မိုးကုတ်နဲ့ မတ္တရာမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ စစ်ရှောင်နေရ

 

ဇွန် ၂၇ – ၂၀၂၄
GG + SN (VOM)

မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နဲ့ မတ္တရာမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က (၁၀၂၇) စစ်ဆင်ရေးရဲ့အဆက်လို့ ကြေညာပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) က နောင်ချိုနဲ့ ကျောက်မဲမြို့တို့မှာ တိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်နေတာကြောင့် မိုးကုတ်မြို့အပြင် မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ မတ္တရာနယ်ထဲအထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းမှာ ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းမှာလည်း TNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်အကြားတိုက်ပွဲတွေ ပြင်းထန်နေပြီးTNLA တပ်တွေက မြို့ထဲကကျပ်ပြင်ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ ရွှေမြင်ဝင်းဘက်မှာ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ရဲစခန်းနားကအိမ်တွေလည်းရှောင်ကုန်ကြပြီ၊ဘယ်အဖွဲ့ကရှောင်ခိုင်းတယ်ရယ်လို့တော့မဟုတ်ဘူး တိုက်ပွဲကပြင်းထန်နေတော့ရှောင်ကြတာ၊လွတ်မယ်ထင်တဲ့နေရာကိုရှောင်ကြတာပေါ့၊အနောက်ပိုင်းမှာက ကျပ်ပြင်ရဲစခန်းရှိမယ်၊ရွှေမြင်ဝင်းမှာစစ်တပ်တပ်စွဲထားတာရှိမယ်၊လုထိလည်းပစ်နေတာပဲ၊အပြင်ထွက်ဖို့ကမလွယ်ဘူး ဘယ်သူမှအာမမခံဘူးဆိုတော့မထွက်ရဲကြဘူး၊ဆိုင်တွေလည်းအကုန်ပိတ်၊မိုးကလည်းညကတည်းက မနက်အထိရွာတာ၊ခုမှနည်းနည်းရပ်သွားတာ၊ညကတော့လေကြောင်းနဲ့လာပစ်တာရှိတယ်” လို့ အနောက်ပိုင်း နေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာပြီး လေကြောင်းပစ်ခတ်မှုအပြင် မိုးကုတ်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဗျူဟာကုန်းကနေပါ အနောက်ပိုင်းကို လက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတာကြောင့် ရဲစခန်းအနီးနေထိုင်သူတွေနဲ့ ဒေသခံအချို့က ထွက်လို့ရတဲ့နည်းနဲ့ ခြေကျင်အပါအဝင် စစ်ရှောင်မှုရှိနေတယ်လို့သိရပါတယ်။

မိုးကုတ်အနောက်ပိုင်းကို ညကလေကြောင်းပစ်ခတ်မှုရှိခဲ့တာကြောင့် နေအိမ်အချို့ပျက်စီးခဲ့သလို အရပ်သားဒေသခံ သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူရှိခဲ့ပြီး တိုက်ပွဲအခြေအနေအရ မိုးကုတ်မြို့အရှေ့ပိုင်းကိုသွားလာဖို့မလွယ်တဲ့အတွက် ဆေးရုံကိုပို့ဆောင်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

လက်ရှိ မိုးကုတ်မြို့ အနောက်ပိုင်းမှာ စျေးဆိုင်တွေအားလုံးလည်းပိတ်သိမ်းထားတာကြောင့် အစာသအစာဝယ်ယူလို့မရတဲ့အပြင်အရေးပေါ် ဆက်သွယ်ဖို့အတွက်လည်း ဖုန်းငွေဖြည့်ကဒ်တွေဝယ်ယူမရသလို MPT ဖုန်းလိုင်းကလည်း နေရာတိုင်းမှာလိုင်းမမိတော့ဘဲ ဆက်သွယ်မရတဲ့အခြေအနေဖြစ်တယ် လို့သိရပါတယ်။

ဒါကြောင့် စာသင်သားအများအပြားအပြားရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ဘုန်းကြီးကျောင်းတွေအနေနဲ့လည်း ဆွမ်းကွမ်းအတွက် အခက်အခဲတွေရောက်နေရပါတယ်။

အနောက်ပိုင်းမှာတိုက်ပွဲပြင်းထန်လာတာကြောင့် မိုးကုတ်အရှေ့ပိုင်းနေထိုင်သူတွေကလည်း တာရှည်ခံအစားအစာတွေကို ကြိုတင်ဝယ်ယူစုဆောင်းမှုတွေရှိလာပြီး မလိုအပ်ဘဲနေအိမ်ပြင်ပထွက်တာမျိုးလည်းသိပ်မရှိတော့ဘူးလို့သိရပါတယ်။

” လက်နက်ကြီးတွေပစ်နေတာပဲ၊ အနောက်ပိုင်းက အခြေအနေဆိုးလာတော့အရှေ့ပိုင်းဘယ်တော့ရောက်လာမလဲမပြောနိုင်ဘူးလေ၊ဒီတော့ စားစရာတွေတော့ လူတွေစုပြုံဝယ်နေကြတယ်။ ဝယ်စရာရှိဝယ်ပြီးအိမ်အမြန်ပြန်ပေါ့၊ အနောက်ပိုင်းကနေ အရှေ့ပိုင်းလာတဲ့လမ်းကလည်း ခုဆိုမလုံခြုံတော့ဘူး၊အရဲစွန့်သွားလို့ ဖြစ်ရင်ကိုယ်ဖြစ်ကိုယ်ခံဆိုတော့ မသွားရဲကြဘူး” လို့ အရှေ့ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းနဲ့ အရှေ့ပိုင်းက ၇ မိုင်လောက်သာဝေးပေမယ့်လည်းလတ်တလောမှာတော့ တိုက်ပွဲကြောင့်သွားလာဖို့ခက်သွားသလို မန္တလေး – မိုးကုတ်လမ်းကလည်း ကားတွေသွားလာမရတော့ဘူးလို့သိရပါတယ်။

အဲဒီလိုပဲ မတ္တရာမြို့ (အရှေ့ခြမ်း) မှာလည်း ဇွန် ၂၅ ရက်မှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် သုံးရက်အတွင်း ဒေသခံ တသောင်းနီးပါး ရှိလာပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။

“စစ်ရှောင်က တော်တော်များလာတယ်။ ဒါတောင် သုံးရက်ပဲ ရှိသေးတယ်။ တသောင်းနီးပါး ဖြစ်လာပြီ။ မိုးတွင်းကြီးလည်း ဖြစ်တယ်၊ ရုတ်တကြီး ပြေးရလွှားရဆိုတော့ အဓိက ကတော့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်။ လတ်တလော နေထိုင်ဖို့အတွက်ကတော့ မတ္တရာက ဘုန်းကြီးတကျောင်းမှာ စီစဉ်ထားတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။

လက်ရှိမှာ မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ အင်ကြင်းမြိုင်၊ ဂွေးပင်၊ စလေ၊ မြစ်ကမ်း၊ ဆင်ရွာ၊ သဲဖြူချောင်း အပါအဝင် ဆည်တော်ကြီးချောင်း မြောက်ဘက်က ကျေးရွာ ဆယ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

“မြေပြင်စစ်ကြောင်းတွေရော၊ လေကြောင်း တိုက်ခိုက်မှုတွေရော အပြင်းအထန်ကို ဖြစ်နေတာ။ အင်ကြင်းမြိုင်ကျေးရွာ အခြေစိုက် အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို နစက က ပြန်ရဖို့လုပ်နေတဲ့ အနေအထားပေါ့။ ရှမ်းမြောက်က တကျော့ပြန် တိုက်ပွဲစတင်ပြီး နှစ်ရက်မြောက်မှာပဲ အဲဒီ လေကြောင်းရန် ကာကွယ်ရေးတပ်ကို နစက က လက်လွှတ်လိုက်ရတာ ဆိုတော့ အခု အဲဒါကို ပြန်ရဖို့ ကြိုးစားနေတာ။ လက်ရှိ မြို့ထဲမှာ လူသွားလူလာ ရှင်းသလောက် ဖြစ်သွားပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ TNLA နဲ့အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mdy PDF) အပါအဝင် မန္တလေးတိုင်းထဲက ဒေသခံ ပူးပေါင်းတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတာကြောင့် မြေပြင်မှာ စစ်ရေးပြင်းထန်နေတယ်လို့ သူက ပြောပါတယ်။

နစကတပ်ဖွဲ့အနေနဲ့ မတ္တရာမြို့ အဝင်၊ အထွက်၊ အနောက်လမ်းနဲ့ အရှေ့လမ်းတွေကို ပိတ်ဆို့ထားသလို စိုးမိုးမြောက်‌ပေါက်လမ်း၊ မတ္တရာ-ပင်းယျလမ်း၊ မတ္တရာ-မန္တလေးလမ်းပိုင်း၊ မတ္တရာ အနောက် ပိတောက်ပင်တံတား လမ်း၊ မတ္တရာ အနောက်တောင်-သံတံတားလမ်းတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #မတ္တရာ #တိုက်ပွဲ #ပြင်းထန် #ဒေသခံတွေ #စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW