မာန်အောင်မှာ ဆေးဝါးပြတ်လပ်နေလို့ လူဦးရေခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေ

 

ဩဂုတ် ၁ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေလို့ လူဦးရေ ခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ဆေးဝါး ပြတ်လပ်နေတာဟာ နစကတပ်က ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဖြစ်သလို ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ဆီ ကုန်စည်တင်သွင်းမှုကို စက်သုံးဆီနဲ့ ဆေးဝါး ကန့်သတ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းတွေက အကုန်ပိတ်ခံထားရတာလေ။ အခုဆို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာသမားတွေအတွက်ဆေးက လုံးဝကို ရှာလို့မရတော့ဘူး။ ဆေးစွဲပြီး သောက်နေရတာလေ။ တချို့ ရောဂါသမားတွေဆို ဆေးပြတ်နေတာ နှစ်လနီးပါးလောက်ရှိပြီ။ အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ကုသနိုင်ဖို့ ဘီတာဒိုင်းဆေးရည်၊ အရက်ပြန်၊ ဂွမ်း၊ ပိုးသတ်ဆေးရည်၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ ပတ်တီးနဲ့ နှာစေး၊ ချောင်းဆိုးပျောက်ဆေးအပါအဝင် ဆေးဝါးအများစုလည်း ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

“CYLA က AA ဆီ မရောက်အောင်လို့ ပိတ်ဆို့ ဖြတ်တောက်မှုတွေကို လုပ်နေတာပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီရဲ့ သက်ရောက်မှုကို ပြည်သူတွေကပဲ အများဆုံး ခံနေကြရတာ။ ဆက်သွယ်သွားလာရေး လမ်းကြောင်းတွေ အကုန်လုံးလည်း ပိတ်ဆို့ခံထားရတယ်။ ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝ အခြေအနေတွေနဲ့ ကျန်းမာရေးကိစ္စတွေ အဆိုးရွားဆုံး ထိခိုက်လာနေတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် မာန်အောင်မြို့ရှိ ကုတင် ၅၀ ဆံ့ ဆေးရုံကြီးမှာလည်း ဆေးဝါးတွေ ပြတ်လပ်နေပြီး ကျန်းမာရေးဝန်ထမ်းအင်အားလည်း လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင်က အဲဒီ ဆေးရုံကြီးမှာ ဆရာဝန်ကြီးတယောက်၊ လက်ထောက်ဆရာဝန် နှစ်ယောက်နဲ့ သူနာပြုအပါအဝင် ဝန်ထမ်း ၁၀ ယောက်လောက် ရှိခဲ့ပေမယ့် ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် ဝန်ထမ်းတချို့ တိမ်းရှောင်နေတဲ့အတွက် လက်ထောက်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း လေးယောက်လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

မာန်အောင်မြို့ဟာ ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်တွေနဲ့မတူဘဲ ခရီးသွားလာရခက်ခဲတဲ့ မြို့တမြို့ဖြစ်ပြီး ရေလမ်းခရီး တခုတည်းကိုသာ အားထားနေရတာဖြစ်ပါတယ်။

လတ်တလော ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ ဆေးဝါးပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်နေတဲ့ ဆေးဝါးတွေကို အမြန်ဆုံး တင်သွင်းနိုင်အောင် ကြိုးပမ်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မာန်အောင် #ဆေးဝါးပြတ်လပ် #လူဦးရေ #ခြောက်သောင်းဝန်းကျင် #အခက်အခဲဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW