မြဝတီမြို့အတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်

 

ဇွန် ၂၇ – ၂၀၂၄
SN (VOM)

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ အသုံးပြုနေတဲ့ ထို့ကော်ကိုးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် ပျက်စီးနေတဲ့အတွက် ကုန်တင်ကားတွေ သွားလာရ ခက်ခဲနေတာကြောင့် မြဝတီမြို့အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာသွန်းပြီး ကားလမ်းပျက်စီး ပိတ်ဆို့နေတဲ့အတွက် သတ်မှတ်ရက်အတွင်း ကုန်စည်တွေ မပို့ ဆောင်နိုင်တာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ပြည်တွင်းထက် အခြေခံစားကုန် ဆန်နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ဈေးနှစ်ဆကျော် မြင့်တက်လာတဲ့အပြင် အသား၊ ငါးဈေးတွေပါ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တရက်ဈေးဖိုးက အရင်ကထက် နှစ်ဆလောက်ကုန်နေတယ်။ အရင်က တရက်ကို တသောင်းဝန်းကျင်လောက်ပဲ ကုန်တာလေ။ အခု နှစ်သောင်းနီးပါးလောက်ကို ကုန်နေတာ။ ဆန်အဝင်နည်းလို့ ဆိုပြီး ဆန်ဈေးတွေလည်းတက်တယ်။ ပြီးတော့ ကိုယ်ဝယ်ချင်သလောက်လည်း ဝယ်လို့မရဘူး။ ပစ္စည်းပြတ်သွားမှာစိုးလို့ ထိန်းရောင်းနေရတယ်ပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆန်ကုန်သည်တွေကတော့ မြို့ထဲကို ဆန်ဝင်ရောက်မှု နည်းပါးလာတာဟာ ဇွန် ၁ ရက်မှစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးမှုတွေဖြစ်ခဲ့သလို ဒေါနတောင် လမ်းဟောင်းပိုင်းမှာလည်း မြေပြိုမှုတချို့ ဖြစ်ပေါ်ခဲ့တာကြောင့်လို့ ပြောဆိုကြပါတယ်။

ဒါအပြင် ဇွန်လ ဒုတိယအပတ်မှစတင်ကာ တောင်ပေါ်လမ်းဟောင်းရဲ့ အောက်ဘိုတဲနဲ့ အလယ်ဘိုတဲက ဂိတ်တွေမှာ မြဝတီမြို့ကိုတက်မယ့် ဆန်ကုန်တင်ယာဥ်တွေကို ဆိုင်ရဲ့ပြေစာပါမှ ဖြတ်သန်းခွင့်ပေးတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆန်ကုန်‌သည်တွေက ပြောပါတယ်။

“မိုးဆက်တိုက်ရွာထားတော့ ကားကြီး တက်မရဘူးဖြစ်နေတာ။ တောင်လည်းပြိုထားတော့ ပိုဆိုးနေတာပေါ့။ မြို့ထဲကို ဆန်မဝင်တာ သုံးပတ်ကျော် ရှိလာပြီ။ ပြီးတော့ ဆိုင်ရဲ့ပြေစာပါမှ ဖြတ်သန်းခွင့်ပေးတာဆိုတော့ မြို့ပေါ်မှာ ဆန်ရှားလာတာက ဒီအခက်အခဲကြောင့်လည်း ပါတယ်။ အဲဒါကြောင့် အကန့်အသတ်နဲ့ ထိန်းရောင်းနေရတာ” လို့ ဆန်ကုန်သည်တယောက်က ပြောပါတယ်။

လမ်းမပိတ်ခင်ကာလတုန်းက မြဝတီမှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် တသိန်းရှစ်ထောင်ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် နှစ်သိန်းကျော်အထိ မြင့်တက်နေသလို ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဇီယာ၊ ရွှေလက်ဝါးတို့မှာလည်း အရင်က တအိတ် တသိန်း သုံးထောင်ဝန်းကျင်ရှိရာမှ လက်ရှိမှာ တအိတ် တသိန်းငါးသောင်း ဝန်းကျင်အထိ မြင့်တက်လျက်ရှိတယ်လို့ သူက ပြောပါတယ်။

မြဝတီမြို့မှာ ရန်ကုန်ဘက်မှ တင်ပို့တဲ့ဆန်တွေကို အဓိကထား သုံးနေရပြီး လက်ရှိမှာ ဆန်ကားတွေ ဝင်ရောက်မလာနိုင်တာကြောင့် ဆန်ဆိုင်ကြီး ၃၀ နီးပါး အပါအဝင် အဲဒီ ဆိုင်တွေကနေ လက်ခွဲယူရောင်းတဲ့ ဆန်ဆိုင်အသေးတွေပါ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ကြက်သွန်နီဈေးမှာလည်း တပိဿာမှာ ၃၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ မြင့်တက်လာသလို ကြက်သွန်ဖြူဆိုရင်လည်း တပိဿာ ကျပ် တသောင်းဝန်းကျင်ကနေ တသောင်းသုံးထောင်ကျပ်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ စားအုန်းဆီဈေးမှာလည်း တလီတာကို ၄၀၀၀ ကျပ်ကနေ ၆၅၀၀ ကျပ် အထိ မြင့်တက်နေပြီး ပဲဆီကတော့ တလီတာ ၈၀၀၀ ကျပ်ကနေ တသောင်းကျပ်အထိ မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ခရီးသည်တင်ကားခတွေလည်း မြင့်တက်နေပြီး မြဝတီ- ရန်ကုန် လမ်းခရီးအတွက် ‌တယောက်ကို မြန်မာကျပ်ငွေ တသိန်းခုနစ်သောင်းမှ နှစ်သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်မောင်းတယောက်က ပြောပါတယ်။

အာရှလမ်းမကြီး ပိတ်ထားတဲ့အတွက် မြဝတီမြို့ကိုသွားဖို့ ဒေါနတောင်ကျော် တောလမ်းတွေကိုသာ အသုံးပြုနေရတဲ့ အခြေအနေမှာ ရာသီဥတုဆိုးရွားမှုကြောင့် တောလမ်းတွေ ပျက်စီးကုန်တဲ့အတွက် အဲဒီလမ်းပိုင်း အသုံးပြုသူတွေအနေနဲ့ ပြီးခဲ့တဲ့ မေလမှစတင်ကာ အရင် ကော့ကရိတ်-မြဝတီ လမ်းဟောင်းကို ပြန်လည် အသုံးပြုလာရခြင်းဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ လမ်းဟောင်းမှာလည်း လမ်းကျဥ်းတဲ့အပြင် မိုးရေတင်ကျန်မှုကြောင့် လမ်းပျက်စီးခြင်း၊ ညအချိန် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှု အန္တရာယ်ရှိခြင်းတို့ကြောင့် နှစ်ညအိပ်၊ သုံးညအိပ်ကနေ အများဆုံး ရှစ်ညအိပ်အခြေအနေအထိ ယာဥ်ကြောပိတ်ဆို့နေတတ်ပြီး သွားလာရခက်ခဲနေတယ်လို့ အဲဒီလမ်းကိုအသုံးပြုနေရတဲ့ မော်တော်ယာဥ်မောင်းနှင်သူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မြဝတီ #အခြေခံ #စားသောက်ကုန် #ဈေးနှုန်း #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW