သောင်ရင်းမြစ်ဘေးက ဒုက္ခသည် ငါးထောင်ကျော် ရေဘေးဒုက္ခခံစားနေရ

 

ဩဂုတ် ၂ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ထိုင်း – မြန်မာနယ်စပ်မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်နံဘေးမှာရှိတဲ့ ဒုက္ခသည် ငါးထောင်ကျော် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

သောင်ရင်းမြစ် (ခေါ်) မိုရေးမြစ်က တောင်ကျရေတွေတက်လာတဲ့အတွက် အဲဒီ နယ်စပ်ရှိ ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ မြစ်ရေကြီးပြီး ကမ်းပါးတိုက်စားတာတွေကြောင့် အိမ်ခြေ အလုံး ၂ဝ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တောင်ကျရေ ရုတ်တရက်ကျလာတော့ ချက်ချင်းပြောင်းရွှေ့ဖို့ အဆင်မပြေဘူး ဖြစ်သွားတယ်။ စခန်းက သောင်ရင်းမြစ်ဘေးမှာလေ။ ကမ်းက တော်တော် ပြိုသွားတာ။ တချို့အိမ်တွေဆို ရွှေ့တောင်ရွှေ့ပေးရတယ်။ စားဝတ်နေရေး အခြေအနေကလည်း ဒုက္ခသည်များများလာတော့ အရင်ကထက် ပိုဆိုးတဲ့အခြေအနေမှာရှိတယ်” လို့ အဲဒီ ဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် မင်းလက်ပံ၊ ပလော့တပို့၊ သေ့ဘောဘိုး၊ လော့ခေါ်၊ ဝေါလေ၊ ကနဲလေးထ၊ ဘလယ်ဒိုရွာတွေကနေ မြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့သူတွေပါ ရေဘေးထပ်ကြုံနေရတာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေအတွက် ဆန်နဲ့စားနပ်ရိက္ခာတွေက ပုံမှန်လိုအပ်နေတာဖြစ်ပြီး အခုအခါမှာ အိမ်တွေပျက်စီးသွားတဲ့အတွက် အမိုးအကာနဲ့ တိုင်တွေပါ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေ ၅၀၀၀ နီးပါးမှာ ၃၀၀ ကျော်လောက်က ကလေးသူငယ်တွေဖြစ်ပြီး စစ်ဘေးရှောင်အားလုံးဟာ မြဝတီခရိုင်အတွင်းက တိုက်ပွဲတွေကြောင့် အိမ်မပြန်ရဲကြဘူးလို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိလည်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေတာကြောင့် အဲဒီစခန်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေပြီး ဆေးဝါး လုံလောက်မှုလည်း မရှိဘူးလို့ သိရပါတယ်။

ဒါအပြင် အဲဒီစခန်းအထက်ပိုင်းက သေ့ဘော်ဘိုး ဒုက္ခသည်စခန်းမှာလည်း သောင်ရင်းမြစ်ရေကြောင့် ဒုက္ခသည် နှစ်ရာလောက် ယာယီနေအိမ်တွေကနေ ကုန်းမြင့်ဘက်ကို အရေးပေါ်ရွှေ့ပြောင်းနေရပြီး အဲဒီဒုက္ခသည်တွေအတွက်လည်း စားနပ်ရိက္ခာတွေ အများအပြား လိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သောင်ရင်းမြစ် #ဒုက္ခသည် #ငါးထောင်ကျော် #ရေဘေးဒုက္ခ #ခံစားနေရ

Related posts

Leave a Comment

VOM News

FREE
VIEW