အီသီယိုးပီးယား မြေပြိုမှု အလောင်း ၂၃၀ တွေ့ရှိထား

 

အာဒစ်အာဘာဘာ၊ ဇူလိုင်-၂၄-၂၀၂၄
မျိုးဆက်(VOM)

အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး အလောင်း ၂၃၀ ကိုတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂိုဖာဇုန်ရှိ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှု နှစ်ခုဖြစ်ပွာခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်နိုင်ခဲ့သူ ၁၀ ယောက်ကို ဆေးရုံပို့ထားပါတယ်။

အခင်းဖြစ်ပွားရာမှာ လူရာချီစုဝေးပြီး ရှာဖွေရေးတွေလုပ်ဆောင်နေကြကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ ရဲအရာရှိတွေပါဝင်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နေ့မနက်က မြေပြိုမှုဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဲတွေအပါအဝင် ဒေသခံတွေစုရုံးနေကြချိန်မှာ ဒုတိယအကြိမ်မြေပြိုမှု ထပ်ဖြစ်တယ်။ဒီမှာတင် သေဆုံးသူတွေ ပျောက်ဆုံးသူတွေ တိုးလာတယ်”လို့ ခရိုင်အစိုးရ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဂိုဖာဒေသဟာ တောင်အီသီယိုးပီးယားပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး မြို့တော် အာဒစ်အာဘာဘာနဲ့ ၃၂၀ ကီလိုမီတာဝေးပါတယ်။ ဒီဒေသဟာ မကြာသေးမီကာလတွေအတွင်း အထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုဒဏ် အဆိုးဆုံးခံနေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ ဆိုထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အီသီယိုးပီးယား #မြေပြိုမှု #လူ၂၃၀ကျော် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW