ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်

 

ဩဂုတ် ၁ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ညစျေးက ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို အလုံခရိုင်တရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

အဲဒီအမှုက တရားခံ ခြောက်ယောက်မှာ အမျိုးသား သုံးယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတယောက်ကို ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အမှုဖြစ်ပြီး ကိုးလအကြာမှာ အမိန့်ချနိုင်ခဲ့တာပါ။ အမိန့်ချတာကတော့ ဇူလိုင်လ ၃၀ ရက်နေ့ကပါ။ အဓိက တရားခံ သုံးယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

အဓိက တရားခံတွေဖြစ်တဲ့ ဖိုးသား (ခေါ်) ချစ်ကို၊ ကိုဖြိုးနဲ့ ခိုင်ကိုကိုမောင်တို့ သုံးယောက်ကို ပုဒ်မ ၁၇၀ အရ အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်အပြင် ပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့တာဖြစ်ပြီး တရားခံ အောင်ဇေယျာပိုင်၊ ကျော်သူဝင်း၊ မရွှေစင်တို့ သုံးယောက်ကို ပုဒ်မ ၄၁၁ အရ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့၊ ည ၇ နာရီ၊ မိနစ် ၃၀ ဝန်းကျင်က ကြည့်မြင်တိုင်ညဈေးကနေ ရွှေထည်ပစ္စည်းတွေနဲ့အတူ ဆိုင်သိမ်းပြီး အိမ်အပြန်မှာ ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးခံရပြီး နောက်တရက် အောက်တိုဘာလ ၉ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ဇီးရိုးမိုင်အနီးက မြက်တောထဲမှာ လက်ထိပ်နောက်ပြန်ခတ်၊ ပါးစပ်နဲ့ နှာခေါင်းကို တိပ်နဲ့ပတ်ပြီး လည်ပင်းမှာ ကြိုးနဲ့တုတ်ထားတဲ့ဒဏ်ရာနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ဓားပြတိုက်ခံရမှု ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အများဆုံး ဖြစ်ပွား ခဲ့ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ရွှေထည်နဲ့ ငွေကြေးတွေကို လုယက်တဲ့အပြင် လူသတ် အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ကလည်း တာမွေမြို့နယ်ရှိ “TK ရတနာရွှေဆိုင်” ကို လက်နက်ကိုင်သုံးယောက်က ဓားပြဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၆၀ဝ ကျော်နဲ့ ရွှေထည် ၁၉ ကျပ်သားခန့် လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုပဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ “ခန့်မြတ်ချယ် စိန်/ရွှေ ရတနာပစ္စည်းရောင်းဝယ်ရေး” ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်ကို သေနတ်နဲ့ပစ်ခတ်ကာ လူသုံးယောက်က ငွေကျပ် သိန်း တသောင်းခန့်တန်ဖိုးရှိ စိန်၊ ရွှေထည် ပစ္စည်းထည့်ထားတဲ့ အိတ်ကို လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သလို မြတ်မောင်ရွှေဆိုင်၊ ကြယ်စင်လင်း ရွှေဆိုင်၊ TT Diamond ရွှေဆိုင်တွေလည်း ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ သုံးနှစ်ကျော်ကာလအတွင်း ရွှေဆိုင်ဓားပြတိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၆၀ ကျော်အထိရှိခဲ့ပြီး မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇမ္ဗူရာဇ် #ရွှေဆိုင်ပိုင်ရှင် #အသတ်ခံရ #ရွှေထည်လုယူခံရမှု #တရားခံ #သေဒဏ် #ထောင်ဒဏ် #ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW