မှော်ဘီတပြည်ကို ၃၇၀၀ ရှိတယ်။ပေါ်ဆန်းဆို ၉၀၀၀ ပဲ၊ကျန်တဲ့ဆန်တွေက အဲ့ဒီစျေးတန်းကြားမှာရှိတယ်၊အခြေခံလူတန်းစားတွေက ၃၀၀၀ ကျော်အနိမ့်ဆုံးတောင်နပ်မမှန်ချင်ဘူး၊တနေ့ရတဲ့လုပ်အားခမှာဆန်ဖိုးကတဝက်လောက်သုံးရတယ် ” လို့ ပဲခူးတိုင်းက ပြည်သူတယောက်ကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဆန်ရောင်းချပေးတဲ့အစီအစဥ်ကိုတော့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၊မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့က ပူးပေါင်းဆောင်ရွက်လုပ်ဆောင်မှာဖြစ်ပါတယ်။

ဆန်လက်လီ ပြည်ကောက်ရောင်းချမှုအနေနဲ့ မေလကစပြီး ရန်ကုန်က လိူင်သာယာ၊အင်းစိန်၊ရွှေပြည်သာ၊မြောက်ဥက္ကလာအပါအဝင် (၁၈)မြို့နယ်မှ လက်လီဆိုင်(၅၈)ဆိုင် အပါအဝင် စက်မှုဇုန်တွေ၊ အစိုးရဝန်ထမ်းတွေကို ဆန်တစ်ပြည် ၃၀၀၀ ကျပ်နူန်းနဲ့ တစ်လကို ဆန်အိတ်ရေ နှစ်သိန်းလောက်ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

” သူတို့ ခုလိုအမြဲရောင်းနိုင်ရင်တောင်ရန်ကုန်ကလူပဲအဆင်ပြေမှာလေ၊ကျန်တဲ့ဒေသက အဆင်မပြေဘူး ၊ဒီတော့ဆန်စျေးကလည်းကျမှာမဟုတ်ဘူး၊ ကျနော်တို့ဆန်ကုန်သည်တွေကလည်းသူတို့သတ်မှတ်စျေးနဲ့ မရောင်းနိုင်ဘူး၊ကျနော်တို့ရောင်းနိုင်အောင်သူတို့စီစဥ်ပေးရင်တော့ဆန်စျေးကွက်ကိုလှုပ်ခတ်မှုရှိမှာပါ၊မဟုတ်ရင်တော်ကျနော်ပြောသလိုပဲမှောင်ခိုစျေးကွက်နဲ့ဝယ်ရောင်းဖြစ်လာမှာ” လို့ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်သူ တယောက်က သုံးသပ်ပြောပါတယ်။

လက်ရှိမှာတော့ နစကဘက်က ဆန်ကုန်သည်တွေ၊ဆန်ပွဲရုံ၊ဆန်ဂိုဒေါင်နဲ့ဆန်စက်တွေကို ဝင်ရောက်စစ်ဆေးနေပြီး သတ်မှတ်စျေးထက်ပိုရောင်းပါက ဖမ်းဆီးအရေးယူကာ ချိတ်ပိတ်မှုတွေလုပ်နေပါတယ်။

ဒါကြောင့် ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူအများစုက အခြေအနေကိုစောင့်ကြည့်နေကြပြီး စျေးကွက်ထိန်းပြီးသာအရောင်းအဝယ်လုပ်နေကြတယ်လို့သိရပါတယ်။

လက်ရှိ ပြင်ပဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၂၄ ပြည်တအိတ်ကို အမြင့်ဆုံး ၁၉၀၀၀၀ အထိရှိပြီး ဧရာပဒေသာဆန်က အနိမ့်ဆုံး ၁၅၀၀၀၀ ကျော်၊ အခြားပေါ်ဆန်းဆန်တွေက အနိမ့်ဆုံး ၁၂၀၀၀၀ကျပ်ကစရှိပြီး ဆန်ကြမ်းအုပ်စုဝင်တွေက ၈၀၀၀၀ ကျပ်ကနေ ၁၁၀၀၀၀ ကျပ်အထိရှိနေ တယ်လို့သိရပါတယ်။

Photo: ဖြူစင်ဆန်ရောင်းဝယ်ရေး

#Voiceofmyanmar #vom #MRF #ဝါးတန်းကုန်စည်ဒိုင် #ဘုရင့်နောင်ကုန်စည်ဒိုင် #ဆန်ထုတ်ရောင်း

Related posts

Leave a Comment

VOM News

FREE
VIEW