အရေးယူမှုတွေ ပြုလုပ်နေပေမယ့် စားအုန်းဆီဈေး မကျသေး

 

ဇွန် ၂၅ – ၂၀၂၄
SN (VOM)

ပြည်တွင်းမှာ စားအုန်းဆီ ရှားပါးလာပြီး ဈေးတွေ မြင့်တက်လာတာကိုထိန်းဖို့ နစက က စျေးတင် ရောင်းချသူတွေကို အရေးယူမှုတွေ ပြုလုပ်နေပေမယ့် ဆီဈေးနှုန်း ကျဆင်းမလာသေးဘူးလို့ စားသုံးသူတွေက ပြောပါတယ်။

စားအုန်းဆီကို ဘယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာတင်ပြီး ရောင်းချဖို့နဲ့ တခြားဆီတွေနဲ့ ရောနှောရောင်းချတာတွေ မလုပ်ဖို့ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်ခြင်းနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာလည်း စားအုန်းဆီ စျေးနှုန်းမြှင့်တင်ရောင်းချသူ ခုနစ်ယောက်ကို စားသုံးသူရေးရာဦးစီးဌာနက ဇွန် ၂၂ ရက်မှာ အရေးယူထားပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင် အစရှိတဲ့ အဖွဲ့တွေနဲ့ စစ်ဆေးနေသလို ဇွန် ၂၀ ရက်ကလည်း လက်လီ၊လက်ကား ရောင်းချသူ အယောက် ၄၀၀ ကျော်ကို ခေါ်ယူပြီး စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုဖို့ အသိပညာပေး ပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

“‌ဒီ အရေးယူ ဆောင်ရွက်ချက်တွေက ဈေးနှုန်း တကယ်ထိန်းနိုင်ရင်တော့ ကောင်းတာပေါ့။ အခုက ဆီက နိုင်ငံခြားကနေ တင်သွင်းရတဲ့အခါမှာလည်း အကန့်အသတ်ရှိနေတယ်။ ကိုယ်သွင်းချင်သလောက် သွင်းလို့မရဘူး။ ကိုတာတို့၊ ခွဲတမ်းတို့ သတ်မှတ်ပြီး ရောင်းတာကလည်း စားသုံးသူအတွက် ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ပြည်ပကနေ တင်သွင်းမှု ကန့်သတ်ပြီး ပြည်တွင်းမှာ ဆီပိုထုတ်နိုင်ဖို့ ဆိုတာကလည်း လတ်တလော အခြေအနေတွေအရ ဖြစ်နိုင်ခြေ မရှိဘူး။ အဲဒီလို ဖြစ်နိုင်ခြေမရှိတာကို သိသိကြီးနဲ့ ကန့်သတ်၊ လျှော့ချတာတွေ လုပ်တယ် ဆိုတော့ ပြည်သူတွေ စားအုန်းဆီ လုံလုံလောက်လောက်ရဖို့က ဒီ့ထက်ပိုပြီး ကြပ်သွားနိုင်တယ်” လို့ ဆီကုန်သည်တယောက်က ပြောပါတယ်။

စားအုန်းဆီဈေး မြင့်တက်လာတာဟာတင်သွင်းမှု ကန့်သတ်ချက်‌ကြောင့်အပြင် ဒေါ်လာဈေးနဲ့ သယ်ယူတင်သွင်းစရိတ်တွေ မြင့်တက်နေတာကြောင့် ပါဝင်သလို ‌ဈေးကွက်ထဲ ပစ္စည်းရှားပါးနေတာကြောင့်လည်း ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပက စားအုန်းဆီကို ကုမ္ပဏီ (၂၆) ခုနဲ့ လစဉ် တန်ချိန် သုံးသောင်းကျော် တင်သွင်းနေတာဖြစ်ပြီး လက်ရှိ နိုင်ငံတော်ရဲ့ မူဝါဒအရ ပြည်တွင်းမှာသုံးစွဲနေတဲ့ စားသုံးဆီလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချကာ တင်သွင်းခွင့်ပြုထားတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။

လူတယောက်ကို တရက်မှာ ၂ ဒသမ ၅ ကျပ်သားနှုန်းနဲ့ တွက်ချက်ကာ လိုအပ်ချက်ရှိတဲ့ ပမာဏရဲ့ ထက်ဝက်ခန့်ကိုပဲ တင်သွင်းခွင့်ပြုခိုင်းထားဖြစ်ပြီး ပြည်တွင်းက စားသုံးဆီထုတ်လုပ်တဲ့ ဆီစက်တွေကို အားပေးမြှင့်တင်ဖို့၊ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာစေဖို့နဲ့ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာလို့ အကြောင်းပြထားပါတယ်။

တဖက်မှာလည်း သတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ဖွဲ့စည်းထားတဲ့ ကုန်ဈေးနှုန်းကြီးကြပ်ရေး လုပ်ငန်းအဖွဲ့တွေကနေ ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အဲဒီလို ဆောင်ရွက်နေပေမယ့် ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ‌ လက်လီဈေးဟာ ရည်ညွှန်းဈေးရဲ့ နှစ်ဆဝန်းကျင် ရှိနေပြီး ဈေးမြင့်တက်နေဆဲဖြစ်ကာ ဝယ်ယူရခက်တဲ့ အခြေအနေလည်း ဖြစ်နေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

“ဆီကို သတ်မှတ်ဈေးနဲ့ ရောင်းပေးတယ် ဆိုတာကလည်း တန်းစီတိုင်းလည်း မရဘူး။ ခွဲတမ်းကလည်း အရင်က တယောက်ကို တပိဿာ ပေးပေမယ့် အခု ငါးဆယ်သားပဲ ပေးတော့တယ်။ အဲဒီ ငါးဆယ်သား ဆိုတာကလည်း လေးဆယ်သားလောက်ပဲပါတာ။ ဘယ်တော့မှ ဆီအပြည့်မရဘူး။ သူတို့သတ်မှတ်ဈေးနဲ့က ဟန်ပြပဲရောင်းပေးတာ။ ခွဲတမ်းနဲ့ ဝယ်မရလို့ အပြင်မှာဝယ်မယ် ဆိုတော့လည်း တပိဿာ တသောင်းနှစ်ထောင်ကျပ်တဲ့။ အဲဒီဈေးနဲ့တောင် ကိုယ်ဝယ်ချင်တိုင်း ဝယ်မရဘူး။ မရှိတာက များနေတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းရှိ မြို့နယ်တွေအပြင် မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ မကွေး၊ ဧရာဝတီ အစရှိတဲ့ တိုင်းဒေသကြီးတွေမှာလည်း စားသုံးဆီ လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စားအုန်းဆီဈေးကို နစက က ခွဲတမ်းဈေး တပိဿာ ၅၈၀၀ ကျပ် သတ်မှတ်ထားပေမယ့်လည်း မြေပြင်ဈေးကွက်မှာတော့ အကြွေ ၂၀၀ ကျပ် ပြန်မအမ်းနိုင်တဲ့အတွက် ၆၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေသလို တချို့သောဆိုင်တွေကတော့ ငွေ ၂၀၀ တန်ဖိုးနဲ့ညီမျှတဲ့ သကြားလုံးတွေ၊ မုန့်တွေ ပြန်အမ်းတာမျိုး ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြင်ပဈေးကွက် စားဆီပေါက်ဈေးတွေကတော့ နေရာဒေသအလိုက် တပိဿာ တသောင်းနှစ်ထောင်ကျပ်၊ တသောင်းလေးထောင်ကျပ်၊ တသောင်းငါးထောင်ကျပ်၊ တသောင်းရှစ်ထောင်ကျပ် စသဖြင့် ဈေးနှုန်းအသီးသီး ဖြစ်ပေါ်နေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

လက်လီဆိုင်တွေကတော့ အရင် ထွေ/အုပ်လက်ထက်က တရက်ကို ခွဲတမ်း ၅၅ ပိဿာ ရရှိခဲ့ပေမယ့် ကုမ္ပဏီစနစ် ပြောင်းသွားတဲ့အခါမှာတော့ တရက်ကို ခွဲတမ်း ပိဿာ ၅၀ လောက်သာ ရတဲ့အတွက် လုံလောက်မှု မရှိတော့ဘဲ ဈေးကွက်မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတာလို့ ပြောဆိုကြပါတယ်။

“ဆီက အရင် ခွဲတမ်း ၅၅ ပိဿာနဲ့တောင် မလောက်တာ။ ငါးပိဿာ ထပ်လျော့သွားတော့ ပိုဆိုးတာပေါ့။ တနေ့တနေ့ ဆီရမသွားတဲ့သူတွေ ပိုများလာတယ်။ တရက်နဲ့ တရက် လူမထပ်အောင် ရောင်းချပေးရမယ်လို့လည်း ကန့်သတ်ထားတော့ ကျွန်မတို့က တိုကင်နဲ့လည်း ရောင်းပေးတယ်။ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်းနဲ့လည်း ရောင်းပေးနေပါတယ်။ ရောင်းချထားတဲ့ စာရင်းတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြရတာတွေ လုပ်ရတယ်” လို့ စားအုန်းဆီ လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စားအုန်းဆီကို ပြည်တွင်းလိုအပ်ချက်အရ အရင်က အကန့်အသတ်မရှိ ဈေးကွက်စီးပွားရေးအတိုင်း တင်သွင်းခွင့် ပြုထားခဲ့ပေမယ့် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်မှာတော့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ကြီးကြပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက် ဇွန် ၁ ရက်နေ့မှ စတင်ကာ ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကနေ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချတဲ့စနစ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ဆီခွဲတမ်းရဆိုင်တွေကတဆင့် စားသုံးသူထံ ဖြန့်ဖြူးရာမှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု (သန်းခေါင်စာရင်း) နဲ့ ဖုန်းနံပါတ် ပေးမှ ရောင်းချပေးသလို၊ အုပ်ချုပ်ရေးမှူးရုံးတံဆိပ်၊ တိုကင်နံပါတ်နဲ့ ရောင်းချပေးကြတဲ့ ဆိုင်တွေလည်းရှိကာ ဧရာဝတီတိုင်းဘက်မှာတော့ လက်ဗွေရာ တောင်းယူတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါအပြင် လက်ရှိမှာ ပြည်တွင်းစားသုံးမှု ဖူလုံဖို့အတွက် အိန္ဒိယနိုင်ငံကနေ ထပ်မံတင်သွင်းလာတဲ့ စားအုန်းဆီ တန်ချိန် ၅၃၀၀ ရှိ ဆီတင်သင်္ဘောဟာ ကြည့်မြင်တိုင်ဆိပ်ကမ်းကို ဇွန်လ ၁၉ ရက်နေ့က ဆိုက်ကပ် ရောက်ရှိပြီးဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီ စားအုန်းဆီတင်သင်္ဘောကနေ ဆီသိုလှောင်ကန်တွေထဲ စားသုံးဆီတွေ ဖြည့်တင်းဆောင်ရွက်ခဲ့တာကြောင့် ရန်ကုန်မှာ ဆီတန်ချိန် လေးသောင်းကျော် ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အဲဒီ ဆီသင်္ဘော ရောက်ရှိလာပြီး နောက်ပိုင်းမှာလည်း ပြည်တွင်း ဈေးကွက်အတွင်း စားသုံးဆီဈေး ကျဆင်းလာခြင်း မရှိသေးသလို ဆီလည်း ရှားပါးနေဆဲဖြစ်ကာ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အခုတပတ်အတွက် သတ်မှတ် ထုတ်ပြန်တဲ့ စားအုန်းဆီ ရည်ညွှန်းဈေးဟာလည်း အရင်တပတ်ထက် ၅၅ ကျပ် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ဆီတန်ချိန် လိုအပ်ချက် တသန်းခန့်ရှိနေပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှ တန်ချိန် ခြောက်သိန်းကနေ ခုနစ်သိန်းကြား နှစ်စဉ် တင်သွင်းနေရပေမယ့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာတော့ နစက က ဆီတင်သွင်းမှုကို အကန့်အသတ်နဲ့သာ ခွင့်ပြုလာတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW