မူဆယ်မှာ ကျွဲခတ်လို့ တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

 

ဇွန် ၂၄ – ၂၀၂၄
SN (VOM)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှာ မနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက ကျွဲခတ်မှုကြောင့် တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျွဲခတ်မှုကြောင့် အသက် ၅၂ အရွယ် အမျိုးသမီးတယောက်ဟာ နံရိုးနဲ့ ရင်ဘတ်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကွတ်ခိုင်ဆေးရုံကို ပို့ဆောင် ဆေးကုသခဲ့ပေမယ့် ဒီကနေ့ ဇွန် ၂၄ ရက်၊ မနက်ပိုင်းမှာတော့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“နမ့်ဖတ်ကာကနေ ကျွဲကိုဝယ်လာပြီးတော့ ၁၀၅ မိုင်အရောက်မှာ ကျွဲကို ကားပေါ်ကချတဲ့အချိန်မှာ ဖြစ်တာ။ ကျွဲက ကားအောက် ရောက်ရောက်ချင်း ကမူးရှူးထိုး ပြေးပြီး နေရာအနှံ့က တွေ့တဲ့လူအကုန်လုံးကို လိုက်ခတ်တာ။ သေသွားတဲ့ အမျိုးသမီးရဲ့ ရင်ဘတ်ကိုလည်း ကျွဲက ဝင်တိုက်ပစ်လိုက်တာ။ အဲဒီကျွဲကို ဘယ်လိုမှ ထိန်းမရ၊ ပြန်ဖမ်းလို့မရလို့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်) က ပစ်ဖမ်းလိုက်ရတယ်” လို့ သူက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနဲ့ ရင်ဘတ် ပြင်းထန်ဒဏ်ရာ ရရှိသူ သုံးယောက်ပါဝင်ပြီး ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ပြောပါတယ်။

ပေါင်နဲ့ လက်ဒဏ်ရာ အနည်းငယ် ရရှိတဲ့ ၁၆ ယောက်ကိုတော့ (၁၀၅) မိုင် ဆေးခန်းနဲ့ ကြက်ခြေနီရုံး ဆေးခန်းတို့မှာ ဆေးကုသမှုပေးနေတယ်လို့ သူက ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ အနယ်နယ်အရပ်ရပ်မှ ကျွဲ၊ နွားတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ကို ကားနဲ့ တင်ဆောင်လာပြီး အဲဒီကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့ ရောင်းချကြပြီး ကုန်သွယ်မှုပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကလည်း တာချီလိတ်မြို့မှာ အသက် (၆ဝ) အရွယ် အမျိုးသားတယောက် ကျွဲခတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ဖူးကာ အဲဒီ ဖြစ်စဥ်ကတော့ ကျွဲကျောင်းရင်းကနေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ကျွဲခတ် #တယောက်သေ #၁၉ယောက် #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW